" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, October 10, 2022

မောင်တောတွင် စစ်တပ် နယ်ခြားစောင့်စခန်းတစ်ခုကို AA ထပ်မံသိမ်းရမိပြီး ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၃၀ သေ ဆုံး၊ ၁၄ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

Khit Thit Media
ရန်ကုန်၊ အောက်တိုဘာ ၁၀
 

ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်းရှိ စစ်ကောင်စီ၏ နယ်ခြားစောင့် စခန်းတစ်ခုဖြစ်သည့် လိပ်ရစခန်းကို ရက္ခိုင့်တပ်တော်မှ ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့မနက်အာရုဏ်ပိုင်းအချိန်၌ သိမ်းပိုက်လိုက်ကြောင်း ရက္ခိုင့်တပ်တော် AA အတည်ပြုပြောဆိုသည်။

ရခိုင်သတင်းရင်းမြစ်များ၏ အဆိုအရ စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူးအပါအဝင် စစ်သား ၃၀ ဦးသေဆုံးပြီး ၁၄ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကြောင်း၊ AA တပ်တော်မှ ကျဆုံးမှု တချို့ရှိကြောင်း သိရှိရသည်။ AA တပ်တော်ဘက်မှ စစ်ကောင်စီတပ်၏ သေဆုံးမှု ထိခိုက်မှုနှင့်ပတ်သက်၍ တရားဝင် အတည်ပြုချက် မရရှိသေးပေ။
 
မောင်တောမြို့နယ် နံသာတောင်နှင့် ငခူးရကြားတွင်ရှိသည့် လိပ်ရစခန်းမှာ မောင်တောမြောက်ပိုင်းရှိ သင်္ဘောလှ၊ သာယာကုန်းနှင့် တောင်ပြို စသည့်ကျေးရွာများနှင့် နီးစပ်သည့် တပ်စခန်းတစ်ခုဖြစ်ပြီး အဆိုပါနယ်ခြားစောင့်စခန်းတွင် စစ်ကောင်စီက အသွင်းပြောင်းနေထိုင်နေကြခြင်းဖြစ်ကြောင်း ဒေသခံများကလည်း ပြောဆိုသည်။
လိပ်ရစခန်းအား စခန်းသိမ်းပိုက်ခြင်းမှာ မှန်ကန်ကြောင်း ရက္ခိုင့်တပ်တော်AA၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက Western News ကိုပြောသည်။

“ဒီနေ့ မနက်ပိုင်း ၄နာရီကျော်လောက်မှာ တိုက်ပွဲ အပြင်းအထန်ဖြစ်တယ်ဗျ၊ အဲ့ဒီမှာ လိပ်ရစခန်းကို ကျနော်တို့ ရက္ခိုင့်တပ်တော်ဖက်က သိမ်းဆည်းမိတာကတော့ မှန်တယ်ခင်ဗျ။ အဲ့ဒီမှာ လက်နက်ခဲယမ်း မီးကျောက်တစ်ချို့ သိမ်းဆည်းရမိတာရှိတယ်။ ပြီးတော့ စစ်သုံ့ပန်းတစ်ချို့ ဖမ်းဆီးရမိတာတော့ရှိတယ်။ သိမ်းဆည်းမိတဲ့ လက်နက်အရေအတွက် သုံ့ပန်းအရေအတွက် အတိကျတော့ ကျနော်ဆီကို စာရင်းရောက်မလာသေးဘူး” ဟုပြောသည်။
အဆိုပါတပ်စခန်းကို ရက္ခိုင့်တပ်တော်ဖက်မှ စတင်တိုက်ခိုက်လာခြင်းဖြစ်ကာ လက်ရှိ စခန်းကိုသိမ်းယူရရှိပြီးနောက် စစ်ကောင်စီဖက်မှ တိုက်ခိုက်ရေးလေယာဥ်များဖြင့် လာရောက်တိုက်ခိုက်လျှက်ရှိနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

"နယ်ခြားစောင့်စခန်းတစ်ခုပါ။ AA လာတိုက်ပြီး စခန်းသိမ်းလိုက်တယ်။ အခု မွန်းလွဲပိုင်းမှာတော့စစ်တပ်(စစ်ကောင်စီတပ်)ကနေ လေယာဥ် ၂ စင်းနဲ့လာပစ်နေပါတယ်" ဟုပြောသည်။

လိပ်ရစခန်းအသိမ်းခံရပြီး မီးလောင်ကျွမ်းနေသည်ကို မြင်ရကြောင်း ယင်းနောက် စစ်ကောင်စီဖက်က လေယာဥ်ဖြင့်လာရောက်ပစ်ခတ်မှု လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှုတို့ လုပ်ဆောင်လျှက်ရှိသည်ဟု အနီးနားရှိနောက် ထပ်ဒေသခံတစ်ဦးကဆိုသည်။

"၃ နာရီမှာစဖြစ်တာကြားရတယ်။ ၄၅ မိနစ်လောက်ကြာတော့ လေယာဥ်ရောက်လာတယ်။ အဲ့နောက်ပိုင်းတော့ လက်နက်ကြီးပစ်သံတွေပဲကြားရတော့တယ်။ နယ်ခြားစခန်းကိုလည်း အကုန် မီးရှို့လိုက်တာဗျာ။ မီးလောင်နေတာကလည်း တော်တော်ကြောက်စရာကောင်းတယ်”ဟုပြောသည်။

မောင်တောမြောင်ပိုင်းတွင် ရက္ခိုင့်တပ်တော်မှ သြဂုတ်လ ၃၀ ရက်နေ့က မိုင်တိုင် ၄၀ အနီးရှိ နယ်ခြားစောင့်တပ်စခန်း၊ စက်တင်ဘာ ၁၁ ရက်က ခမရ ၃၅၂ တပ်စခန်းနှင့် စက်တင်ဘာ ၁၅ ရက်နေ့က မီးတိုက်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ လက်နက်ကြီးအထိုင်ချစခန်းကိုသိမ်းယူထားမှုရှိခဲ့ပြီး လက်ရှိတွင် လိပ်ရစခန်းအား ထပ်မံသိမ်းယူလိုက်ခြင်းဖြစ်သည်။

သြဂုတ်လအတွင်းက ရက္ခိုင့်တပ်တော်မှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း မောင်တောမြောက်ပိုင်းတွင် စစ်ကောင်စီဖက်မှ တပ်စခန်း ၇ ခုအထိဆုတ်ခွာမှုရှိခဲ့သည်ဟုလည်း AA ဖက်မှ ပြောဆိုထားမှုရှိသည်။
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

ဓာတ်ပုံ- စစ်ကောင်စီတပ်စခန်း မီးရှို့ခံရသည့်ဓာတ်ပုံဟု ပေးပို့လာခြင်းဖြစ်ပြီး အဆိုပါဓာတ်ပုံကို ဟုတ်၊ မဟုတ်ကို ဆက်လက် အတည်ပြုရန် ကြိုးပမ်းလျက်ရှိပါသည်။



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */