" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, January 8, 2019

ဘယ်က ငွေနဲ့ AA တပ်ထောင်သလဲ

ဧရာဝတီ
8 January 2019
တပ်မတော်ဘက်က အရာရှိများဟာ AA ရဲ့ လက်ဖြောင့်စနိုက်ပါသမားတွေရဲ့ သတ်ဖြတ်မှုကို ခံနေရပါတယ်

ရခိုင်လူငယ် ၂၆ ဦးနဲ့ စတင်ခဲ့တဲ့ ရက္ခိုင့်တပ်မတော် (AA) ဟာ ၉ နှစ်ကျော်ကာလအတွင်းမှာ အင်အား ၇၀၀၀ ခန့် တောင့်တင်းတဲ့ စစ်တပ်တခု ဖြစ်လာသလို ရခိုင်ပြည်နယ်တွင်းမှာ ခြေကုပ်နိုင်ဖို့ကိုလည်း ပီပီပြင်ပြင် ကြိုးစားနေပါပြီ။

ဇန်နဝါရီလ ၄ ရက်က ဘူးသီးတောင်မြို့နယ်၊ နယ်ခြားစောင့်ရဲစခန်း ၄ ခုကို အင်အား ရာချီနဲ့ ဝင်ရောက် စီးနင်းပြီး လက်နက် ၄၀ ကျော်နဲ့ ကျည်ဆံ ၁၆၀၀၀ ကျော်ကို ယူသွားခဲ့ပါတယ်။နယ်ခြားစောင့်ရဲစခန်း အချို့ဟာ AA တပ်ဖွဲ့ဝင် ရခိုင်စစ်သားတွေ လာရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းကြား ထားလို့ အသင့် အနေအထားရှိနေခဲ့ပေမယ့် စခန်းတခုကို ၁၀၀၊ ၅၀ စတဲ့ အင်အားတွေနဲ့ လာတိုက်တဲ့ AA ကို ရဲတပ်ဖွဲ့ဟာ အင်အား ဆယ်ဂဏန်းလောက်နဲ့ ပြန်ခုခံခဲ့ရပါတယ်။

လူအင်အားရော လက်နက်အင်အားပါ သာနေတဲ့ တိုက်ခိုက်မှုမှာ ရဲ ၁၃ ဦး ကျဆုံးခဲ့ပြီး ၁၈ ဦးလည်း နာရီပိုင်း လောက် ဖမ်းဆီးခံခဲ့ရပါတယ်။ တပ်မတော်စစ်ကြောင်းတွေ ရောက်လာပြီး မြေပြင်မှာရော ဝေဟင်ကနေ ရဟတ် ယာဉ်နဲ့ပါ တိုက်ခိုက်မှ AA စစ်သားတွေဟာ နောက်ဆုတ်သွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ARSA ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ အပြီး နယ်စပ်ကို ထွက်ခွာနေတဲ့ ဘင်္ဂါလီဒုက္ခသည် တွေအရေးနဲ့ နိုင်ငံတကာမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ မပြီးသေးခင်မှာပဲ AA က ရခိုင်ပြည် နယ်တွင်း တပ်စခန်းနေရာတွေ ခြေကုပ်နိုင်ရေး တပ်မတော်ကို မကြာခဏ တိုက်ခိုက်နေပါတယ်။

AA ဟာ၂၀၁၄ ခုနှစ်ဝန်းကျင်ကတည်းက ရခိုင်ပြည်နယ်ကို ထိုးဖောက် ဝင်ရောက်ဖို့ စနစ်တကျ ရေရှည် စီမံကိန်း ဆွဲပြီး စစ်ဆင်ရေးတွေကို အကောင်အထည် ဖော်နေတာကြောင့် အစိုးရနဲ့ တပ်မတော်အတွက် ပို သတိချပ်လာရတဲ့ အနေအထားမှာ ရှိလာပါတယ်။

တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူများရဲ့ ခန့်မှန်းခြေအရတော့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင် ပြည်နယ် မြောက်ပိုင်းဒေသ ဖြစ်တဲ့ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်း မြို့နယ် တွေထဲကို ခြေဆန့်လာတဲ့ AA စစ်သား ၃၀၀၀ နီးပါး လောက် ရှိနေပြီ။

နှစ်အနည်းငယ်အတွင်း ထိန်းချုပ်ရာနယ်မြေ မရှိတဲ့ AA ဟာ ထောင်ချီတဲ့ စစ်သားတွေကို စစ်ဆင်ရေးလှုပ်ရှားမှုတွေမှာ အသုံးပြုဖို့ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ဘယ်က ဘယ်လို ဝင်ငွေတွေနဲ့ ဝယ်ယူ ရနေ ပါသလဲ။

အများသိပြီးသား ဖြစ်သလို AA ကို ပျိုးထောင်ပေးတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ မဟာမိတ်ဖြစ်တဲ့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့ရဲ့ စက်ရုံတွေကနေ ထုတ်တဲ့ တိုက်ခိုက်ရေး လက်နက်တွေ ဗုံးဆံတွေနဲ့ ခဲယမ်းမီးကျောက်တွေကို ရသလို နယ်စပ်မှောင်ခိုဈေးကွက်တွေကနေလည်း ကိုယ်ပိုင်ဝင်ငွေနဲ့ ဝယ်ယူနေပါတယ်။

AA ဟာ ၉ နှစ်တာ ကာလအတွင်း ရခိုင်လူမျိုးတွေ ကြားမှာ ထောက်ခံမှု များလာသလို ငွေကြေးနဲ့ လူအင်အား တောင့်တင်းလာတဲ့ လက်နက်ကိုင်တပ်တခုလည်း ဖြစ်လာပါတယ်။

KIA နဲ့ UWSA စက်ရုံထုတ်လက်နက်တွေ တရုတ်လက်နက်တွေထက် အရည်အသွေးကောင်းတဲ့ ထိုင်းနယ် စပ်က လက်နက်မှောင်ခိုဈေးကွက်မှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ တသောင်း နီးပါး၊ တသောင်းကျော် လောက် ဈေးပေါက်တဲ့ အမေရိကန်နိုင်ငံထုတ် M60 စက်သေနတ်တွေကို AA က ဝယ်ယူ ထားပြီး ဖြစ်ပါ တယ်။

ထိုင်းနယ်စပ်က မှောင်ခိုဈေးကွက်မှာ ဒေါ်လာ တသောင်းကျော် ပေါက်ဈေးရှိတဲ့ Barrett MRAD စနိုက်ပါ အမျိုးအစားသေနတ်တွေကိုလည်း AA က အတော်အသင့် ဝယ်ယူထားပါတယ်။

ထိုင်းနယ်စပ်မှောင်ခိုဈေးကွက်အပြင် AA တပ်ဖွဲ့ဝင်တွေ အခြေချနေတဲ့ အိန္ဒိယနယ်စပ်က ကသည်း၊ မဏိပူ ရ သူပုန်တွေဆီကတဆင့် အချို့လက်နက်တွေ ဝယ်ယူတာလည်း ဖြစ်နိုင်ပါတယ်။

Barrett MRAD စနိုက်ပါဟာ အစ္စရေး နယ်ခြားစောင့်တပ်တွေ နော်ဝေနဲ့ နယ်သာလန်နိုင်ငံက တပ်တွေမှာ အသုံး များပါတယ်။

၂၀၁၈ ခုနှစ် ဧပြီလ ၁၀ ရက်၊ ၉ နှစ်ပြည့် AA တပ်မွေးနေ့မှာ စစ်သား၊ စစ်သမီးတွေ စစ်ရေးပြနေတဲ့ ရုပ်သံ တခုကို တင်ခဲ့ပြီး မှောင်ခိုဈေးကွက်မှာ ဒေါ်လာသောင်းကျော်တန်တဲ့ လက်နက်တွေကို ထုတ်ပြခဲ့ပါတယ်။

၂၀၁၅ ခုနှစ်၊ တပ်မတော်နဲ့ AA ရဲ့ ပွဲဦးထွက် တိုက်ပွဲတွေနဲ့ ယနေ့ထိ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေမှာ တပ် မ တော်ဘက်က အရာရှိများဟာ AA ရဲ့ လက်ဖြောင့်စနိုက်ပါသမားတွေရဲ့ သတ်ဖြတ်မှုကို ခံနေရပါတယ်။

AA ဟာ တန်ကြေးမြင့် အရည်အသွေးကောင်းတဲ့ လက်နက်တွေ အပြင် သူ့ရဲ့ တပ်ဖွဲ့ဝင်တွေကို ထောက်ပံ့မှု က လည်း အပြည့်အစုံပါပဲ။

ယူနီဖောင်း၊ စားနပ်ရိက္ခာနဲ့ တော်လှန်ရေးလုပ်ငန်းအတွက် လှုပ်ရှားနေတဲ့ တပ်မှူးတွေ လိုအပ်တဲ့ ငွေကြေးနဲ့ ပစ္စည်းတွေ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ စားဝတ်နေရေး၊ ကျန်းမာရေးအပြင် ပညာရေးတပိုင်းတစ ဖြစ် နေတဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း ပညာရေးပိုင်းမှာ ထောက်ပံ့နေတာပါ။

AA ထဲကို ဝင်ချင်ပေမယ့် စစ်သင်တန်းအခြေစိုက်တဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့ကို လာဖို့ ငွေကြေး မတတ်နိုင် သူတွေကိုလည်း ငွေပို့ပေးတာမျိုးတွေ ရှိပါတယ်။

ဒီလိုမျိုး ၉ နှစ်တာ ကာလအတွင်းမှာ တပ်ဖွဲ့အင်အားကို ထူထောင်ပြီး ရှုထောင့်ပေါင်းစုံမှာ ငွေကုန်ကြေးကျခံနေတာဟာ အခြား တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေမှာ တွေ့ရခဲတဲ့ အနေအထားတခုပါ။

စီးပွားရေး အခြေအနေ ယိုယွင်းပြီး အလုပ်အကိုင်ရှားပါးတဲ့ ရခိုင်လူမျိုးတွေဟာ အိမ်နီးချင်းနိုင်ငံတွေကို ခြေဆန့်ပြီး ရရှာ အလုပ်လုပ်ကိုင်နေတာ နှစ်ကာလ ကြာမြင့်နေပြီ ဖြစ်ပါတယ်။

ပြည်တွင်းပြည်ပမှာ အပတ်တကုတ် အလုပ်ကြိုးစား ဝင်ငွေရှာဖွေကြတဲ့ ရခိုင်လူမျိုးတွေဟာ AA ကို ထောက်ခံပြီး လစဉ် သူတို့ဝင်ငွေထဲက မြန်မာငွေ သောင်းဂဏန်းခန့်ကို ပုံမှန် လှူဒါန်းနေကြပါတယ်။

ရခိုင်သူဌေးတွေကလည်း AA ကို ပမာဏများတဲ့ ငွေတွေ ပုံမှန်ထောက်ပံ့မှု ရှိနေပါတယ်။

ငွေကြေးတတ်နိုင်တဲ့ ရခိုင်သူဌေးတွေဟာ AA ကို သီးသန့် ထောက်ပံ့တာတွေ ရှိသလို သူတို့ရဲ့ မိသားစုဝင် တွေရဲ့ အထိမ်းအမှတ်နေ့တွေမှာလည်း AA ကို အလှူငွေတွေ ထည့်နေတာ ရှိနေပါတယ်။

၂၀၁၇ ခုနှစ် ချင်းပြည်နယ် ပလက်ဝတိုက်ပွဲမှာ AA တပ်ဖွဲ့တွေ ခြေကုပ်ထားတဲ့ နေရာကို တပ်မတော်က ဗုံး ကျဲ တိုက်ခိုက်ခံရပြီးနောက်မှာဆိုရင် လေယာဉ်ပစ်ကျည်တွေ ဝယ်ဖို့တောင် ရခိုင်သူဌေးတွေက ငွေတွေ ထပ်ထုတ် ပေးလာကြတယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုဖူးပါတယ်။

ဒုဗိုလ်မှူးကြီး အောင်မြတ်ကျော် (ဝဲ) နှင့် ဦးဝေသာထွန်း (ယာ)
သို့ပေမယ့် တပ်မတော်နဲ့ အစိုးရ အသိုင်းအဝိုင်းကြားမှာတော့ AA ရဲ့ ငွေကြေးအင်အား တောင့်တင်းလာမှုနဲ့လက် နက်ခဲယမ်း ဝယ်ယူနိုင်မှုအင်အားက မူးယစ်ဆေးဝါး မှောင်ခိုလုပ်လို့ ရတဲ့ ငွေကြေးတွေနဲ့ ဆက်နွယ်မှု ရှိတယ်လို့ ပြောဆိုနေကြပါတယ်။

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် ဥက္ကဌ ကိုဖီအာနန်ရဲ့ အစီရင်ခံစာမှာဆိုရင်လည်း AA ဟာ မူးယစ်ဆေးကုန်သည်တွေနဲ့ ဆက်စပ်မှု ရှိနေကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။

သူတို့ စွပ်စွဲနေသလို ထောက်ပြစရာ တချက်ကတော့ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဒုဗိုလ်မှူးကြီး အောင်မြတ်ကျော် ပါ။ သူဟာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ တပည့်ရင်းတဦး ဖြစ်ပါတယ်။

ဒုဗိုလ်မှူးကြီး အောင်မြတ်ကျော်ဟာ AA အပတ်စဉ် ၁ က သင်တန်းဆင်းတဦး ဖြစ်ပြီး ရခိုင်ပြည်နယ်တွင်းမှာ တော်လှန်ရေး လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ လက်နက်ခဲယမ်းထောက်ပံ့ရာမှာလည်း တာဝန်ယူထားသူ တဦး ပါ။

AA တပ်ဖွဲ့ဝင်တွေဟာ ၂၀၁၅ ခုနှစ်၊ နှစ်ဦးပိုင်းက ကချင်ပြည်နယ် လိုင်ဇာမြို့ကနေ တောလမ်းအတိုင်းချင်း ပြည် နယ် ပလက်ဝမြို့နယ် မြန်မာ-အိန္ဒိယနယ်စပ်ကို ချီတတ်လာပြီး တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်ကြပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ်ကို စတင်အခြေချလာတဲ့ တောလမ်းခရီးချီ တပ်ဖွဲ့တွေကို ရန်ကုန်-စစ်တွေကနေထိ လက် နက်ခဲယမ်းတွေ ထောက်ပံ့တဲ့ထဲမှာ ဒုဗိုလ်မှူးကြီး အောင်မြတ်ကျော်ဟာလည်း အရေးပါသူ တဦးပါ။

ဒုဗိုလ်မှူးကြီး အောင်မြတ်ကျော် ငှားရမ်းနေထိုင်တဲ့ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၂ ရပ်ကွက် အိမ်မှာ စစ်သုံးပြောက်ကျား ကျောပိုးအိတ် အလုံး ၈၀၊ စစ်လွယ်အိတ် အလုံး ၇၀၊ ညကြည့်မှန်ပြောင်း၊ စကားပြောစက်၊ သံလိုက်အိမ်မြှောင်၊ GPS ၊ စစ်သုံးအခင်း၊ မိုင်းနဲ ဗုံးတွေ ပြုလုပ်ရာမှာ သုံးတဲ့ ပစ္စည်းတွေ အမြောက်အများ ဖမ်းမိခဲ့ပါတယ်။

ရန်ကုန်မြို့၊ လှိုင်သာယာမြို့ အိမ်တအိမ်မှာလည်း လေယာဉ်ပစ် စက်သေနတ်ကျည်၊ AK 47 ကျည်၊ စက်လက် ကျည်၊ လက်နက်ကြီးပို့ကျည်၊ TNTယမ်းထုပ်တွေ စုစုပေါင်း ပစ္စည်းအရေအတွက် သောင်းချီ ဖမ်းမိ ခဲ့ပါတယ်။

ဒီ့အပြင် ဒုဗိုလ်မှူးကြီး အောင်မြတ်ကျော်နဲ့ အတူ နေထိုင်တဲ့ ဦးဝေသာထွန်းဟာ မူးယစ်ဆေးကုန်သည်တဦး ပါ။ ဦးဝေသာထွန်းကိုလည်း ဖမ်းမိခဲ့ပြီး သူတို့ရဲ့ အိမ်ကနေ WY ဆေးပြား ၃ သိန်းကျော် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

AA ဌာနချုပ်ကတော့ မူးယစ်ဆေးတွေဟာ သူတို့နဲ့ မပတ်သတ်ပဲ အစိုးရက သူတို့တော်လှန်ရေး တပ်ဖွဲ့ကို နာမည်ဖျက်တာလို့ ထုတ်ပြန်ချက်တွေ ထုတ်ပါတယ်။

သို့ပေမယ့် တရားရုံးတင် စစ်ဆေးရာမှာ ဒုဗိုလ်မှူးကြီး အောင်မြတ်ကျော်ဟာ မူးယစ်ဆေးကုန်သည်တွေနဲ့ ပူးပေါင်းကာ ရခိုင်ပြည်နယ်ထဲကို မူးယစ်ဆေးတွေ ရောင်းပြီး ရတဲ့ငွေကို AA ဌာနချုပ်ကို ပြန်အပ်ရတယ်လို့ ထွက်ဆိုချက်တွေ ပေးပါတယ်။

AA ဌာနချုပ်က ပြန် စိစစ်ပေးတဲ့ ငွေနဲ့ လက်နက်ခဲယမ်းတွေ ဝယ်ယူတာလို့လည်း ဒု ဗိုလ်မှူးကြီး အောင်မြတ် ကျော်က ထွက်ဆိုချက်တွေ အကြိမ်ကြိမ် ပေးခဲ့ပါတယ်။

ဒုဗိုလ်မှူးကြီး အောင်မြတ်ကျော်ဆီက ရတဲ့ အချက်အလက်တွေနဲ့ သူ့ရဲ့ ထွက်ဆိုချက်တွေအရ သူဟာ ထိုင်း နိုင် ငံနယ်စပ်ကနေ ဘားအံ-ရန်ကုန်၊ ရန်ကုန်ကတဆင့် စစ်တွေကို RPG၊ RPG ဗုံးသီး၊ လက်ပစ်ဗုံး၊ TNT ယမ်း၊ မိုင်းတွေကို အဝေးပြေးလိုင်းကားတွေကနေ ပို့သလို ကိုယ်ပိုင်ကားနဲ့လည်း အကြိမ် ၃၀ ခန့် ပို့ပေးထား ပြီကြောင်း ပြောပါတယ်။

ရဲတပ်ဖွဲ့က လက်နက်များအက်ဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေ တွေနဲ့ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၁၀ နှစ်ကျော် ပြစ်ဒဏ်ကျထားပါတယ်။

မူးယစ်ဆေးဝါးနဲ့ ပတ်သတ်ပြီး ရလာတဲ့ ငွေမည်းတွေနဲ့ ရန်ကုန်-စစ်တွေ ကားလမ်းတလျှောက်မှာ ခြံတွေ ဝယ်တာ ဘဏ်တွေမှာ သိန်း ၄၀၀ ကျော် အပ်နှံထားတာတွေအပြင် မော်တော်ယာဉ်၊ စက်လှေနဲ့ တိုက်ခန်း တွေ ဝယ်ယူထားတာကြောင့် ငွေကြေးခဝါချမှုနဲ့ ပတ်သတ်ပြီးလည်း ထပ်မံ တရားစွဲဆိုခံထားရပြီး လက်ရှိမှာ ဒုဗိုလ်မှူးကြီး အောင်မြတ်ကျော်နဲ့ မူးယစ်ဆေးကုန်ကူးနေသူ ၈ ဦးဟာ ရန်ကုန်မြို့က မြောက်ပိုင်းခရိုင် တရား ရုံးမှာ တ ရားရင်ဆိုင်နေရဆဲလည်း ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက်အမှုမှာလည်း သတ်ဖြတ်သူတွေဟာ AA အဖွဲ့နဲ့ ဆက်စပ်ပတ်သတ်နေသူတွေ ဖြစ်တယ်လို့ အစိုးရ ကဖော်ထုတ်ခဲ့ပါတယ်။

ဦးဘိုဘိုမင်းသိုက်ကို သတ်ဖြတ်ရာမှာ ပါဝင်ခဲ့သူများဟာလည်း ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအထိ WY ဆေးပြား ၄၄သိန်းကို အရောင်းအဝယ်ပြုလုပ်ထားပြီး ရရှိတဲ့ ငွေနဲ့ ထိုင်း-မြန်မာနယ် စပ်ကနေ လက်နက်တွေ ဝယ်၊ AA တပ်ဖွဲ့တွေကို ထောက်ပံ့တယ်လို့ ထွက်ဆိုထားကြပါတယ်။

AA ရဲ့ ပြောရေးဆိုခွင့်ရှိသူများကတော့ ဦးဘိုဘိုမင်းသိုက်ကို သတ်သူတွေပြောတဲ့ M 16 သေနတ်ဟာ သူတို့ တပ် ဖွဲ့တွေ လုံးဝ မသုံးတဲ့ လက်နက်လို့ ငြင်းချက်ထုတ်ထားပါတယ်။

စွပ်စွဲချက်တွေ ရှိနေပေမယ့် တဖက်မှာတော့ AA ရဲ့ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် အချို့ ကတော့ AA ဟာ မူးယစ်ဆေး ရောင်းဝယ်မှုတွေ မလုပ်ဘူးလို့ ငြင်းချက်ထုတ်ပေးတာတွေ ရှိပါတယ်။

AA လိုပဲ သူ့မဟာမိတ်တွေ ဖြစ်တဲ့ UWSA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) တို့ဟာလည်း သူတို့နယ်မြေတွင်းမှာ မူးယစ်ဆေးပြားတွေ ထွက်လာပေမယ့် မူးယစ်ဆေးဝါးတွေနဲ့ မပတ်သတ်ဘူးလို့ တလျှောက်လုံး ငြင်းဆိုနေကြတာပါပဲ။

မည်သို့ပင်ဆိုစေ ရခိုင်လူမျိုးတွေ ကြားမှာတော့ AA ဟာ ထောက်ခံမှုတွေ အများအပြား ရနေပါတယ်။

ပြည်တွင်း ရခိုင်လူမျိုးတွေသာမက ပြည်ပရောက် ရခိုင်လူမျိုးတွေဟာ ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့ ကိုယ့်ကံကြမ္မာ ကိုယ်ပြဌာန်းနိုင်ဖို့ သယံဇာတ ကြွယ်ဝတဲ့ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေ အနာဂတ် လှဖို့ အိပ်မက်တွေနဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်တဲ့ AA ကို အင်နဲ့ အားနဲ့ ထောက်ခံနေကြပါတယ်။

ရခိုင်လူမျိုး မိဘတွေဟာ သားသမီးတွေကိုတောင် AA တပ်ဖွဲ့ထဲ ဝင်ဖို့ ထောက်ခံကြတာတွေတောင် ရှိတာ တွေ့ရပါတယ်။ အရပ်သားတွေအပြင် ရခိုင်နိုင်ငံရေးသမား အများစုဟာလည်း ရခိုင်မှာ အားကောင်းမောင်း သန် ရှိလာနိုင်တဲ့ AA ကို လက်ခံထားကြတာပါ။

မဟာမိတ်တပ်ဖွဲ့တွေ ဖြစ်တဲ့ KIA တို့ UWSA တို့လို AA ဟာ သူ ခြေကုပ်ယူထားတဲ့ မြန်မာ-အိန္ဒိယနယ် စပ်မှာ လွတ်မြောက်နယ်မြေတခု တည်ဆောက်ဖို့အထိကို ရည်ရွယ်ချက် ထားရှိနေပါတယ်။

ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် AA တပ်ဖွဲ့တွေဟာ ရခိုင်ပြည်နယ်တွင်းကို ခြေဆန့်လို့ ရ နိုင်သမျှ ဆန့်ဦးမှာ ဖြစ်သလို သူတို့ခရီးအတွက် လိုအပ်မယ့် ခြိမ်းခြောက်တိုက်ခိုက်မှုတွေကိုလည်း ထပ်မံ လုပ် ဆောင်ဦးမယ့် အနေအထား ရှိနေပါတယ်။

ဆက်စပ်ဖတ်ရှုရန် – 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */