Sunday, August 2, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း အိဒ်ပွဲတော် ကျင်းပ

VOA 
ဗွီအိုအေ (မြန်မာဌာန)
02 သြဂုတ်၊ 2020
မဆုမွန်
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကုတုပလောင် ဒုက္ခသည်စခန်းရှိ ဗလီမှာ ၂၀၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ အိဒ်ပွဲတော် ဆုတောင်းပွဲအခမ်းအနား။ (သြဂုတ် ၂၂၊ ၂၀၁၈)
အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ဘာသာရေး အိဒ်ပွဲတော်ကို ကိုဗစ်စည်းကမ်းချက်တွေ နဲ့အညီ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ကျင်းပပြီး ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။ အပြည့်အစုံကို မဆုမွန် စုစည်းတင်ပြထားပါတယ်။
ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေပေမယ့်လို့ ကမ္ဘာတဝန်းက အစ္စလာမ်ဘာသာဝင် မွတ်စလင်တွေ ဟာ အထွတ်အမြတ်ပွဲတော်ဖြစ်တဲ့ အိဒ်ပွဲတော်ကို ကိုဗစ်ကာလ စည်းကမ်းသတ်မှတ်ချက်တွေ ကြားကပဲ သြဂုတ်လ ၁ ရက်နေ့က ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပခဲ့ကြတာပါ။ ရိုဟင်ဂျာမွတ်စလင်သိန်းချီ စုဝေးခို လှုံနေထိုင်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ရိုဟင်ဂျာ ဒုက္ခသည်စခန်း အသီးသီးမှာ လည်း အစ္စလာမ်ဘာသာဝင်တွေရဲ့ အိဒ်ပွဲတော်ကျင်းပခွင့် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကမ့်ပ်အာဏာပိုင်တွေ ဘက်က ကိုဗစ်စည်းကမ်းချက် သတ်မှတ်ချက်တွေနဲ့အညီ ကျင်းပခွင့်ပြုခဲ့တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေ က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။



SEE ALSO:
ကိုဗစ်ကာလ ကန့်သတ်ချက်တွေကြား ကမ္ဘာတဝန်း အစ်ဒ်ပွဲတော်ဆင်နွှဲ 


သြဂုတ်လ ၁ ရက်နေ့မှာ ကျရောက်တဲ့ အိဒ်ပွဲတော်နေ့မှာ စခန်းတိုင်းမှာ ကျင်းပခွင့်ရခဲ့တဲ့အပေါ် အိဒ်ပွဲတော်ဖြစ်မြောက်ရေး ဦးဆောင်ကြိုးပမ်းခဲ့သူ တဦးဖြစ်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံက ပြောပြပါတယ်။

“၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁ ရက်နေ့ စနေနေ့က ကျရောက်တဲ့ အိဒ်ဒိလ်အသွာဟာနေ့ ကုရ်ဘာနီ နေ့ထူး နေ့မြတ်ကြီးကို ကော့ဇ်ဘဇားခရိုင်မှာ ခိုလှုံနေထိုင်ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တိုင်းဟာ ကမ့်ပ်အသီးသီးမှာ ကိုဗစ်ကာလထဲမှာ ကျင်းပနိုင်ခဲ့တဲ့အပေါ် ဘင်္ဂလားဒေ့ရှ် အစိုးရကို အထူးကျေးဇူးတင်ကြောင်းနဲ့ အားလုံးကို အိဒ်မိုဘာရ်ခ်နေ့ မင်္ဂ လာပါလို့ နှုတ်ဆက်ခြင်း ဖြစ်ပါတယ်ခင်ဗျာ။

“အိဒ်ပွဲတော်ကို ကမ့်ပ်ထဲမှာရှိတဲ့ ဗလီ ဝတ်ပြုကျောင်းတွေမှာပဲ ဝတ်ပြုဆုတောင်းကြပါတယ်။ အရင်နှစ် တုန်းက လို ကွင်းပြင်တွေမှာ လူစုလူဝေးတွေလိုမျိုး မလုပ်ခဲ့ကြပါဘူး။ ကိုယ်နေတဲ့အကွက်တွေ ဗလီတွေ မှာပဲ လူစုလူဝေးတွေ အများကြီးနဲ့ မဟုတ်ဘဲနဲ့ အိဒ်ပွဲကို လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့က ကိုဗစ်ကာ လကြားကနေ ဒီ အိဒ်ပွဲတော်ကို ကျင်းပခဲ့ပေမယ့် သေချာ နှာခေါင်းစည်းတွေ Mask တွေ သေချာတပ် ဆင် ထားကြပါတယ်ခင်ဗျ။ ဗလီကိုမဝင်ခင် ဝင်ပြီးတိုင်းလည်း လူတိုင်းက လက်ကို သေချာ ဆပ်ပြာနဲ့ဆေးကြော ကြတာ တွေ့ရပါတယ်။ နောက် ဝတ်ပြုချိန်မှာလည်း လူတယောက်နဲ့ တယောက်ကြား သုံးပေအကွာမှာ နေ ကြပြီးတော့ ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။ ကိုဗစ်မကူးစက်ရအောင် သတိဝီရိယတွေနဲ့ လုပ်ခဲ့ကြတာပါ။”

ကူးစက်မြန်ရောဂါ ကိုဗစ်ဖြစ်နေတဲ့ကာလ ဖြစ်ပေမယ့် အစ္စလာမ်တွေရဲ့ အိဒ်ပွဲတော် ကျင်းပခွင့်ရသလို ဒုက္ခ သည်တွေအတွက် အလှူရှင်တွေ ပေးလှူတဲ့ အလှူတွေကိုလည်း လက်ခံရရှိကြတဲ့အတွက် ဒုက္ခသည်တွေ က ဝမ်းသာနေကြတယ်လို့ ဘာလုခါလီ ဒုက္ခသည်စခန်း အမှတ် ၁၀ မှာ ခိုလှုံနေထိုင်သူ ရိုဟင်ဂျာဒုက္ခသည် ဦးစိုးမြင့်က ပြောပြပါတယ်။

“ဘာလုခါလီ ဒုက္ခသည်စခန်း အမှတ် ၁၀ မှာ လုပ်ဖြစ်ပါတယ်။ စခန်းတာဝန်ခံတွေက နေရာတွေ သတ်မှတ် ပေးတယ်။ လူတွေသွားလာဖို့ လွယ်ကူပြီး အချက်အချာကျတဲ့ နေရာတွေမှာ သူတို့က ပွဲတွေလုပ်ပေးတယ်။ အဲဒီမှာ အစားအစာတွေ ဖြန့်ဖြူးပေးတယ်။ တဦးချင်း ပုဂ္ဂလိက အလှူရှင်တွေဘက်ကလည်း ကျွဲနွားတွေ လာလှူဒါန်းတာ ရှိပါတယ်။ မိသားစု တစုချင်းစီကို ဂရမ် ၈၀၀ စီ ပေးလှူပါတယ်။ အိဒ်ပွဲကို လာတဲ့သူတိုင်း အပြင်ကို ထွက်လာရင် မဖြစ်မနေ Mask တွေ ဝတ်ဆင်ရတယ်။ ကျနော်တို့ Social Distancing ကတော့ နည်းနည်း အခက်အခဲဖြစ်တယ်။ လူတွေက စုပြုံပြီး နေကြရတာဆိုတော့ Social Distance လုပ်ရဖို့ ခက် ပေမယ့် Mask ကို လူတိုင်း မဖြစ်မနေ တပ်ခိုင်းပါတယ်။”


SEE ALSO:    ရိုဟင်ဂျာစခန်းက ကုရ်ဘာနီအိဒ်ပွဲတော်
 
အစ္စလာမ်တွေရဲ့ အိဒ်ပွဲတော် ဝတ်ပြုဆုတောင်းပွဲမှာ ရိုဟင်ဂျာ ဒုက္ခ သည်တွေ စားသောက်နေထိုင်ရေး တာဝန်ယူ စောင့်ရှောက်ပေးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်အစိုး ရ၊ ပြည်သူတွေ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အလှူရှင်တွေကို ရည်စူးပြီးလည်း ဆု တောင်းပေးသလို အမြန်ဆုံး ဌာနပြန်နိုင်ရေးအတွက်လည်း ဆုတောင်းခဲ့ကြတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည် တွေက ပြောပါတယ်။ ဦးစိုးမြင့်ကတော့ သူတို့ကို လက်ခံပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်ကို ကျေးဇူးတင်သလို မြန်မာပြည် နေရပ်ပြန်ရေးကို ဆုတောင်းခဲ့ပါတယ်။

“အိဒ်ပွဲမှာ ဆုတောင်းပေးချင်တာကတော့ အဓိကအားဖြင့် ဘင်္ဂလားဒေ့ရှ် အစိုးရကိုရော ဘင်္ဂလားလူ ထုကို ရော ကျနော်တို့ အများကြီး ကျေးဇူးတင်တယ်။ ထပ်ပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း ကျနော် တို့ကို ဒီလိုနေနိုင်အောင် လှူပေးတဲ့ စီစဉ်ပေးတဲ့ လှူဒါန်းပေးတဲ့အတွက်လည်း အများကြီး ကျေးဇူးတင် တယ်။ နောက်တခုက ကျနော်တို့ဆန္ဒကို ပြောပြရမယ်ဆိုရင် ကျနော်တို့တွေ အမြန်ဆုံး မိမိနေရပ်ဒေသကို ပြန်လိုတယ်။ အဲဒါကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဝိုင်းဝန်းဆောင်ရွက်ပေးပါလို့ပဲ တောင်းဆိုချင် တယ်။

“ကျနော်တို့ မိမိနေရပ်ဒေသကို မြန်မာနိုင်ငံကို ဘယ်တော့မှ မမေ့ပါဘူး။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အေး အေး ချမ်းချမ်း နေနိုင်အောင်၊ သက်တောင့်သက်သာ နေနိုင်အောင်၊ ဒီ COVID-19 ကပ်ဘေးက လွတ်ကင်း အောင် ဆုတောင်းပေးတယ်။ ဒီကပ်ဆိုးကြီးက တကမ္ဘာလုံး ရင်ဆိုင်နေရတယ်ဆိုတော့ တကမ္ဘာလုံး ဒီရော ဂါ ဆိုးကနေ လွတ်အောင်လို့ ကျနော်တို့ ဗလီတိုင်းမှာ ဆုတောင်းပေးကြပါတယ်။”

အများစိုးရိမ်နေသလို လူသိန်းချီနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေထဲ အခုချိန်အထိ ကိုဗစ်ရောဂါ ဆိုးဆိုးဝါးဝါး မဖြစ်သွားအောင် ကြိုတင်စီမံမှုတွေနဲ့ အထူးဂရုစိုက် ကာကွယ်စောင့်ရှောက်မှု ပညာပေးခဲ့သူတွေအတွက် လည်း ဦးအီစလံက အိဒ်ပွဲတော်မှာ ဆုတောင်းပေးပါတယ်။

“COVID-19 ရောဂါ ကာကွယ်ဖို့အတွက် ကျနော်တို့ကို ဘင်္ဂလားဒေ့ရှ် အစိုးရရယ် UNHCR ရယ် INGO, NGO တွေက ကျနော်တို့ကို ကျန်းမာရေး အသိပညာပေး စခန်းတိုင်းမှာ လုပ်ပေးလို့ ကပ်ဘေးရောဂါကနေ ကျော်လွှားနိုင်ခဲ့တယ်။ ကူးစက်မှုလည်း နည်းပါးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဝမ်းလည်း ဝမ်းသာပါ တယ်။ အိဒ်ပွဲတော်နေ့မှာ သူတို့အတွက်လည်း ဆုတောင်းမေတ္တာ ပို့သခဲ့ကြပါတယ်။ နောက် ဒုက္ခသည် ဘဝကနေ အမြန်ဆုံး မြန်မာနိုင်ငံ ပြန်နိုင်ရေးအတွက်လည်း ဆုတောင်းပါတယ်။ မြန်မာအစိုးရ အပါအဝင် ကမ္ဘာ့အသိုင်းအဝိုင်းကိုပါ ဒီအကျပ်အတည်းကို ပြေလည်အောင် ဆောင်ရွက်ပေးဖို့ ကျနော်တို့က အလေး အနက် အိဒ်ပွဲနေ့မှာ ကျနော်တို့တွေအားလုံး ဘေးကင်းလုံခြုံစွာ နေရပ်အမြန်ဆုံး ပြန်နိုင်ရေး အတွက်လည်း ဆုတောင်းခဲ့တာ ရှိပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လကုန်ပိုင်းမှာ ရခိုင်မြောက်ပိုင်းက အကြမ်းဖက် တိုက်ခိုက်မှုတွေရဲ့ နောက်ပိုင်း နယ် မြေရှင်းလင်းမှုတွေအတွင်း အသက်ဘေး စိုးရိမ်ရလို့ သိန်းချီထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာဒုက္ခ သည်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှာ ခိုလှုံနေခဲ့ကြတာ ဒီသြဂုတ်လဆိုရင်ပဲ သုံးနှစ်တင်းတင်း ပြည့်တော့ မှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်ကတော့ ဒီဒုက္ခသည်တွေ နေရပ်ရင်း ကို ပြန်လာနိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ပြန်လည်လက်ခံရေး အစီအမံတွေနဲ့ ဆောင်ရွက်နေတယ်လို့ ပြောဆိုထားပေမယ့် အခုအချိန်အထိကတော့ ဒုက္ခသည်တွေ အိဒ်ပွဲတော်နေ့မှာ ဆုတောင်းနေကြသလို နေရပ်ရင်း ပြန်နိုင်ရေးကတော့ အခုအချိန်အထိ မရေမရာ ဖြစ်နေဆဲဖြစ်ပါတယ်။

  

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */