" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 29, 2022

ရိုဟင်ဂျာကျောင်းသားတွေ အဆင့်မြင့်ပညာသင်ယူခွင့် ပိတ် ပင်ခံထားရဆဲ

RFA
လွတ်လပ်တဲ့အာရှအသံ
29-11-2022 

၂၀၂၁ - ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်ထားသည့် ရိုဟင်ဂျာကျောင်းသားတစ်ဦးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကတွေ့ရစဉ်။RFA

ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားတဲ့ ရိုဟင်ဂျာ ကျောင်းသား တွေဟာ အဆင့်မြင့်ပညာ တက္ကသိုလ်တွေနဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ် ဘာသာရပ်တွေ သင်ကြားခွင့် ပိတ်ပင်ခံထားရပါတယ်။ 

နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (GTI)၊ အစိုးရနည်းပညာကောလိပ် (GTC)၊ ကျောက်ဖြူပညာရေးကောလိပ် (KEC) ကျောင်းတွေအပြင် စစ်တွေတက္ကသိုလ်မှာပါ အသက်မွေးဝမ်း ကျောင်း ဘာသာရပ်ဖြစ်တဲ့ ဥပဒေဘာသာရပ်တွေကို သင်ကြားခွင့် ပိတ်ပင်ခံထားရတာပါ။

ပြီးခဲ့တဲ့ ၂၀၂၁ - ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ပေါက်တောမြောက် ဦး၊ မင်းပြား စတဲ့မြို့နယ်တွေမှာ ရိုဟင်ဂျာကျောင်းသားပေါင်း ၆၀၀ ကျော် အောင်မြင်ခဲ့ပေမယ့် တစ်ယောက်မှ အဲဒီတက္ကသိုလ်တွေကို တက်ခွင့်မရကြတာလို့ ရိုဟင်ဂျာကျောင်းသားတွေက ပြောပါတယ်။ 

ရခိုင်ပြည်နယ် စစ်တွေမြို့မှာနေထိုင်တဲ့ ရိုဟင်ဂျာကျောင်းသား ကိုရှာဟ်စော်လိမ်း (နာမည်လွှဲ) ဟာ ၂၀၂၁ - ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရူပဗေဒ၊ ဘောဂဗေဒ ဂုဏ်ထူးနှစ်ဘာသာနဲ့ အောင်မြင်ခဲ့ပြီး နည်းပညာ တက္ကသိုလ်တက်ဖို့ အမှတ်မီတာကြောင့် ဝင်ခွင့်လျှောက်ပေမယ့် မရခဲ့ဘူးလို့ RFA ကိုပြောပါတယ်။

“ကျနော် ဒီ ၂၀၂၂ ခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ထားတာပါ။ ကျနော်က ၄၀၄ မှတ်နဲ့ အောင်ပါတယ်။ မေဂျာလျှောက်တဲ့အချိန်မှာ ရန်ကုန် နည်းပညာတက္ကသိုလ် ကိုလည်း လျှောက်တယ်။ စစ်တွေနည်းပညာ တက္က သိုလ်ကိုလည်း လျှောက်ထားပါတယ်။ နည်းပညာတက္ကသိုလ် အများစုကိုပဲ လျှောက်တာပါ။ အခု မေဂျာကျတဲ့ အချိန်မှာတော့ နည်းပညာတက္ကသိုလ် မကျဘူး။ စစ်တွေတက္ကသိုလ်မှာ အင်္ဂလိပ်စာမေဂျာပဲ ကျပါတယ်။ ကိုယ် တက်ချင်တဲ့ တက္ကသိုလ်ကို တက်ခွင့်မရတော့ ကျနော့်ရဲ့ အနာဂတ်ကတော့ ဆုံးရှုံးမှုတွေ အများကြီးဖြစ် သွားပါ ပြီ”

ဒါကြောင့် အင်ဂျင်နီယာတစ်ဦးဖြစ်ဖို့ ကြိုးစားလာခဲ့တဲ့ သူရဲ့အိပ်မက်တွေ အဆုံးသတ် သွားပြီး စစ်တွေတက္က သိုလ် ကနေရမယ့်ဘွဲ့ကလည်း အကြောင်းမထူးနိုင်ဘူးလို့ ယူဆတာကြောင့် ကျောင်းဆက်မတက်ဖို့အထိ ဆုံး ဖြတ် ထားတယ်လို့ ကိုရှာဟ်စော်လိမ်းက ပြောပါတယ်။

 

နောက်ထပ် ရိုဟင်ဂျာကျောင်းသား တစ်ဦးဖြစ်တဲ့ ကိုအာရ်မန်းတာရဲခ်ကလည်း ရခိုင်ပြည်နယ်မှာ ရှိတဲ့ အခြားသူ တွေနည်းတူ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေမှာ ပညာသင်ကြားခွင့် ရချင်တယ်လို့ RFA ကို ပြောပါ တယ်။

“ရခိုင် ညီကိုမောင်နှမတွေ တက္ကသိုလ်တက်ကြသလို၊ တခြားလူမျိုးစုတွေ တက္ကသိုလ်တက်နိုင်ကြသလို ကျနော် တို့  မွတ်စလင် ကျောင်းသားတွေလည်း အဲဒီလို အဆင့်မြင့်တက္ကသိုလ်တွေ တက်ချင်ပါတယ်”

ရိုဟင်ဂျာကျောင်းသားတွေကို အခုလို ကန့်သတ်ထားတာ၊ ကျောင်းတွေကလက်မခံတာဟာ နိုင်ငံသားမှတ်ပုံတင် မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ မိဘဘိုးဘွားအဆက်ဆက် ရခိုင်ပြည်နယ်ထဲမှာပဲ နေထိုင်လာခဲ့တာဖြစ်ပြီး မိဘတွေမှာ နိုင်ငံသားမှတ်ပုံ တင် ရှိပေမယ့် သူတို့ကိုတော့ အခုထိ ထုတ်မပေးတာလို့လည်း အဲဒီ ကျောင်းသားတွေက ပြောပါတယ်။

"နည်းပညာတက္ကသိုလ် မကျဘူး။ စစ်တွေတက္ကသိုလ်မှာ အင်္ဂလိပ်စာမေဂျာပဲ ကျပါတယ်။"

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး တစ်မျိုးတည်းကိုသာ အခုလိုပညာသင်ခွင့် ပိတ်ပင်ထားတာ ဖြစ်ပြီး ဒါဟာ လူမျိုး တုံးသတ်ဖြတ်မှုရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူ ကိုနေဆန်းလွင်က ပြောပါတယ်။

“လူတိုင်းမှာ လွတ်လပ်စွာ ပညာသင်ကြားခွင့် ရှိရပါမယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး တစ်မျိုးတည်းကိုသာ အခုလို ပစ်မှတ်ထားပြီးတော့ ပညာသင်ကြားခွင့် ပိတ်ပင်တာတွေ၊ ကန့်သတ်တာတွေ လုပ်နေတာ။ ဒါက သာမန် လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးတော့ မဟုတ်ဘူး။ လူမျိုးတုံးသတ်ဖြတ်မှုရဲ့ အစိတ်အပိုင်းတစ်ခု၊ နိုင်ငံတကာမှာ အကြီးမားဆုံးသော ရာဇဝတ်မှုတွေရဲ့ အစိတ်အပိုင်းတစ်ခုလို့ မြင်ပါတယ်”

လက်ရှိ ရိုဟင်ဂျာတွေထဲမှာရှိတဲ့ အင်ဂျင်နီယာ၊ ဆရာဝန်၊ ကွန်ပျူတာပညာရှင်၊ ဥပဒေပညာရှင်တွေဟာ ၁၉၉၅ ခုနှစ် နောက်ပိုင်း ဘွဲ့ရခဲ့တဲ့ သူတွေသာဖြစ်ပြီး မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် စစ်တပ်နဲ့ အစိုးရပေါင်းပြီး ရိုဟင်ဂျာလူငယ်တွေရဲ့ အနာဂတ်ကို အနုနည်းနဲ့ ဖျက်ဆီးနေတာလို့လည်း ကိုနေဆန်းလွင်က ဝေဖန်ပါတယ်။

ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်ကတော့ ရိုဟင်ဂျာ ကျောင်းသား တွေကိုလည်း အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေမှာ ကျောင်းတက်ခွင့်ပေးသင့်တယ်လို့ အကြံပြုပါတယ်။

၂၀၂၁ - ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်ထားသည့် ရိုဟင်ဂျာ ကျောင်းသားတစ်ဦး စစ်တွေနည်းပညာတက္ကသိုလ်ကို မိုဘိုင်းဖုန်းမှ ရှာဖွေနေသည့်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကတွေ့ရစဉ်။ (Photo: RFA)  
 
“သူတို့ဘွဲ့ရသွားရင်လည်း နိုင်ငံတော်ကို ပုန်ကန်မှာလည်း မဟုတ်ဘူး။ နိုင်ငံတော် အတွက် အကျိုးရှိမယ့် ကျောင်း ဆရာလုပ်မယ်။ ဆေးကျောင်းတက်ခွင့်ပေးရင် ဆရာဝန်တွေ ဝင်လုပ်မယ်ပေါ့။ နောက်ပြီး နည်းပညာ ပိုင်းနဲ့ဆိုရင် ကွန်ပျူတာ တက္ကသိုလ်ကျောင်း ပြီးသွားရင်လည်း နည်းပညာပိုင်းအတွက် အထောက်အကူ ဖြစ်တာ ပေါ့။ ပြည်နယ်တစ်ခု တိုးတက်ဖို့ ဒီလို လူသားအရင်းအမြစ်တွေက အများကြီးလိုတာပေါ့။ ဟိုဘာသာဝင်ဖြစ်လို့ နိုင်ငံသားကတ်မရှိလို့ တက်ခွင့်မပေးတာက ကျနော်တို့သဘောမကျဘူး”

ရိုဟင်ဂျာကျောင်းသားတွေကို အခုလို ပိတ်ပင်ကန့်သတ်ထားတာနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လက် ခံမဖြေကြားပါဘူး။

ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာကျောင်းသားတွေဟာ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် အခုလို တက္ကသိုလ်ကျောင်းတက်ခွင့် ကန့်သတ် ပိတ်ပင်ခံခဲ့ရတာပါ။

အဲဒီနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်မှာတော့ စစ်တွေတက္ကသိုလ် တစ်ခု တည်း မှာပဲ မြန်မာနဲ့ သမိုင်းဘာသာရပ် နှစ်ခုကို သင်ကြားခွင့်ပေးခဲ့တာပါ။

ဒါပေမဲ့ ကျန်တဲ့တက္ကသိုလ်တွေနဲ့ အသက်မွေးဝမ်းကျောင်း ဘာသာရပ်တွေ သင်ကြားခွင့်ကတော့ အခုအထိ ပိတ် ပင်ခံထားရဆဲဖြစ်လို့ ရိုဟင်ဂျာကျောင်းသားတွေ အနေနဲ့ တခြားလူမျိုးတွေ နည်းတူ ပညာသင်ခွင့်ရဖို့ တောင်းဆို နေကြတာ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */