Monday, August 24, 2020

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု စစ်ဆင်ရေး ၃ နှစ်ပြည့်ချိန် KBZ နှင့် Max Myanmar တို့ကို နိုင်ငံတကာဥပဒေနှင့်အညီ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရန် တောင်းဆို

Khit Thit Media
ရန်ကုန်၊ ဩဂုတ် ၂၄ ၂၀၂၀20


မြန်မာ့တပ်မတော်က ရိုဟင်ဂျာများအပေါ် စစ်ဆင်ရေးဆင်နွှဲခဲ့မှု ၃ နှစ်ပြည့်ချိန်တွင် တပ်မတော်၏ စစ်ဆင်ရေးအတွက် ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့သော KBZ နှင့် Max Myanmar တို့ကို နိုင်ငံ တကာဥပဒေနှင့်အညီ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ဆောင်ရွက်ရန် Justice for Myanmar က ယနေ့ ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်သည်။ 

မြန်မာစစ်တပ်၏ ရိုဟင်ဂျာများအပေါ်ကျူးလွန်သော လူမျိုးတုန်းသတ်ဖြတ်မှု စစ်ဆင်ရေး သုံးနှစ်ပြည့်ချိန်တွင် Justice For Myanmar က ခရိုနီလုပ်ငန်းစုများဖြစ်သည့် KBZ နှင့် Max Myanmar တို့အား နိုင်ငံတကာတရားဥပဒေနှင့်အညီ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေး ဆောင်ရွက်ရန်တောင်းဆိုကြောင်း၊ အဆိုပါ လုပ်ငန်းကြီးနှစ်ခုလုံးသည် ကုလသမဂ္ဂ၏စီးပွားရေး နှင့် လူ့အခွင့်အရေးဆိုင်ရာလမ်း ညွှန်ချက်များအရ တရားမျှတမှုနှင့်၊ လူမျိုးတုန်းသတ်ဖြတ်ခံရမှုမှ နစ်နာသူများနှင့် အသက်ရှင်ကျန်ရစ်သူများကိုကုစားမှုပေးရန် တာဝန်ရှိသည့်နိုင်ငံတကာစီးပွားမိတ်ဖက်များနှင့် ကွန်ရက်များတည်ဆောက် ထားကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

KBZ နှင့် Max Myanmar တို့၏ စီးပွားမိတ်ဖက်များသည် နစ်နာသူများ နှင့် အသက်ရှင်ကျန်ရစ်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု ရှိစေရန်အတွက် ချက်ချင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်ထိမူ ၎င်းတို့သည် လူ့အခွင့်အရေးဆိုင်ရာ သေချာစေရေး လုပ်ဆောင်ရမည့် တာဝန်ရှိမှုများကို ပျက်ကွက်နေဆဲပင်ဖြစ်ပြီး အဆိုပါ စီးပွားမိတ်ဖက်များတွင် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ဆွစ်ဇာလန် နှင့် ဂျပန်တို့မှ ကုမ္ပဏီကြီး များဖြစ်သည့် Shell ၊ AIA ၊ Accor ၊ Sumitomo Mitsui Banking Corporation ၊ Hughes Network Systems နှင့် Kempinski AG တို့ပါဝင်နေကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ 

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က "မြန်မာစစ်တပ်ဟာ စစ်တပ်နဲ့ခရိုနီစီးပွားရေးလုပ်ငန်းတွေရဲ့ အထောက်အပံ့တွေနဲ့ ရိုဟင်ဂျာလူမျိုးတွေအပေါ် ‘နယ်မြေရှင်းလင်းရေး’ စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့တာပါ။ နိုင်ငံတကာ ရာဇဝတ်မှုတွေအတွက် ငွေကြေးထောက်ပံ့ပေးတယ်ဆိုတာကိုက ရာဇဝတ်မှုတစ်ခုပဲဖြစ်လို့ ဒီစီးပွားရေးလုပ်ငန်းများကို တာဝန်ခံမှုရှိအောင်လုပ်ရပါမယ်။ KBZ နဲ့ Max Myanmar တို့ရဲ့ နိုင်ငံတကာစီးပွားမိတ်ဖက်တွေဟာလည်း နှုတ်ဆိတ်နေခြင်းအားဖြင့် အလိုတူအလိုပါ ဖြစ်နေကြပါတယ်။ သူတို့အခုပဲ စတင်ဆောင်ရွက်ဖို့ အချိန်တန်ပါပြီ။" ဟုပြောဆိုသည်။

ရိုဟင်ဂျာများအပေါ် စစ်ဆင်ရေးအထောက်အကူပြုရန် စက်တင်ဘာ ၂၀၁၇ တွင် မြန်မာတပ်မတော်က ခရိုနီနှင့် တပ်ပိုင်စီးပွားရေးလုပ်ငန်းများထံမှ အလှူငွေကောက်ခံခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များကို ငွေကြေးထောက်ပံ့ပေးရုံမျှမက နေရပ်စွန့်ခွာ ထွက်ပြေးရသည့် ရိုဟင်ဂျာများ နေရပ်သို့ ပြန်မလာနိုင်စေရန်အလို့ငှာ နယ်စပ်စည်းရိုးခတ်ဖို့အတွက်လည်း လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ အလှူရှင်များအနက် မြန်မာနိုင်ငံရှိ အကြီးဆုံး ခရိုနီလုပ်ငန်းစုကြီးများဖြစ်ကြသည့် KBZ Group သည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၇ သန်း လှုဒါန်းခဲ့ပြီး Max Myanmar ကလည်း အမေရိကန် ဒေါ်လာ ၉၇၆၈၅၇ လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့်ပြည်ထောင် စုလူသားချင်း စာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးစီမံ ကိန်း (UEHRD) ကလည်း နယ်စပ်စည်းရိုးခတ်ရေးအတွက်ရန်ပုံငွေရှာဖွေခြင်းများ ထပ်မံပြုလုပ်ခဲ့ပြီး KBZ က အမေရိကန် ဒေါ်လာ ၂ ဒသမ ၂ သန်း နှင့် Max Myanmar မှ အမေရိကန်ဒေါ်လာ ၆၅၄၀၀၀ လှူဒါန်းခဲ့ကာ အဓိကအလှူရှင်များ ဖြစ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

၂၀၁၉ သြဂုတ်လတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက် ရှာဖွေရေးမစ်ရှင် (UN FFM) က အထက်ဖော်ပြပါ လှူဒါန်းမှုများကို စုံစမ်းစစ်ဆေးပြီးနောက် "မစ်ရှင်အနေနှင့် KBZ နှင့် Max Myanmar တို့၏ တာဝန်ရှိသူများအား ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးသင့်ပြီး၊ လိုအပ်ပါက လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှု တွင်ပါဝင်သည့် "အခြားလူမဆန်သောလုပ်ရပ်များ" ကျူးလွန်ရန် ငွေအများအပြားဖြင့် တိုက်ရိုက်ထောက်ပံ့ပေးသည့်အပေါ် ရာဇဝတ်ကြောင်းအရ အရေးယူမှုများ ပြုလုပ်နိုင်ရန် ခိုင်လုံသောအချက်အလက်များလည်း ရရှိထားပြီ" ဟု ဆိုထားသည်။

ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်၏ အကြံပြုချက်များကို လက်ရှိအချိန်ထိ ဂရုမစိုက်ကြသေးဘဲ KBZ နှင့် Max Myanmar တို့၏ စီးပွားမိတ်ဖက်များသည်လည်း လူ့အခွင့်အရေး သေချာစေရေးအပေါ် တာဝန်ရှိသည့်အတိုင်း အရေးယူ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ၊ KBZ နှင့် Max Myanmar တို့၏ စီးပွားရေးမိတ်ဖက်များအား ၎င်းတို့တာဝန်ရှိမှု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် စစ်ရာဇဝတ်မှုများ ၊ လူသားမျိုးနွယ်ကိုဆန့်ကျင်သော ရာဇဝတ်မှုများအား ကူညီထောက်ပံ့နေသော (ဝါ) အားပေး အားမြှောက် ပြုနေသော ကော်ပိုရေးရှင်းများနှင့် စီးပွားရေးလုပ်ကိုင်ခြင်းမပြုရန်၊ KBZ နှင့် Max Myanmar မှ မြန်မာစစ်တပ်နှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများအားလုံး၊ မြန်မာစစ်တပ်နှင့် UEHRD အား လှူဒါန်းထားမှုများအားလုံးကို အများပြည်သူသိစေရန် ထုတ်ပြန်ပေးရန်၊ အကယ်၍ KBZ နှင့် Max Myanmar တို့မှ လိုက်နာရန် ပျက်ကွက်ပါက စီးပွားရေးအရ ပတ်သက်မှုအားလုံးကို ဖြတ်တောက် ရပ်ဆိုင်းပစ်ပါရန်တို့ကို Justice for Myanmar အဖွဲ့က တောင်းဆိုထားသည်။

ထို့ပြင် KBZ နှင့် Max Myanmar တို့အနေဖြင့် လက်ရှိအချိန် (သို့မဟုတ်) နောင်အနာဂတ်တွင် မြန် မာ စစ်တပ်နှင့် မည်သည့် စီးပွားရေးအရဆက်ဆံမှုမျိုးမှ မရှိတော့ကြောင်း၊ လက်ရှိအချိန် (သို့မဟုတ်) နောင်အနာဂတ်တွင် မြန်မာစစ်တပ်သို့ ထောက်ပံ့လှုဒါန်းခြင်း မပြုလုပ်တော့ကြောင်း သက်သေအထောက်အထား တစ်စုံတစ်ရာ မပြနိုင်မချင်း စီးပွားရေးအရ ဆက်ဆံရေးများအား ဖြတ်တောက်ပစ်ရန် လည်း ဆက်လက်တောင်းဆိုထားသည်။ 

မရတနာမောင်က "KBZ နဲ့ Max Myanmar တို့ဟာ အပြစ်ပေးအရေးယူခြင်းမခံရဘဲ လုပ်ငန်းဆက်ပြီးလည်ပတ်နေတာဟာ လက်သင့်ခံဖွယ်မရှိပါဘူး။ ဒီအခြေအနေဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေထဲမှာ စိတ်ထောင်းကိုယ်ကျေဖြစ်နေတဲ့ ၈၀၀,၀၀၀ သော အသက်ရှင်ကျန်လွတ်မြောက်သူ ရိုဟင်ဂျာတွေအတွက် သာမက၊ မြန်မာနိုင်ငံအတွင်းမှာ ကျန်ရှိနေခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့အမြောက်အများရဲ့ တင်းတင်းကျပ်ကျပ် စောင့်ကြည့်မှုအောက်မှာ အခြေခံလူ့အခွင့်အရေးချို့ငဲ့စွာနဲ့ ရက်ရက်စက်စက်ကျူးလွန်ခြင်း ခံနေရသူတွေ အတွက်တော့ နာကျည်းဖွယ်ရာပါ။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်ရဲ့ အကြံပြုတိုက်တွန်းမှုတွေကို အကောင်အထည်ဖေါ်ဆောင်ရွက်ရေးနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေကို ကိုယ့်လုပ်ရပ်အတွက် ကိုယ်ပြန်လည်တာဝန်ခံမှုရှိရေး သေချာစေဖို့ ဟန်ချက်ညီညီ စုပေါင်းဆောင်ရွက်ကြရပါမယ်” ဟု မှတ်ချက်ပြု ပြောဆိုထားသည်။
 
၂၀၁၉ ခုနှစ် သြဂုတ်လ ၅ ရက်နေ့ ထုတ်ပြန်ခဲ့သောကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူနည်းစု မွတ်စလင်များအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သော တပ်မတော်ကို လှူဒါန်းထောက်ပံ့ခဲ့ကြသည့် ဒုတိယသမ္မတဦးမြင့်ဆွေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မိသားစု၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဦးထွန်းမြင့်နိုင်၊ ဦးချစ်ခိုင်၊ ဦးတေဇ ၊ ဦးအောင်သောင်း၏ သားများ အပါအဝင် ခရိုနီကုမ္ပဏီများ၊ ဦးပိုင်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို ရာဇဝတ်မှုဖြင့် စစ်ဆေးရန် တောင်းဆိုခဲ့သည်။

ဒုတိယသမ္မတဦးမြင့်ဆွေ၊ တပ်ချုပ်မိသားစု၊ ဦးဇော်ဇော်ပိုင် မက်စ်မြန်မာ၊ ဦးအောင်ကိုဝင်းပိုင် KBZ ၊ ဦးထွန်းမြင့်နိုင်ပိုင် Asia World ၊ ဦးချစ်ခိုင်ပိုင် ဧဒင်ကုမ္ပဏီ၊ ဦးတေဇပိုင် ထူးကုမ္ပဏီ၊ ဦးအောင်သောင်း၏သားများ ပိုင်ဆိုင်သော IGE ၊ ဦးခင်မောင်အေး၏ CB ဘဏ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သား ဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်သော Sky One Construction ၊ ချွေးမဖြစ်သူ မမျိုးရတနာထိုက် ပိုင် ဆိုင်သော အောင်မြင်သူ အုပ်စုကုမ္ပဏီ အပါအဝင် ခရိုနီစီးပွားရေးကုမ္ပဏီများကို လူမျိုးတုန်းသတ် ဖြတ်မှု ကျူးလွန်သော တပ်မတော်သို့ ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ထောက်ပံ့လှူဒါန်းမှုအတွက် ရာဇဝတ်မှုဖြင့် အရေးယူပေးရန် ကုလသမဂ္ဂအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ရိုဟင်ဂျာများအပေါ် စစ်ဆင်ရေးအတွက် ထောက်ပံ့ရန် ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ကုမ္ပဏီ အဖွဲ့အစည်းပေါင်း ၄၅ ခုက အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂ သန်းတန် ငွေကြေးများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း၊ ငွေလှူဒါန်းမှုများသည် လူသားတမျိုးနွယ်လုံးအပေါ် သက်ရောက်သည့် ရာဇဝတ်မှုများ ဖြစ်သော အခြားလူမဆန်သည့် လုပ်ရပ်များနှင့် လူမျိုးခြား၊ ဘာသာခြားများကို ခွဲခြားနှိမ့်ချဆက်ဆံမှုတို့ အပါအဝင် အပြည်ပြည်ဆိုင်ရာ ဥပဒေလက်အောက်ရှိ ရာဇဝတ်မှုများ ကျူးလွန်မှုသို့ သိသိသာသာနှင့် တိုက်ရိုက်အလှူငွေ ပေးအပ်နိုင်ခဲ့သောကြောင့် အဆိုပါ ကုမ္ပဏီများ၏ အရာရှိများကို ရာဇဝတ်မှုဖြင့် စုံစမ်းစစ်ဆေးပေးရန် လိုအပ်ကြောင်း ဖော်ပြခဲ့သည်။

မြန်မာစစ်တပ်သို့ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က ထောက်ပံ့လှူဒါန်းခဲ့ကြရာတွင် ဦးဇော်ဇော်၏ မက်စ်မြန်မာ ဧရာဝတီဖောင်ဒေးရှင်းက နယ်စပ်ခြံစည်းရိုး ၂ မိုင် ကာရံခြင်းအတွက် ငွေကျပ်၁၂၆၇၆ သိန်း၊ ရွှေသံလွင် Sky Net ကုမ္ပဏီမှ လှူဒါန်းငွေကျပ်သိန်း ၁၀၀၀ အားလည်းကောင်း၊ ဒုတိ ယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီးဒေါ်ခင်သက်ဌေးမိသားစုမှ လှူဒါန်းငွေကျပ် ၂၅ သိန်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိသားစုက သိန်း ၅၀ ကိုလည်းကောင်း လှူဒါန်းခဲ့သည်။

ဦးထွန်းမြင့်နိုင်၏ Asia World က ငွေသိန်း ၁၀၀၀ ကျပ်ကိုလည်းကောင်း၊ Htoo Group မှလှူဒါန်းငွေကျပ်သိန်း ၅၀၀၊ Amazing Group လှူဒါန်းငွေကျပ်သိန်း ၃၀၀၊ ကြယ်နီလာကုမ္ပဏီမှ ငွေကျပ်သိန်း ၅၀၀၊ အောင်မြင်သူ ကုမ္ပဏီမှလှူဒါန်းငွေကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့သည်။

Sky One, Lucky man ကုမ္ပဏီမှ လှူဒါန်းငွေကျပ်သိန်း ၃၀၀၊ Authentic Construction Co.Ltd ကလှူဒါန်းငွေကျပ်သိန်း ၃၀၀၊ KT Group မှ လှူဒါန်းငွေကျပ်သိန်း ၃၀၀၊ ဦးစိုင်းတစ်အောင်မှ လှူဒါန်းငွေကျပ်သိန်း ၁၀၀၊ တိုယိုထိုင်းပါဝါမြန်မာကုမ္ပဏီမှ လှူဒါန်းငွေကျပ် ၂၂ သိန်းနှင့် ဦးဝင်းထွန်း International Language & Business Center(ILBC) မှလှူဒါန်းငွေကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့သည်။

အလားတူ ဦးအောင်ကိုဝင်း၏ KBZ အုပ်စုက ငွေကျပ် ဘီလီယံ ၃ ဒသမ ၄၇ ၊ ဦးအောင်သောင်း၏သားများ ပိုင်ဆိုင်သော IGE ကုမ္ပဏီက သိန်း ၅၀၀ ကျပ်၊ ၊ ဦးခင်မောင်အေး၏ CB ဘဏ်က သိန်း ၅၀၀ ၊ ဦးချစ်ခိုင်၏ ဧဒင်ကုမ္ပဏီက သိန်း ၃၀၀ ကျပ် အသီးသီးလှူဒါန်းခဲ့ကြကြောင်း ၊ စစ်တပ်ပိုင် ဦးပိုင်လက်အောက်ရှိ ကုမ္ပဏီများ၏ လှူဒါန်းမှု စုစုပေါင်းငွေကျပ်သိန်း ၂၆၅၁ ကျော်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက ငွေကျပ် ၁၈၂ သိန်း လည်းကောင်း လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

Photo Credit - U Zaw Zaw Facebook and Chinese media
www.khitthitnews.com



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */