" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, January 3, 2023

သန်လျင်နဲ့ မြောက်ဒဂုံမှာ ရိုဟင်ဂျာ ၈၀ ကျော် ဖမ်းဆီးခံရ

RFA
RFA Burmese
2023.01.03

သန်လျင်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ RFA

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက်က နေအိမ်တစ်ခုမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် မနေ့ညပိုင်းက ရိုဟင်ဂျာ ၇၇ ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဖမ်းခံရတဲ့အထဲမှာ ရိုဟင်ဂျာ အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၂၅ ဦးနဲ့ အသက် မပြည့်သေးတဲ့ ကလေးငယ် ရှစ် ဦး ပါဝင်ပြီး အားလုံးဟာ အာဟာရမပြည့်ဝတဲ့ပုံစံ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမရှိတာကို တွေ့ခဲ့ရတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။

စစ်ကောင်စီ တပ်သားတွေနဲ့ရဲ အင်အား ၅၀ နီးပါးနဲ့အပြင် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကသတင်း အတိအကျနဲ့ ဝင်ဖမ်းခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သန်လျင်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်

" ည ၁၀ နာရီဆိုတော့ အိပ်ကုန်ပြီလေ။ မီးကလည်း ပြတ်နေတာ။ အဲဒီမှာ မီးတဝင်းဝင်းနဲ့ စစ်ကားတွေရောက် လာ ပြီး ဝင်ဖမ်းကြတာ။ စစ်သားတွေကလည်း သေနတ်တွေနဲ့ချိန်ထားတာ။ အကုန်ထွက်လာခဲ့ အော်ပြောတာ။ သူတို့ တွေ က ဗမာစကား နားလည်တဲ့ပုံတောင် မပေါက်ဘူး။ ကလေးရော၊ လူကြီးရော အစုံပဲ။ ကြောက်လည်း ကြောက် နေ ကြတယ်။ ကလေးတွေဆို ငိုနေကြတာ "

အဲဒီရိုဟင်ဂျာတွေဟာ ပွဲစားအဆက်အသွယ်နဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလပိုင်းကတည်းက မြို့ဟောင်းရပ်ကွက် ထဲ မှာ အိမ်ငှားနေထိုင်ခဲ့ကြပေမယ့် နေ့ဘက်တွေမှာ ချက်ပြုတ် စားသောက်တာမျိုးတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။

အဆက်အသွယ်လုပ်ပေးခဲ့တဲ့ ပွဲစားအမျိုးသမီးတွေကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးစစ်ဆေးတာတွေ ရှိတယ် လို့ ဒေသခံတွေက ပြောဆိုပေမယ့် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဇန်နဝါရီလ ၃ ရက် ဒီနေ့မနက်ပိုင်းမှာလည်း ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်က တိုးကြောင်ကလေးဘူတာမှာ မော် လ မြိုင်သွားဖို့ စောင့်ဆိုင်းနေတဲ့ ရိုဟင်ဂျာကိုးဦးနဲ့ ပွဲစားနှစ်ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေကို ဘယ်နေရာခေါ်ဆောင်သွားသလဲ ဆိုတာကိုတော့ RFA အနေနဲ့ အတည်မပြုနိုင် သေး သလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်တာတွေ ပိုများလာတဲ့ အတွက် ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နေရပ်စွန့်ခွာ ထွက်ပြေးတာ များလာတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှား သူ တွေက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ RFA ကို ဖြေဆိုထားပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */