" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, December 6, 2022

လှည်းကူးမှာအလောင်းတွေ့တဲ့ရိုဟင်ဂျာတွေဟာစစ်ကောင်စီ က ဖမ်းထားသူတွေဖြစ်တယ်လို့ဆို

dna
Delta News
December 5, 2022

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်က လမ်းဘေးတနေရာမှာ ဒီဇင်ဘာ (၅) ရက် ဒီကနေ့မနက်အစောပိုင်းကတွေ့ရတဲ့ ရိုဟင်ဂျာရုပ်အလောင်းတွေဟာ ပြီးခဲ့လအတွင်း တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခံရသူတွေထဲပါဝင်ခဲ့သူတွေ ဖြစ်တယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်က DNA ကိုပြောပါတယ်။

ကားလမ်းဘေးမှာ စွန့်ပစ်ခံထားရတဲ့ ရိုဟင်ဂျာအမျိုးသား (၁၃) ဦးရဲ့ အလောင်းတွေကို ဒီကနေ့မနက် (၇) နာရီဝန်းကျင်က လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာ၊ တပင်ရွှေထီးလမ်းဘေးမှာ တွေ့ရှိခဲ့ရတာလို့ဆိုပါတယ်။

လှည်းကူးမြို့နယ်အတွင်းမှာ နိုဝင်ဘာ (၂၈) ရက်က ၁၂ ဘီး ကုန်တင်ယာဉ်တစီးပေါ်လိုက်ပါလာတဲ့ ရိုဟင်ဂျာ (၆၆) ဦးနဲ့ ယာဉ်မောင်းနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ယာဉ်မောင်းနှစ်ဦးအပါအဝင် အမျိုးသား (၅၄) ဦးနဲ့ အမျိုးသမီး (၁၄) ဦးဖမ်းဆီးခံခဲ့ရတာပါ။
                                                                         ဒီကနေ့မှာ ရုပ်အလောင်းအဖြစ် တွေ့ရှိရတဲ့ (၁၃) ဦးဟာ အဲ့ဒီဖမ်းဆီးခံရသူတွေထဲက ဖြစ်တယ်လို့ ပြည်တွင်းက အမည်မဖော်လိုတဲ့ အဆက်အသွယ်တွေကို ကိုးကားပြီး ရိုနေဆန်းလွင်က အခိုင်အမာပြောပါတယ်။

အဲ့ဒီအရင်းအမြစ်တွေကို ဆက်သွယ်နိုင်ဖို့ DNA ကိုကြိုးပမ်းခဲ့ပေမယ့် လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိ ဘူးလို့ သူက ဆိုပါတယ်။ရိုဟင်ဂျာရုပ်အလောင်းတွေ တွေ့တာနဲ့ပတ်သက်လို့ သတင်းတချို့မှာ ဒဏ်ရာဒဏ် ချက် မတွေ့ရဘဲ အသက်ရှုကြပ်သေဆုံးတာဖြစ်နိုင်တယ်လို့ ဖော်ပြမှုတွေရှိပါတယ်။

ဒါပေမယ့် ရိုနေဆန်းလွင်ကတော့ ရုပ်အလောင်းတွေမှာ ဒဏ်ရာဒဏ်ချက်တွေ တွေ့ရတဲ့အကြောင်း သေဆုံးသူတွေအရေး ဆောင်ရွက်နေသူတွေဆီက သိရတယ်လို့ဆိုပါတယ်။

“မျက်နှာ၊ နဖူး၊ နှုတ်ခမ်းမှာ ဒဏ်ရာတွေရှိသလို၊ ကျောမှာ မီးလောင်ဒဏ်ရာတစ်ချို့ တွေ့ရတယ်လို့ ပြောပါတယ်၊ ပြီးတော့ စစ်ဖိနပ်နဲ့ နင်းထားတဲ့ ဒဏ်ရာတွေလည်း တွေ့ရတယ်လို့ အတိအကျ ပြောတယ်” လို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က DNA ကိုပြောပါတယ်။

အဲ့ဒီရုပ်အလောင်းတွေ တွေ့ရှိမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီကတော့ လက်ရှိအချိန်အထိ တစုံတရာ ထုတ်ပြန် ပြော ဆိုတာမရှိသေးပါဘူး။အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာအများအပြားကို ဖမ်းဆီး ထောင်ချနေပြီး ဖိနှိပ်နေတယ်လို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတွေကပြောထားပါတယ်။

အခုလို ရန်ကုန်မြို့အနီးမှာ အစုလိုက်အပြုံလိုက်သေဆုံးနေတဲ့ ရိုဟင်ဂျာရုပ်အလောင်းတွေ တွေ့ရတာကတော့ အာဏာသိမ်းကာလအတွင်း ပထမဆုံး ဖြစ်စဉ်ဖြစ်ပါတယ်။အခုတွေ့ရှိရတဲ့ ရုပ်အလောင်းတွေဟာ အသက် (၁၈) နှစ်အောက်လူငယ်တွေဖြစ်တယ်လို့သိရပါတယ်။

“ရိုဟင်ဂျာတွေအတွက် ဥပဒေအသက်မဝင်တဲ့နေရာမှာ ဘာမှ လုပ်လို့တော့ မရပါဘူး။ လောလောဆယ် ဆေးရုံကြီးက တာဝန်ယူနိုင်မယ့်သူတွေကို ဘာသာရေးထုံးထမ်းစဥ်လာနဲ့ သဂြိုဟ်ဖို့ ခွင့်ပြုထားတယ်” လို့ ရိုနေဆန်းလွင်က ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */