" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, February 19, 2023

ရိုဟင်ဂျာ ဒုက္ခသည်များအား ရိက္ခာခွဲတမ်း လျှော့ချခြင်းက “ကြီးမားသော အကျိုးဆက်” ဖြစ်လာနိုင်ဟု ကုလသမဂ္ဂ သတိပေး

မဇ္ဈိမ
17 February 2023


ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ရိုဟင်ဂျာဒုက္ခသည်များအရေး တုံ့ပြန်မှု ရန်ပုံငွေသို့ ရက် ရက် ရောရော လှူဒါန်းကြပါရန် လူ့အခွင့်အရေးကောင်စီက ခန့်အပ်သော ပညာရှင်များက ကမ္ဘာတစ်လွှားရှိ အလှူရှင်များကို တိုက်တွန်းထားသည်။

“စီစဉ်ထားတဲ့ ရိက္ခာခွဲတမ်း လျှော့ချမှုဟာ ရိုဟင်ဂျာတွေအတွက် အခြေခံလိုအပ်ချက်တွေကို ဖြေရှင်းပေးနေတဲ့ လုပ်ငန်းစဉ်တွေမှာ ရန်ပုံငွေ ထောက်ပံ့ဖို့ နိုင်ငံတကာအသိုင်းအဝန်းက ပျက်ကွက်နေမှုရဲ့ ဆိုးဝါးတဲ့ အကျိုးဆက်ပါပဲ”ဟု အထူးကိုယ်စားလှယ်နှစ်ဦးက ထုတ်ပြန်ချက်တွင် ဆိုသည်။ “ရာမဇန်ဥပုသ်ရက် မတိုင်မီ သီတင်းပတ်အနည်းငယ်အတွင်းမှာ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ခွဲတမ်းကို လျှော့ချတော့မှာ ဖြစ်တယ်၊ ဒါဟာ လက်သင့် ခံလို့ကို မရဘူး”ဟု ယင်း ထုတ်ပြန်ချက်က ဖော်ပြသည်။

ရိုဟင်ဂျာ ဒုက္ခသည်များအတွက် ခွဲတမ်းကို မတ်လတွင် ၁၇ ရာခိုင်နှုန်း လျှော့ချတော့မည်ဖြစ်ကြောင်း WFP က ကြေညာထားပြီး တကယ်၍ ဧပြီလအထိ လှူဒါန်းမှုသစ် မရှိလာခဲ့ပါက ပို၍ ဖြတ်တောက်မှုကို လုပ်ဆောင်ရဦးမည်ဖြစ်ကြောင်း သတိပေးသည်။ ရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ ၁၂၅ သန်းကို WFP က တောင်းဆိုလျက်ရှိသည်။

“ဒီ လျှော့ချမှုကို လုပ်ဆောင်လာရင် စားနပ်ရိက္ခာ မဖူလုံတဲ့ အားနည်းတဲ့ ရိုဟင်ဂျာတွေအပေါ် ထပ်တိုးသက် ရောက်လာမှာပဲ ဖြစ်တယ်၊ ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်တွေမှာ အာဟာရချို့တဲ့မှုနှုန်းက မြင့်တက်နေတာ ဖြစ်တယ်၊ နာတာရှည် အာဟာရချို့တဲ့မှုက ပြန့်နှံ့ဖြစ်ပေါ်နေတယ်”ဟု ကုလသမဂ္ဂ ပညာရှင်များက ပြော သည်။

“ဒီ ခွဲတမ်းလျှော့ချမှုရဲ့ ဂယက်ဟာ ချက်ချင်း ဖြစ်ပေါ်ပြီး ကာလရှည် ရိုက်ခတ်နေမှာပဲ၊ ဘာကြောင့်လည်းဆိုတော့ ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ ဝမ်းရေလိုအပ်ချက်တွေအတွက် အကူအညီတွေအပေါ် လုံးလုံးနီးပါး မှီခိုနေရတာ ဖြစ်လို့ပဲ”ဟု တွမ် အင်ဒရူးနှင့် မိုက်ကယ် ဖာခရီတို့က ထပ်လောင်းပြောကြသည်။

“အသက် ငါးနှစ်အောက် ကလေးတွေ၊ အပျိုပေါက်တွေ၊ ကိုယ်ဝန်သည်တွေနဲ့ နို့တိုက်မိခင်တွေ အပါအဝင် အားအနည်းဆုံး ဒုက္ခသည်တွေအတွက် အကြီးအကျယ် ရိုက်ခတ်တော့မှာ ဖြစ်တယ်”ဟု ၎င်းတို့က ပြောသည်။

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ လူမဆန်စွာ ဖြိုခွင်းမှုများအတွက် အများစု မွတ်စလင်ရိုဟင်ဂျာ ၇၀၀,၀၀၀ ကျော်ထက်မနည်းသည် အိုးပစ်အိမ်ပစ် ဘေးလွတ်ရာ ထွက်ပြေးကြရပြီး ယင်း ဖြိုခွင်းမှုကို ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲဟောင်းအပါအဝင် တော်တော်များများက လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ကြသည်။

ရိုဟင်ဂျာလူနည်းစု တစ်သန်းနီးပါးသည် ဘင်္ဂလားဒေ့ရှ်ရှိ လူပြည့်သိပ်သော ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရပြီး ယင်းသည် ကမ္ဘာ၌ အကြီးဆုံးသော ဒုက္ခသည်စခန်းပဲ ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */