Wednesday, April 1, 2020

မြန်မာပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေ ရပ်ဖို့ သံတမန် တွေ တိုက်တွန်း

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
01 ဧပြီ၊ 2020 
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အနီးတွင် တွေ့ရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့။ (သြဂုတ် ၂၉၊ ၂၀၁၇) 
 
 COVID-19 ကမ္ဘာ့ကပ်ရောဂါဆိုးနဲ့ ကြုံနေရချိန်မှာ မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေကို ရပ်ဆိုင်းဖို့ မြန်မာနိုင်ငံအခြေစိုက် သံတမန်တွေ စုပေါင်းတိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ တိုက်ပွဲတွေ အရှိန်မြင့်တက်နေပြီး အရပ် သားတွေ ထိခိုက်သေဆုံးတဲ့အထိ ဖြစ်နေရတဲ့ အပေါ် စိုးရိမ်ကြောင်းနဲ့ အခုအချိန်ဟာ ကမ္ဘာတဝှမ်းမှာ ကိုရို နာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကြိုးပမ်းနေကြတဲ့ အချိန်ဖြစ်တဲ့အတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြုံရနိုင် ကြောင်းလည်း သံတမန်တွေက သတိပေးထားတာပါ။

ကမ္ဘာတဝှမ်းက လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး အပစ်အခတ် ရပ်စဲထားကြဖို့ ကုလသမဂ္ဂ အတွင်း ရေးမှူး ချုပ်ရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ထုတ်ပြန်ခဲ့တဲ့ တိုက်တွန်းချက်ကို လိုက်နာဖို့လည်း အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီနဲ့ ဥရောပသမဂ္ဂ (EU) အပါအဝင် နိုင်ငံပေါင်း ၂၀ လောက်က သံအမတ်ကြီးတွေ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

မြန်မာစစ်တပ်နဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံး တိုက်ပွဲတွေ ရပ်တန့်ပြီး ဆွေးနွေးအဖြေရှာဖို့နဲ့ အင်တာနက်နဲ့ မီဒီယာတွေအပေါ် ကန့်သတ်မှုတွေကို ဖယ်ရှားဖို့လည်း တိုက်တွန်းထားပါတယ်။

လူမျိုး၊ ဘာသာမရွေး ရင်ဆိုင်နေရတဲ့ COVID-19 ရောဂါနဲ့ ကြုံနေရပြီး မရေမရာ အခြေအနေတွေနဲ့ စိန်ခေါ် မှုတွေ ကြုံရချိန်မှာ အစိုးရနဲ့ ဒေသခံပြည်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ လက်တွဲဆောင်ရွက်နေတာ တွေ့ရကြောင်းနဲ့ မြန်မာနိုင်ငံတဝှမ်း ကျန်းမာရေးနဲ့ လူသားချင်း စာနာမှုလုပ်ငန်းတွေ ဆောင်ရွက်နေသူတွေ ကို ဆက်လက် ကူညီပံ့ပိုးသွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ကမ္ဘာ့ကပ်ရောဂါ ထိန်းချုပ်ရေး ဆောင်ရွက်နေတဲ့ သက်ဆိုင်ရာ အစုအဖွဲ့တွေ အနေနဲ့လည်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြဖို့ နိုင်ငံတကာ သံတမန်တွေက တိုက်တွန်းထားကြပါတယ်။ 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */