" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, August 22, 2022

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ခရီးစဥ် မအောင်မြင် ကြောင်း နိုင်ငံတကာအဖွဲ့အစည်းတွေ ဝေဖန်

RFA
2022.08.20
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်မှာ ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က တွေ့ဆုံခဲ့ကြစဉ်
photo: Myanmar Military

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာဟာ သြဂုတ်လ ၁၇ ရက်နဲ့ ၁၈ ရက် တွေမှာ မြန်မာနိုင်ငံကို လာရောက်ပြီး၊ အာဏာသိမ်း စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်မှူးကြီး ရာပြည့်တို့နဲ့ တွေ့ဆုံခဲ့ပေမယ့် စစ်ကောင်စီကနေ ထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံခွင့်မရခဲ့ပါဘူး။

ဒီ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ဟာ စစ်ကောင်စီရဲ့ အသုံးချခံ ဖြစ်သွားတဲ့ အပြင် နိုင်ငံတကာက မြန်မာ့အရေး လှုပ်ရှားနေသူတွေကို မှားယွင်းတဲ့သတင်းစကား ပေးပို့ရာ ရောက်တယ်လို့ မြန်မာစစ်ခေါင်းဆောင်တွေ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီကို နိုင်ငံတကာမှာ တရားစွဲဆိုဖို့ ကြိုးပမ်းနေတဲ့ Myanmar Accountability Project အဖွဲ့က Chris Gunness က RFA ကို ပြောပါတယ်။

“ကုလသမဂ္ဂအဖွဲ့ကြီးဟာ ကမ္ဘာပေါ်မှာ ဝေဖန်ရှုတ်ချမှု အခံရဆုံး အာဏာရှင် စစ်ခေါင်းဆောင် တွေရဲ့ အသုံးချခံ အဖြစ်ခံလိုက်တာ စိတ်ပျက်စရာပါပဲ။ ကုလသမဂ္ဂက စေလွှတ်လိုက်တဲ့ အထူးကိုယ်စားလှယ်ကို စစ်ကောင်စီက ထုတ်ဝေတဲ့ ဝါဒဖြန့် သတင်းစာတွေမှာ မျက်နှာဖုံးတင် ဖော်ပြပြီး အသုံးချတာကို လက်ခံလိုက်တာဟာ လွဲ မှားတဲ့ သတင်းစကားပေးလိုက်ရာ ရောက်ပါတယ်။ မြန်မာပြည်တွင်း ပြည်ပက ဒီမိုကရေစီ အရေးလှုပ်ရှားသူတွေ၊ အရပ်ဖက်အဖွဲ့အစည်း ခေါင်းဆောင်တွေ အားလုံးကို သူတို့မပါဘဲ စစ်ခေါင်းဆောင်နဲ့တင် ညှိနှိုင်းပြီး အပေးအ ယူလုပ်လို့ ရတယ်လို့ ပြောလိုက်ရာ ရောက်ပါတယ်။ ကုလ အထူးကိုယ်စားလှယ်ဟာ စစ်ခေါင်းဆောင်နဲ့ ထိတွေ့ ဆက်ဆံမှုတွေ လုပ်လိုက်ပေမယ့် အမျိုးသား ညီညွတ်ရေး အစိုးရနဲ့အခြား အဖွဲ့အစည်းတွေနဲ့ ထိတွေ့ ဆက်ဆံမှု လုပ်တာ မရှိခဲ့ပါဘူး။ အနာဂတ်မှာ ကုလ အထူးကိုယ်စားလှယ် အသစ် စေလွှတ်ဦးမယ်ဆိုရင် ဒီလို အသုံးချခံမဖြစ်အောင် မဟာဗျူဟာ ကျကျ ကြိုတင် ပြင်ဆင်ပြီးမှ စေလွှတ်ပါလို့ ပြောချင်ပါတယ်။ ”

လက်ရှိ မြန်မာနိုင်ငံက အခြေအနေတွေဟာ အပြောင်းအလဲ တစ်ခုခု ဖြစ်လာအောင် အရေးပေါ် ဆောင်ရွက်ရမယ့် အချိန် ဖြစ်တဲ့အတွက် အခုလို အမှားမျိုး ထပ်ဖြစ်ဖို့ ခွင့်မပြုသင့်တော့ဘူးလို့ သူက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ယူကေ အခြေစိုက် Burma Campaign UK အဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရာထူးကို ဖျက်သိမ်းဖို့ ကြေငြာချက် ထုတ်ပြန်ပြီး တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်တွေ စေလွှတ်ပြီး မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ စေ့စပ် ညှိနှိုင်းဖို့ ကြိုးပမ်းတဲ့ နည်းလမ်းဟာ မအောင်မြင်တာ ထင်ရှားတဲ့အတွက် မြန်မာနိုင်ငံ အရေးအတွက် ကုလသမဂ္ဂမှာ အာဏာအရှိဆုံး အထွေထွေ အတွင်းရေးမှူးချုပ် ကိုယ်တိုင် တာဝန်ယူ ဆောင်ရွက်သင့်တယ်လို့ Burma Campaign UK က အ မှုဆောင် ညွှန်ကြားရေးမှူး Anna Roberts က RFA ကို ပြောပါတယ်။

“ကုလသမဂ္ဂဟာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ မြန်မာနိုင်ငံကို အထူးသံတမန်တွေ၊ အထူး ကိုယ်စားလှယ်တွေ ထပ်တလဲလဲ စေလွတ်ခဲ့ပြီး အာဏာသိမ်းထားတဲ့ စစ်အစိုးရ၊ စစ်ကောင်စီတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ဘာမှ ထူးခြားတဲ့ တိုးတက်ပြောင်းလဲမှု မရှိခဲ့ပါဘူး။ အကြောင်းကတော့ သူတို့မှာ ဘာလုပ်ပိုင်ခွင့် ဘာအာဏာမှ မရှိတဲ့အတွက် စစ်ခေါင်းဆောင် တွေက သူတို့အပေါ်မှာ လေးစားမှု မရှိတာကြောင့်ပါ။ တိုးတက်မှု မရှိတဲ့အပြင် စစ်ခေါင်းဆောင် တွေက သူတို့လာရောက်တာကို ဝါဒဖြန့်ဖို့ အသုံးချ သွားတာပဲ တွေ့ရပါတယ်။ အခု မစ္စ နိုလင်းဟေဇာရဲ့ ခရီးစဉ်မှာ ဆိုရင်လည်း နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ထိပ်ဆုံးက ဖော်ပြပြီး ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက အာဏာသိမ်းထားတဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်နေပါတယ် ဆိုပြီး ဖော်ပြသွားပါတယ်။ ဒီ အလုပ်မဖြစ်တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရာထူးကို ဖျက်သိမ်းဖို့ အချိန်တန်ပါပြီ။ ကုလသမဂ္ဂမှာ အာဏာအရှိဆုံးဖြစ်တဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ကိုယ်တိုင် မြန်မာနိုင်ငံအရေးအတွက် ဦးဆောင်ပြီး တာဝန်ယူ ဆောင်ရွက် သင့်တယ်လို့ ထင်ပါတယ်။ ဒီလို တာဝန်ယူ ဆောင်ရွက်တဲ့နေရာမှာလည်း မြန်မာ စစ်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ အတွက် အပြစ်ပေးအရေးယူ နိုင်ဖို့ မြန်မာစစ်တပ်ကို လက် နက်ဖျက်သိမ်းပြီး နိုင်ငံရေးက ထုတ်ပယ်ဖို့ ရည်မှန်းချက်တွေအတွက် ဆောင်ရွက်သင့်ပါတယ်။”

မစ္စ နိုလင်းဟေဇာရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှု တွေကို အမြန်ဆုံး ရပ်တန့်ဖို့ စစ်ခေါင်းဆောင်ကို တောင်းဆိုခဲ့ပေမယ့် သူမြန်မာနိုင်ငံကနေ ထွက်ခွာပြီး ၂၄ နာရီ မပြည့်ခင်မှာပဲ မကွေး တိုင်း ရေစကြိုမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီ တပ်တွေက နေအိမ်မီးရှို့တာတွေ ဆက်လုပ် ခဲ့တာကို ကြည့်ရင်၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုမှု မအောင်မြင်တာကို ပြသနေတယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ အချို့က ထောက်ပြကြပါတယ်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ နေပြည်တော်မှာ ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က တွေ့ဆုံခဲ့ကြစဉ် (Ministry of Foreign Affairs Myanmar )

အမေရိကန်နိုင်ငံ မင်နီဆိုတာ ပြည်နယ်၊ Carleton College က နိုင်ငံရေး သိပ္ပံပါမောက္ခ ဒေါက်တာ ထွန်းမြင့်က ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာရဲ့ ခရီးစဉ် မအောင်မြင်တဲ့အကြောင်း ခုလို သုံးသပ်ပါတယ်။

“ အစကတည်းက သူ လာမယ်လို့ ကြေညာကတည်းက စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ပုလဲမြို့နယ်ကြားက ရွာကြီးတွေမှာ ဗုံးကျဲတယ်။ တိုက်ခိုက်တယ်။ ၂၅ ယောက်လောက် သေတယ် ကျေတယ်လို့ ကြားရတယ်။ ရွာသူ ရွာသားတွေ ထွက်ပြေးနေရတယ်။ ခု သူရောက်ပြီး နောက်ပိုင်း နဲ့ သူပြန်သွားပြီး နောက်ပိုင်း ၂၄ နာရီ အတွင်းမှာလည်း ဆက်လုပ်တယ်ဆိုတော့ သူတို့ဘက်က ဒီသတင်းကို အသုံးချပြီး လုပ်ထုံး လုပ်နည်း အတိုင်း ဆက်လုပ်သွားတာပဲ လို့ပြောလို့ရတယ်။ မြန်မာနိုင်ငံအတွက် လူသားချင်း စာနာမှုအကူအညီတွေ ပေးဖို့ နဲ့ ကုလ သ မဂ္ဂက မြန်မာနိုင်ငံမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကို ရပ်စဲ စေချင်တယ်လို့ ကြားတယ်။ အဲဒီနှစ်ခုအ တွက် သူ ဘာမှ လုပ်မသွားဘူး။ နောက်ပြီး နွေဦး တော်လှန်ရေး အတွက်ကို ဘာမှမလုပ်ဘူး၊ မလုပ်နိုင်ဘူးလို့ ပြောသွားတာ ရှင်းရှင်း လေးရယ်။ သူရယ် ဝဏ္ဏမောင်လွင်ရယ် မင်းအောင်လှိုင်ရယ် handshake လုပ်ပြီးတော့ ပြုံးသွားတဲ့ အပြုံးဟာ မြန်မာပြည်သူ တွေကို စော်ကားသွားတယ်။ တော်လှန်ရေး လုပ်နေတဲ့သူတွေကို အချဉ်ပဲလို့ ပြောသွားတဲ့ သဘောပဲ။ ”

ကုလသမဂ္ဂရဲ့ အထူး ကိုယ်စားလှယ်ဟောင်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့ မြန်မာ့အရေး အထူးအကြံပေးကောင်စီ SAC-M အဖွဲ့ ကတော့ လက်ရှိ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာအနေနဲ့ စစ်ခေါင်းဆောင်ရဲ့ ရည်ရွယ်ချက်နဲ့ အကျင့်စရိုက် အမှန်ကို မေ့မထားသင့်တဲ့ အကြောင်း တိုက်တွန်းပြီး၊ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တွေအရ ဖွဲ့စည်းထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရနဲ့ တရားဝင် ထိတွေ့ဆက်ဆံမှုတွေ လုပ်လာမယ်လို့လည်း မျှော်လင့်ပါကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံခွင့်ပေးဖို့ အစီအစဉ်ကို လမ်းဖွင့်ထားတယ်လို့ စစ်ကောင်စီက ပြောဆိုခဲ့တဲ့ အကြောင်း ကုလသမဂ္ဂက ဩဂုတ်လ ၁၈ ရက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */