" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, January 25, 2023

ဘင်္ဂါလီ နာမည်နောက်ကွယ်က နိုင်ငံရေးသတ်ကွင်း


မြန်မာအစိုးရအရာရှိတွေနဲ့ စစ်တပ်အရာရှိတွေဟာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ခါးခါးသီးသီး မုန်းကြတယ်။ တနည်းအားဖြင့်တော့ မုန်းချင်တဲ့ အချိန်မုန်းပြီးသုံးချင်တဲ့အချိန်တုန်းကတော့လည်း သူတို့ချစ်လို့ ကြံ့ခိုင်ရေးပါတီ အမတ်တောင်ခန့်ခဲ့သေးတာကိုလည်း တွေ့ရတယ်။ သူတို့မုန်းတော့မယ်၊ ရိုဟင်ဂျာ ဆန့်ကျင်ရေးကို စစ်ဆင်ရေး တခုလုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်ချိန်မှာ ဘင်္ဂါလီလို့ခေါ်ရမယ်လို့ ဦးသိန်းစိန်က အမိန့်ထုတ်လိုက်တယ်။ ဒေါ် အောင် ဆန်းစုကြည်အစိုးရကတော့ အစပိုင်းမှာ မရဲတရဲ ကျွဲပြဲစီးတဲ့ ထုံးစံအတိုင်း ရိုဟင်ဂျာလည်း မခေါ်၊ဘင်္ဂါလီ လည်း မခေါ် ရခိုင်မြောက်ပိုင်းက မွတ်ဆလင်ပဲ ခေါ်မလိုလို လုပ်တယ်။ ကိုဖီအန်နန် အစီရင်ခံစာမှာ အဲသလို သုံး ဖို့ပဲ ညွှန်းတယ်။ ဒါပေမယ့် နိုင်ငံတော် အတိုင်ပင်ခံစာမျက်နှာတွေမှာ ဇော်ဌေးက ဘင်္ဂါလီလို့သုံးတာကို မလွန် ဆန်နိုင်ဘူး။ နောက်ဆုံး အတိုင်ပင်ခံသတင်းထုတ်ပြန်ရေး စာမျက်နှာမှာ အတိုင်ပင်ခံသာပြုတ်သွားတာ တွေ့ရ တယ်။ ဘင်္ဂါလီတော့ မဖြုတ်ဘူး၊ အတိုင်ပင်ခံပဲ ဖြုတ်မယ်ဆိုပြီး အဖြုတ်ခံလိုက်ရလေသလားဆိုတာ ကာယကံ ရှင်တွေ သာ အသိဆုံးဖြစ်မှာပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဇော်ဌေး ဘယ်သူကရာထူးပိုကြီးသလဲလို့ ပြည်သူတွေ ထိုင်စဉ်း စားရတော့မယ့် အခြေအနေပဲ။
 
ပြည်တွင်းထုတ် သတင်းစာ၊ ဂျာနယ် တွေမှာ ရိုဟင်ဂျာ မသုံးဘဲ ဘင်္ဂါလီသုံးဖို့ အစိုးရကိုယ်တိုင်က ဖိအားပေးတာ တွေလုပ်တယ်။ အစိုးရနှစ်ရပ် စင်ပြိုင်ရှိနေတဲ့ မြန်မာပြည်မှာ ဘယ်အစိုးရက ဖိအားပေးနေသလဲဆိုတာကို ပြည် သူက မသဲကွဲဘူး။ အရပ်သား အစိုးရဟာ စစ်အစိုးရကို လေသံမာမာတောင် မပြောရဲသလို စစ်အစိုးရ လုပ် သမျှ အကာအကွယ် ပေးနေတော့ သူတို့အစိုးရနှစ်ရပ်အတူတူပဲလို့ သတ်မှတ်ရတော့မှာပဲ။ ပြည်သူကလည်း သူတို့ အ ချင်းချင်း အတူတူလို့ပဲ သတ်မှတ်လာကြတယ်။ ရိုဟင်ဂျာနာမည်မသုံးဖို့ အစိုးရက ဖိအားပေးလာ တဲ့အထဲ မှာ ပြည်ပ အခြေစိုက် သတင်းဌာနတွေကိုအထိ ပြင်းပြင်းထန်ထန်ဖိအားပေးလာတာလည်း တွေ့ရတယ်။ 
 
ရိုဟင်ဂျာနာမည်သုံးရင် အစိုးရ အရာရှိတွေက အင်တာဗျူးမပေးဘူးဆိုတဲ့ဖိအားမျိုး၊ စစ်ထောက်လှမ်းရေးက အ ကောင့် တုရာထောင်ချီဖွင့်ပြီး ပြည်ပသတင်းဌာနတွေရဲ့ ဖေ့စ်ဘုတ် အကောင့်တွေမှာ လှုံ့ဆော်တိုက်ခိုက် တာ မျိုးတွေ လုပ်လာတယ်။ ဒီ့ထက်ပိုထင်ရှားတာတခုကတော့ စကိုင်းနက်ကို ဖိအားပေးပြီး ဘီဘီစီရုပ်မြင်သံကြားကို ထုတ်လွှင့်ခွင့် ရပ်ဆိုင်းလိုက်တဲ့ လုပ်ရပ်ပဲ။ ဘီဘီစီ ရုပ်မြင်သံကြားကို ရိုဟင်ဂျာ နာမည်မသုံးရဘူးလို့တားလို့ ဘီ ဘီစီ ရုပ်မြင်သံကြား ရပ်ဆိုင်းတဲ့အထိဖြစ်သွားခဲ့တယ်။ ဘယ်မလဲ သတင်းစာလွတ်လပ်ခွင့်။

ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ကျနော်ဘာ့ကြောင့်သုံးသလဲလို့ မေးကြတယ်။ စစ်တပ်နဲ့ အစိုးရက ရိုဟင်ဂျာ စကား လုံးကို တူးတူးခါးခါး ဆန့်ကျင်တိုက်ခိုက်နေကြလို့ကို ကျနော်သုံးတယ်လို့ ပြောရင်လည်း မမှားဘူး။ စစ်အာဏာ ရှင်တွေနဲ့ အာဏာရပုဂ္ဂိုလ်တွေက လူတစုကို တဖက်သတ်ဖိနှိပ်နေပြီဆိုရင် အဲဒီအဖိနှိပ်ခံတွေဘက်က ရပ်တည် ရမှာပဲ။ ရိုဟင်ဂျာ နာမည် မသုံးသင့်ဘူးလို့ ကန့်ကွက်ကြသူတွေထဲမှာ စစ်တပ်နဲ့ ရခိုင်လူမျိုးတွေဟာ အများဆုံး ဖြစ်တယ်။ ရခိုင်လူမျိုးအများစုဟာ ဒီအရေးအခင်းနဲ့ ပတ်သက်လာရင် စစ်အာဏာရှင်တွေနဲ့ တသားတည်း ရပ် တည်ကြတယ်။

ရိုဟင်ဂျာ နာမည်မသုံးဖို့ ကန့်ကွက်ကြရာမှာ သမိုင်းစာအုပ်တွေလှန်ကြ၊ စွယ်စုံကျမ်းတွေလှန်ကြ၊ နောက်ဆုံး ဘယ် ချောင်ကြိုချောင်ကြားကမှန်းမသိတဲ့ စာရွက်တိုစာရွက်စက အစလှန်လှောကြတယ်။ကျနော့်အနေနဲ့  ရိုဟင်ဂျာ လို့ ခေါ်ဖို့ရာ ဘာသမိုင်းစာအုပ်မှ လှန်နေစရာမလိုဘူး။ လူမျိုးတမျိုးက သူတို့ကို ရိုဟင်ဂျာလို့ ခေါ်စေချင်တယ်။ အဲဒါ ကြောင့် သူတို့ကို ရိုဟင်ဂျာလို့ ကျနော်ခေါ်တယ်။ သူတို့ကို ဘင်္ဂါလီလို့ ခေါ်တာ မကြိုက်ဘူး၊ အဲဒါကြောင့် ဘင်္ဂါလီ မ ခေါ်ဘူး။ ဒါပါပဲ။

ရိုဟင်ဂျာ တသန်းကျော်ရှိတယ်လို့ အစိုးရကပြောတယ်။ အဲဒီလူတသန်းကျော်ဟာ ဘာအပြစ်မှမရှိဘူး။ အဲဒီ လူတ သန်းကျော်ဟာ ဘာဒုစရိုက်မှုမှ မကျူးလွန်ဘူး။ ဘာရာဇဝတ်မှုမှ မလုပ်ဘူး။ သူတို့ဟာ ခင်ဗျားတို့ ကျနော်တို့လို သာမန်လူတွေပဲ။ ARSA ကို ကျနော်မပြောဘူး။ ရိုဟင်ဂျာတွေ အတွက် ကျနော်ပြောပါတယ်။ ခင်ဗျားတို့ ကျနော် တို့လို သာမန်လူတွေဖြစ်ကြတဲ့ အဲဒီလူတသန်းကို ကျနော်တို့လေးစားရမယ်။ သူတို့ကြိုက်တဲ့ နာမည်ခေါ်ရမယ်၊ သူတို့မကြိုက်တဲ့ နာမည်မခေါ်ရဘူး။ ဒါဟာ လူလူချင်းထားအပ်တဲ့ လေးစားမှုပဲ။ လူလူချင်းစောင့်ထိန်းအပ်တဲ့ ယဉ် ကျေး မှုပဲ။ နိုင်ငံရေးစကားနဲ့ ပြောရရင် အဲဒါ အခြေခံလူ့အခွင့်အရေးပဲ။

အက်စကီးမိုးလူမျိုးတွေက သူတို့နာမည်ကို သူတို့မကြိုက်တော့ဘူး၊ သူတို့ကို အင်းညူးယစ်လို့ခေါ်ပါလို့ တညီ တညွတ်တည်း အဆိုပြုကြတယ်။ ယဉ်ကျေးတဲ့ ကမ္ဘာ့လူသားတွေ အားလုံးက သူတို့ကို အင်းညူးယစ်လို့ပဲ အ သိအမှတ်ပြုခေါ်ဝေါ်လိုက်ကြတာပဲ။ ဟာ..... အင်းညူးယစ်ဆိုတာ ကမ္ဘာပေါ်မှာ ဘယ်တုန်းကမှ ရှိဖူးတာမဟုတ် လို့ မခေါ်နိုင်ဘူးလို့ ဘယ်သူမှ ကဏ္ဍကောစ မလုပ်ဘူး။
 
ဒီသဘောပဲ။ ရိုဟင်ဂျာဆိုတဲ့လူမျိုး အရင်က သမိုင်းမှာရှိရှိ၊ မရှိရှိ၊ သူတို့က သူတို့ကို ရိုဟင်ဂျာလို့ ခေါ်စေချင်တာမို့ ရိုဟင်ဂျာလို့ပဲ ကျနော်ခေါ်တယ်။ တကယ်လို့များ သူတို့က သူတို့ကို အေဘီစီ လူမျိုးလို့ ခေါ်ပါဆိုရင်လည်း သူတို့ ခေါ်စေချင်သလို ကျနော်ခေါ်မှာပဲ။ သူတို့ကို ဒုက္ခပေးချင်တဲ့သူတွေက ခေါ်ခိုင်းတဲ့ နာမည်ကိုတော့ ကျနော် ခေါ် မှာ မဟုတ်ဘူး။

သူတို့က ဘင်္ဂါလီလို့ခေါ်တာကို ဘာလို့မကြိုက်တာလဲ။ ဘင်္ဂါလီလို့ခေါ်တာဟာ သူတို့ကို ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင် လာသူတွေပါလို့ စွပ်စွဲတဲ့ အဓိပ္ပာယ်မို့ သူတို့မကြိုက်တာပဲ။ ဦးသိန်းစိန် အစိုးရကရော သူတို့ကို ဘင်္ဂါလီလို့ပဲ ခေါ်ရမယ်လို့ ဘာ့ကြောင့် သတ်မှတ်လိုက်တာလဲ။ ရိုဟင်ဂျာ တွေကို စနစ်တကျ ဒုက္ခပေးတော့မယ်လို့ သူတို့ ဆုံး ဖြတ်ချက်ချပြီး စတင်ကြံစည်တဲ့အချိန်မှာ ဘင်္ဂါလီလို့ ခေါ်ရမယ်လို့ သတ်မှတ်လိုက်တာပဲ။ ရိုဟင်ဂျာနဲ့ လက် တွဲပြီး ရိုဟင်ဂျာမဲကို သူတို့နိုင်ငံရေး အကျိုးစီးပွား အတွက် အသုံးချမယ်လို့ကြံစဉ်က ရိုဟင်ဂျာလို့ပဲ သူတို့ကိုယ် တိုင်ခေါ် ခဲ့ ကြသေးတာပဲ။ ခုစာလေးကြော်၊ ခုဆီထမင်း၊ လိုရင်တမျိုး၊ မလိုရင်တမျိုး၊ အမျိုးမျိုးညစ်ပတ် အမျိုးမျိုး လိမ်ညာနေ တဲ့ ဒီတိုင်းဖျက်ပြည်ဖျက် စစ်အာဏာရှင်တွေကိုမှ ယုံချင်နေကြသူတွေကိုလည်း အံ့သြလို့ မဆုံးဘူး။

ရိုဟင်ဂျာတွေကို ဒုက္ခပေးပြီး ရခိုင်နဲ့ ဗုဒ္ဓဘာသာတွေရဲ့ ထောက်ခံမှုကို ယူမယ်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အသရေဖျက်မယ်၊ ဗုဒ္ဓဘာသာသံဃာတော်တွေထဲက ရွှေဝါရောင်စိတ်ဓာတ်ကို အမြစ်မကျန်ချိုးလှန် အပျောက် ရှင်းမယ်လို့ သူတို့ကြံစည်တဲ့အချိန်မှာ ဘင်္ဂါလီလို့ ခေါ်ရမယ်လို့ စပြီး သတ်မှတ်လိုက်တာပဲ။ ဘင်္ဂါလီလို့ခေါ် ရမယ် လို့ ဦးသိန်းစိန်က သတ်မှတ်လိုက်ပြီးတဲ့ နောက်ပိုင်းမှာ သူတို့ ပိုပြီးဒုက္ခရောက်တော့တာပဲ။ ဘင်္ဂါလီလို့ခေါ်ပြီး က တည်းက သူတို့လူတသန်းအားလုံးနိုင်ငံမဲ့ဖြစ်သွားတော့ တာပဲ။ ဘင်္ဂါလီလို့ခေါ်ပြီးကတည်းက သူတို့ကို မောင်း ထုတ်ဖို့ကြိုးစားတာခံရတော့တာပဲ။ ဘင်္ဂါလီလို့ ခေါ်ပြီးကတည်းက သူတို့အိမ်တွေ မီးရှို့ခံကြရတော့တာပဲ။ ဘင်္ဂါလီ လို့ ခေါ်ပြီးကတည်းက စစ်သားတွေသူတို့ရွာကို အမြောက်အမြားရောက်လာပြီး နှိပ်စက်ညှဉ်းပန်း တော့တာပဲ။

ဒါ့ကြောင့် ဘင်္ဂါလီဆိုတဲ့နာမည်ဟာ သူတို့အတွက် နိမိတ်ဆိုးဖြစ်တယ်။ ဘင်္ဂါလီဆိုတဲ့ နာမည်ဟာ သူတို့အတွက် သတ်ကွင်းဖြစ်တယ်။ ဘင်္ဂါလီဆိုတဲ့ နာမည်ဟာ သူတို့အတွက် သေတွင်းဖြစ်တယ်။ ဘင်္ဂါလီလို့ ခေါ်တာဟာ သူတို့ ကို သေမိန့်ပေးတာဖြစ်တယ်။ အပြစ်မရှိတဲ့သူတို့ကို စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်နေတာကို ထောက်ခံ ချက် ပေးတာနဲ့ ဘာမှမခြားဘူး။ ဒါ့ကြောင့် ဒီနာမည်ကို သူတို့ မကြိုက်ဘူး။

အခုတော့ သူတို့ကြိုက်တဲ့ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို မခေါ်နိုင်ဘူး၊ သူတို့ကို သေတွင်းပို့မယ့် ဘင်္ဂါလီနာမည် ပဲခေါ် မယ်လို့ ဇွတ်အတင်းပြောနေတာဟာ အင်မတန်ကို ရိုင်းစိုင်းလွန်းပါတယ်။ ဒါဟာ သူတို့ကို သေခိုင်းနေတာပဲ။ ဒါ ဟာ လူမျိုးတမျိုးကို စော်ကားတာပါပဲ။

ခိုးဝင်တွေမို့ သူတို့ကို ဘင်္ဂါလီလို့ခေါ်တယ်လို့ ပြောတယ်။ အဲဒီလူတသန်းလုံးဟာ ခိုးဝင်လာတဲ့သူတွေလား။ ဒါမှမ ဟုတ် ငါးသိန်းလား၊ တသိန်းလား၊ တသောင်းလား။ ခိုးဝင်လာကြောင်း ဘာသက်သေအထောက်အ ထားပြနိုင် သလဲ။ ဘာသက်သေမှ မပြနိုင်လို့ တဖက်နိုင်ငံကို ပြန်မပို့နိုင်တာပဲမဟုတ်လား။ ခိုးဝင်ကြောင်း သက်သေပြနိုင်ရင် ဘင်္ဂလားဒေ့ရှ်ကို ပြန်ပို့လိုက်ပေါ့။ ဖမ်းပြီးထောင်ထဲထည့်ထားလိုက်ပေါ့။ အခုတော့ သက်သေအထောက် အထား မပြနိုင်ပါဘဲလျှက် မသင်္ကာရုံသက်သက်နဲ့ လူတသန်းကို သိမ်းကြုံးပြီး ခိုးဝင် ဘင်္ဂါလီလို့ ပြောနေတာဟာ သေနတ် နဲ့ အာဏာကိုသုံးပြီး မတရားဖိနှိပ်နေတာပဲဖြစ်တယ်။
 
သူတို့ဟာ အိန္ဒိယနွယ်ဖွားတွေဖြစ်တယ်။ သူတို့အသားအရောင် သူတို့ရုပ်ရည်ဟာ ကျနော်တို့နဲ့ မတူဘူး။ ဒါဘာ ဆန်းသလဲ။ နယ်နမိတ်ဒေသတွေမှာ ဒါမျိုးတွေဖြစ်နေကျပဲ။ ဒါပေမယ့် သူတို့ထဲက အများစုဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုတာတောင် မပေါ်သေးခင်ကတည်းက မြန်မာနိုင်ငံထဲ ရောက်နေကြတဲ့သူတွေ ဖြစ်တယ်။ ကျနော်တို့နဲ့ ရုပ် ရည်မတူ၊ အသားအရောင်မတူလို့ နိုင်ငံသားလို့ မခေါ်ချင်ဘူးလား။ ဒါဆို ရှမ်းပြည်ကိုလည်း ထိုင်းနိုင်ငံထဲ ပေါင်း ခိုင်းလိုက်ပါလား။ သူတို့ချင်းပိုမနီးစပ်ဘူးလား။ သွေးကိုကြည့်၊ အမျိုးကိုကြည့်ပြီး အယုတ်အမြတ်ခွဲခြား တာ ဟာ နာဇီဝါဒဆိုတာ မမေ့အပ်ဘူး။

ကောင်းပြီ။ ခိုးဝင်လာတဲ့သူတွေရှိနေပြီဆိုပါတော့။ အဲဒီလူတသန်းထဲမှာ ခိုးဝင်လာတဲ့သူတွေ ပါနေပြီ ဆိုပါတော့။ ဘာလုပ်မလဲ။ ပင်လယ်ထဲကန်ချမလား။ ထောင်ထဲထည့်ထားမလား။ ဒုက္ခသည် စခန်းထဲပိတ်ထားမလား။ အခု စစ်တပ်ကလုပ်နေသလိုမျိုး သေနတ်နဲ့ လိုက်ပစ်ပြီး ဒီနိုင်ငံထဲ မနေရဲအောင် ထပ်ပြီး မောင်းထုတ်မလား။ ဝန်ကြီး ဦးဖေမြင့်စီစဉ်တဲ့ ဆွေးနွေးပွဲတခုမှာ လူက တသန်းလောက်ဖြစ်နေလို့ပေါ့ဗျာ၊ တသောင်းလောက်ဆို ကျုပ်ကိုယ် တိုင် ပင်လယ်ထဲ ကန်ချဖို့ တိုက်တွန်းလိုက်မယ်ဆိုတဲ့ သူမျိုးပါတာကိုလည်း တွေ့လိုက်ရတယ်။ အဲဒါဟာ ဒေါ် အောင်ဆန်းစုကြည်ဆီကို ပို့မယ့် သဘောထားအမြင်တွေစုစည်းတဲ့ပွဲပါ။ စဉ်းစားကြည့်ကြပါ။ ဒီလောက် လူမဆန် အစွန်းရောက်တဲ့ အတွေးအခေါ်မျိုးဟာ အစိုးရရဲ့ခေါင်းပေါ်မှာ သန်းတွေတွယ်သလိုတွယ်နေကြတယ်။

ခိုးဝင်လာတာ မသိလိုက်လို့ ဒီနိုင်ငံထဲကို ရောက်လာပြီ၊ ခိုးဝင်လာကြောင်း သက်သေလည်း မပြနိုင်ဘူးဆိုရင် သူ တို့ကို နိုင်ငံသားအဖြစ်လက်ခံရမှာပဲ။ ကိုယ်စီမံခန့်ခွဲမှု အသုံးမကျလို့ ဒီပြဿနာတွေ ပေါ်လာပြီးမှ လူသတ်ဖြေ  ရှင်းနေတာဟာ လူလိုသိတဲ့လူတွေရဲ့ လုပ်ရပ်မဟုတ်ဘူး။ လူသတ်မှုနဲ့ မသင်္ကာတဲ့သူကိုတောင် သံသယအကျိုး ခံ စားခွင့်ပေးရတယ်။ သူတို့ကိုလည်း ကိုယ့်အစိုးရအသုံးမကျလို့ သက်သေရှာမရရင် နိုင်ငံသားအဖြစ် အသိအ မှတ်ပြုရမှာပဲ။ အပြစ်မရှိတဲ့လူတယောက်ကို နှိပ်စက်ညှဉ်းပန်း ဒုက္ခပေးခွင့်မရှိဘူး။ လူကိုလူလိုသိဖို့ အရေးကြီး တယ်။ လူကိုလူလိုသဘောထားဖို့လိုတယ်။ အဲဒီလူတွေဟာ ခင်ဗျားတို့ကျနော်တို့လို သာမန်လူတွေပဲဆိုတဲ့ အ ချက်ဟာအရေးကြီးတယ်။ ခင်ဗျားတို့ကျနော်တို့ဟာ ဗုဒ္ဓဘာသာမိဘကမွေးလို့ ဗုဒ္ဓဘာသာဖြစ်လာတယ်။ သူတို့ဟာ မွတ်ဆလင်မိဘက မွေးလို့ မွတ်ဆလင်ဖြစ်လာတယ်။ ဒါပဲကွာတယ်။ ဒါကိုအကြောင်းပြုပြီး ဒီလူတသန်းကို မောင်း ထုတ်ပစ်၊ ဒီလူတွေကို သတ်ပစ်၊ ဒီလူတွေရဲ့ အိမ်ကိုမီးရှို့ပစ်လို့ ပြောရင် အဲသလိုပြောတဲ့လူဟာ လူမဆန်တဲ့ သူပဲ ဖြစ်လိမ့်မယ်။

ရိုဟင်ဂျာကို ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေမပေးနိုင်ဘူးလို့ ပြောနေကြတယ်။ မပေးချင်မပေးနဲ့။ အဲဒါဟာ သာ မန် လက်လုပ်လက်စား သာမန်ရိုဟင်ဂျာတယောက်အတွက် ဘာမှ အရေးမကြီးဘူး။ ရိုဟင်ဂျာကို တိုင်းရင်းသား အဖြစ် အသိအမှတ်မပြုနိုင်ဘူးလို့ ပြောတယ်။ ဒါလည်း မပြုချင်မပြုနဲ့။ ရသေးတယ်။ ခင်ဗျားတို့ ကျနော်တို့တိုင်း ရင်းသားဖြစ်နေလို့လည်း ဒီတိုင်းပြည်မှာ ဘာမှထူးပြီး အခွင့်အရေးရနေတာ မဟုတ်ဘူး။ ဒီတိုင်းပြည်မှာ စစ်ဗိုလ် နဲ့ခရိုနီဖြစ်ရတာက တိုင်းရင်းသားဖြစ်ရတာထက်ပိုပြီး အခွင့်အရေး ရတယ်ဆိုတာ လူတိုင်းသိတယ်။

 တိုင်းရင်းသားမပေးလို့လည်း ဘာမှမဖြစ်ဘူး။ ဒါပေမယ့် နိုင်ငံသား ဖြစ်ခွင့်ပေးရမယ်။ တခြားနိုင်ငံသားတွေနဲ့ တန်းတူ၊ အဆင့်တူဖြစ်တဲ့ အပြည့်အဝ နိုင်ငံသားဖြစ်ခွင့်ရှိရမယ်။ တိုင်းရင်းသားမဖြစ်လို့ တဆင့်နိမ့်နိုင်ငံသားပဲ ရမယ်ဆိုတာမျိုး လုပ်ရင် ဒီပြဿနာ မပြေလည်နိုင်ဘူး။ ကိုယ်ကျင့်တရားမကောင်းမွန်ရင် အရုပ်သိမ်းခံရမယ် ဆိုတဲ့ ခွဲခွဲခြားခြားနိုင်ငံသား (ပြုနိုင်ငံသား) မဖြစ်ရဘူး။ လူကြားထဲလေလည်မိရင်တောင် အရုပ်သိမ်းခံရနိုင်တဲ့ ဆီစိမ်စက္ကူလို ပါးပါးလှပ်လှပ် နိုင်ငံသားမဟုတ် ရဘူး။ တိုင်းရင်းသားမပေးချင်ရင် ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေ ကိုပြင်ပါ။ အပြည့်အဝနိုင်ငံသားအဖြစ် လက်ခံပါ။ ဒါဟာ ကိုဖီအန်နန် အစီရင်ခံစာက ထောက်ပြထားတဲ့ အချက် လည်း ဖြစ်ပါတယ်။

လူကိုလူလိုသိပါ။ လူနဲ့တန်တဲ့ အခွင့်အရေးပေးပါ။ ကျန်တဲ့လူတွေအားလုံးနဲ့ တန်းတူရည်တူ အခွင့်အရေးပေးပါ။ ခင်ဗျားတို့ ကျနော်တို့ တိုင်းရင်းသားပါဆိုတဲ့သူတွေအနေနဲ့ အပြစ်မရှိတဲ့ အဲဒီလူတွေကို အဲသလိုအခွင့် အရေး မျိုးပေးဖို့ တွန့်တိုနေရင် နောက်တခါ စစ်အာဏာရှင်တွေရဲ့ သေနတ်ပြောင်းဟာ ကျန်တဲ့ လူနည်းစုတွေ ဘက် လှည့်လာမှာပဲ။

ဒီပြဿနာဟာ တခြားဘယ်သူမှ လုပ်တဲ့ ပြဿနာမဟုတ်ဘူး။ စစ်အာဏာရှင်တွေက ဖန်တီးတဲ့ ပြဿနာဆိုတာ မုချသေချာတယ်။ ရာနှုန်းပြည့်သေချာတယ်။ ဘာသာရေး လူမျိုးရေး အစွဲအလန်းတွေကို ဖျောက်ပြီး စစ်အာဏာ ရှင်တွေရဲ့ နယ်ပယ်တခုကို တံခါးပိတ် စစ်ဆင်ရေးလုပ်နေတဲ့လုပ်ဟန်၊ အတိတ်ကလုပ်နည်း လုပ်ဟန် တွေကိုပါ ပြန်ပေါင်းသုံးသပ်ရင် လယ်ပြင်မှာ ဆင်သွားသလို သိပ်ထင်ရှားတယ်လို့ ဆိုချင်တယ်။
ဇော်ဝင်း
၈၈ ဗကသ ကျောင်းသားဟောင်း

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */