" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, January 23, 2023

ဘင်္ဂလားဒေ့ရှ်နယ်စပ် တိုက်ပွဲကြောင့် ဒုက္ခသည်များ မြန်မာ ဘက် ထွက်ပြေး

ဧရာဝတီ
21 January 2023
စစ်ကောင်စီက နယ်စပ်မျဉ်းပေါ် ပြန်မောင်းထုတ်ခြင်းခံနေရသည့် ရိုဟင်ဂျာ ဒုက္ခသည်များ / Aung Kyaw Moe/FB

မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် ဇီးရိုးလိုင်းပေါ်တွင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) နှင့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နယ်စပ်မျဉ်းပေါ်တွင် နေထိုင်သည့် မွတ်စလင်ဒုက္ခသည် များ မြန်မာဘက်သို့ ထွက်ပြေးရကြောင်း သတင်း ရရှိသည်။

မွတ်စလင် လက်နက်ကိုင်များဖြစ်သည့် ARSA နှင့် RSO အဖွဲ့တို့သည် ဇန်နဝါရီလ ၁၈ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်မျဉ်းပေါ်တွင်ရှိသည့် ဒုက္ခသည်စခန်းတခုလုံးမှာလည်း မီးရှို့ခံရကာ၊ စခန်းရှိ ထောင်နှင့်ချီသည့် ဒုက္ခသည်များ ဘေး လွတ်ရာသို့ ထွက်ပြေးနေရကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတုပါလောင်ဒုက္ခသည်စခန်းမှ မွတ်စလင်ရွာသားများက ပြောသည်။

ကူတုပါလောင် ဒုက္ခသည်စခန်းမှ မွတ်စလင် လူငယ်တဦးက “ဒုက္ခသည်စခန်းမှာ တိုက်ပွဲ စဖြစ်တယ်ဆိုတာနဲ့ လူတွေက ထွက်ပြေးကြတော့ ဘယ်အဖွဲ့က မီးရှို့တယ်ဆိုတာတော့ မသိကြဘူး။ အဲဒီစခန်းက ဒုက္ခသည်တွေက ပထမတော့ မြန်မာ ဘက်ကို ဝင်ပြေးကြတယ်။ မြန်မာဘက်ကလည်း သူတို့ကို ဘာမှ ထောက်ပံ့တာ မရှိတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန် ဝင်လာနေကြတယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နယ်နိမိတ် မျဉ်းပေါ် ဒုက္ခသည်စခန်းရှိ လက်ဖက်ရည်ဆိုင်တဆိုင်တွင် RSO နှင့် ARSA တို့ နှစ်ဖွဲ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ARSA အဖွဲ့က စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သလို RSO အဖွဲ့မှ ၂ ဦး သေဆုံးခဲ့ကြောင်း၊ ထို ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၂ ထောင်ခန့်မှာ မြန်မာပြည်ဘက်၊ တောင်ပြိုလက်ယာရွာဘက်သို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း အမျိုးသား ညီညွတ်ရေးအစိုး (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

တိုက်ပွဲကြောင့် မီးလောင်ပျက်စီးသွားသော မွတ်ဆလင်ဒုက္ခသည်စခန်း

NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ရိုဟင်ဂျာအရေး အကြံပေး ဦးအောင်ကျာ်မိုးက “လူဦးရေတသောင်းခွဲလောက် ရှိတဲ့ ဒုက္ခသည်စခန်း မီးလောင်ခဲ့ပြီး လူဦးရေ နှစ်ထောင်လောက်က မြန်မာပြည်ထဲ ထွက်ပြေးခဲ့ရသလို လူဦးရေရာဂဏန်း က ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲ ခိုလှုံတာတွေ ရှိပါတယ်။ နယ်စပ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခ သည်၂၀၀၀ ခန့် မြန်မာ ပြည် ဘက်၊ တောင်ပြိုလက်ယာရွာဘက်ကို ထွက်ပြေး တိမ်းရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေပါတယ်” ဟု ဆိုထားသည်။

လက်ရှိ အခြေအနေတွင် အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် နယ်စပ်ခြံစည်းရိုးအနီးရှိ ဇီးရိုးလိုင်းအနီးဝန်းကျင်တလျှောက်တွင် မြန်မာဘက်မှ နယ်ခြားစောင့်ရဲတပ်များတပ်လှန့်ထားသလို ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်မှလည်း နယ် ခြားစောင့်ရဲများ အင်အား အလုံးအရင်းဖြင့် တပ်ချထားကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မွတ်စလင်ဒုက္ခသည်များက ပြောသည်။

ARSA နှင့် RSO တို့ တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းရင်းကို ရိုဟင်ဂျာအရေးလှုပ်ရှားသူအများစုက သုံးသပ်ကြရာတွင် ARSA အဖွဲ့သည် အဆိုပါ ဇီးရိုးလိုင်းပေါ်ရှိ ဒုက္ခသည်စခန်းတွင် ခြေကုပ်ယူပြီး မူးယစ်ဆေးဝါးလုပ်ငန်းများနှင့် တခြားသော ဒုစရိုက်လုပ်ငန်းများကို လုပ်ဆောင်နေသည့်အတွက် RSO အဖွဲ့က အင်အားသုံး ရှင်းလင်းဖယ်ရှားခြင်းဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။

တိုက်ပွဲကြောင့် မီးလောင်ပျက်စီးသွားသော မွတ်ဆလင်ဒုက္ခသည်စခန်း

ရိုဟင်ဂျာအရေးလှုပ်ရှားသူ ကိုရိုနေဆန်းလွင်က “အဓိကတော့ ARSA က တော်လှန်ရေး ခေါင်းစဉ်တပ်ပြီးမဟုတ် မမှန် လုပ်ကိုင်နေတာတွေကို RSO က မနှစ်မြို့တဲ့အတွက် အဲဒီ နယ်မြေထဲက ရှင်းထုတ်တာလို့ သုံးသပ်မိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ARSA နှင့် RSO တိုက်ပွဲတွင် RSO ဘက်မှ၂ ဦးသေဆုံးပြီး RSO အဖွဲ့မှလည်း ဒုက္ခသည်စခန်းရှိ မွတ်စ လင် ၂၀ နီးပါးအား ARSA အဖွဲ့ဝင်ဆိုသည် သံသယဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း ဘင်္ဂလာဒေ့ရှ်ရောက် မွတ်စလင် ဒုက္ခသည်များက ပြောသည်။

ရိုဟင်ဂျာကယ်တင်ရေး တပ်မတော် (ARSA) သည် မွတ်စလင်ဒုက္ခသည် စခန်းများတွင် ခိုလှုံကာ မူးယစ်ဆေးဝါးလုပ်ငန်း များဖြန့်ဖြူခြင်း၊ ပြန်ပေးဆွဲခြင်း၊ စခန်းရှိ ဒုက္ခသည်များကို လူမှောင်ခိုကူးခြင်းများကို ပြုလုပ်နေသည့်အတွက် မွတ်စလင် များ၏ ထောက်ခံမှုများ ကျဆင်းနေသလို ဘင်္ဂလားဒေ့ရှ်အစိုးရမှလည်း ARSA အဖွဲ့ဝင်များကို ရှာဖွေဖမ်းဆီးမှုများ ရှိနေ ကြောင်းလည်း သိရသည်။

စခန်းတခုလုံး မီးရှို့ခံရသည့် အဆိုပါ ဇီးရိုးလိုင်းပေါ်ရှိ ဒုက္ခသည်စခန်းတွင် လူပေါင်း နှစ်ထောင်နီးပါးရှိကာ ၎င်းတို့သည် ပြီးခဲ့ သော၂၀၁၇ ခုနှစ် မောင်တောအရေးအခင်းကာလက မြန်မာဘက်ကနေ ထွက်ပြေး တိမ်းရှောင်သွားသူများ ဖြစ်သည်။

You may also like these stories:

Topics: ARSA, RSO, တိုက်ပွဲ, ဒုက္ခသည်, ဘင်္ဂလားဒေ့ရှ်နယ်စပ်

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */