Wednesday, May 5, 2021

စစ်ကောင်စီထံ ငွေကြေးစီးဆင်းမှု ချက်ချင်းဖြတ်တောက်ဖို့ ကန်အောက်လွှတ်တော်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
05 မေ၊ 2021

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းး။ (ဓာတ်ပုံ - Ministry of Foreign Affairs Myanmar - စက်တင်ဘာ ၂၃၊ ၂၀၂၀)
စစ်အာဏာသိမ်းထားတဲ့ မြန်မာ စစ်တပ် အပေါ်မှာ အမေရိကန်ဘက်က ပစ်မှတ်ထား ဒဏ်ခတ် အရေးယူဖို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေး ရာ ကော်မတီ ကြားနာပွဲမှာ တိုက်တွန်းပါတယ်။

“မြဝတီဘဏ်၊ အင်းဝဘဏ်၊ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ ကုမ္ပဏီ MOGE တို့ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာ အမြန်ဆုံး ထည့်သွင်းသင့်ပါတယ်။ စစ်တပ်နဲ့ စစ်တပ် အဖွဲ့ဝင်တွေနဲ့ ပတ်သက်တဲ့ ဘဏ်စာရင်းတွေကို ထိန်းချုပ်ပြီး စစ်အုပ်ချုပ်ရေး အဖွဲ့၊ နောက် ပတ်သက် သူတွေထံ ငွေကြေး စီးဆင်းမှုတွေကို ချက်ချင်းဘဲ ဖြတ်တောက် သင့်ကြောင်းနဲ့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံ မှုတွေကိုလည်း ဆိုင်းငံ့ထားသင့်ပါကြောင်း” ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း က အင်္ဂါနေ့ အောက်လွှတ်တော် နိုင်ငံခြားရေး ရာ ကော်မတီ ကြားနာပွဲမှာ ပြောဆိုခဲ့တာပါ။

အမေရိကန် အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီက အွန်လိုင်းကနေ တဆင့် ကျင်းပတဲ့ The Unfolding Crisis in Burma ကြားနာပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ Progressive Voice အဖွဲ့ကို တည်ထောင် ဦးစီးသူ ဒေါ်ခင်ဥမ္မာနဲ့ ကမ္ဘာ့ အမျိုးသမီး ရေးရာ အမေရိကန် သံအ မတ်ကြီးဟောင်း Kelley E. Currie တို့က လက်ရှိ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု အရေးကို ထွက်ဆို ရှင်းလင်း ခဲ့ကြတာ ဖြစ်ပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ - NUG ကို တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြုရေး၊ စစ်တပ် အုပ်ချုပ်ရေး ကောင်စီက သံတမန်တွေကို ပြည်ဝင်ခွင့် ဗီဇာ ထုတ်မပေးရေး၊ စစ်အာဏာသိမ်းမှုကြောင့် အမေရိကန်က ထိန်းချုပ်ထားတဲ့ မြန်မာ နိုင်ငံပိုင် ရန်ပုံငွေကို မြန်မာ လူထု အကျိုးစီးပွား အတွက် NUG အမျိုးသား ညီညွတ် ရေး အစိုးရကို အသုံးပြုခွင့် ပေးရေးတို့ကိုပါ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အောက်လွှတ်တော် နိုင်ငံခြား ရေးရာ ကော်မတီမှာ အကြံပြုခဲ့ပါတယ်။

မြန်မာ ပြည်သူတွေရဲ့ အသက်အန္တရာယ် ဖြစ်မယ့်အရေး အကာအကွယ်ပေးဖို့၊ လိုအပ်နေသူတွေ အတွက် လူသားချင်း စာနာထောက်ကူမှုတွေ ပေးဖို့ လိုအပ်တဲ့ အကြောင်း အပြင် အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေးရ သူတွေ အတွက် ခိုလှုံစရာ နေရာလိုအပ်နေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းက ဒေသ တချို့ မှာ လေ ယာဉ် မပျံသန်းရဇုန် သတ်မှတ်ရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းချမှု တားမြစ်ကန့်သတ်ချက် လည်း ချ မှတ်ဖို့ သံအမတ်ကြီးက တိုက်တွန်းခဲ့ပါတယ်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */