Saturday, February 8, 2020

ရခိုင် ပြည်နယ် မြို့တော် စစ်တွေ အနီးမှာ စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ တပ်မတော် အတည်ပြု

B B C
ဘီဘီစီ မြန်မာပိုင်း
2020.02.08
  စစ်ယာဉ်တန်း မိုင်းဆွဲ ခံရမှုက မြို့တော် စစ်တွေနဲ့ တစ်မိုင်သာသာ ဝန်းကျင် မှာ ဖြစ်ခဲ့

ရခိုင်ပြည်နယ်ရဲ့ မြို့တော်လည်း ဖြစ်၊ အစိုးရရုံးစိုက်ရာနေရာလည်းဖြစ်တဲ့ စစ်တွေမြို့ရဲ့ တစ်ဖက်ကမ်း ကျေးတောပိုက်ဆိပ်ကျေးရွာနဲ့ ရွှေမင်းဂံ ကြားမှာ ဖေဖော်ဝါရီ ၈ ရက် စနေနေ့မနက်ပိုင်း ၁၁ နာရီလောက်က ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့ပြီး ဒါဟာ စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက် ခံရတာလို့ တပ်မတော်ဘက်က ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။

ကားတန်းမိုင်းဆွဲတိုက်ခိုက်ခံရတာမှန်ကန်ကြောင်းနဲ့ ထိခိုက်မှုမရှိခဲ့ဘူးလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

"ကားတန်းမိုင်းဆွဲခံရတာဟာ ဟုတ်ပါတယ်၊ အသံတော့ကြားလိုက်ရတယ်၊ ထိခိုက်မှုတွေတော့ ဘာမှမရှိ ဘူး၊ ဘာမှဆက်လုပ်တာမရှိဘူး" လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦး က ဆိုပါတယ်။

တပ်မတော်ကားတန်းဟာ ရွှေမင်းဂံဆိပ်ကမ်းကနေ စစ်တွေဘက်ကို မောင်းနှင်လာတာတဲ့အချိန်ကျေးတော ရွာ သင်္ချိုင်းအနီး ကားလမ်းမဘေးမှာ မိုင်းတစ်လုံးပေါက်ကွဲခဲ့တာဖြစ်ကြောင်းနဲ့ ပေါက်ကွဲသံကိုကြား လိုက် ရပြီး မီးခိုးတွေထွက်လာတာကို တွေ့လိုက်ရတယ်လို့ ဒေသခံ ရွာသားတွေရဲ့ ပြောပြချက် အရ သိရပါတယ်။

ဒီ မိုင်းဆွဲ တိုက်ခိုက် ခံရမှုဟာ ဘယ်အဖွဲ့အစည်းရဲ့ ဖောက်ခွဲတိုက်ခိုက်မှု ဆိုတာကိုတော့ တပ်မတော်ဘက် က အတည်ပြု ပြောဆိုခြင်း မရှိသေးပါဘူး။

         မိုင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ အနီးဝန်းကျင်က လုံခြုံရေး စခန်း တစ်ခုကို အခင်း ဖြစ်ပွား ပြီး နေ့လယ်ပိုင်းမှာ မြင်တွေ့ရပုံ

 
ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ကုန်ပိုင်းက စပြီး ၂၀၁၉ ခုနှစ် တစ်နှစ်လုံး ရခိုင် မြောက်ပိုင်းမှာ အစိုးရ တပ်မတော် နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ကြားမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာပါ။ လက်ရှိမှာလည်း ရခိုင် ပြည်နယ် မြောက်ပိုင်းက ၄ မြို့နယ် နဲ့ ချင်း ပြည်နယ်က ပလက်ဝ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ရက်နေ့က စပြီး ဒုတိယ အကြိမ် အဖြစ် အင်တာနက်ကွန်ရက်တွေ ထပ်မံဖြတ်တောက်ခဲ့သလို အဲဒီ ဖြစ်စဉ် အပြီး မှာ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ် တွေမှာ နှစ်ဖက် တပ်တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်နေပါတယ်။

အခု ပြည်နယ် မြို့တော် စစ်တွေ မြို့နယ်က မိုင်းခွဲ တိုက်ခိုက်မှု ဖြစ်စဉ်ကို ရက္ခိုင့်တပ်တော် (အေအေ) ဘက်က ဘီဘီစီက ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အေအေ အဖွဲ့က ပြုလုပ်ခဲ့ကြောင်း အတည်ပြုချက်တော့ မရသေးပါဘူး။

"ဒီကိစ္စနဲ့ပတ်သက်လို့တော့ ကျွန်တော်မသိရသေးဘူးဗျ၊ ကျွန်တော်ဆီကို သတင်းပို့တာမရှိသေးဘူး" လို့ အေအေရဲ့ပြောခွင့်ရသူ ခိုင်သုခက ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၈ ရက် စစ်တွေ အနီး တိုက်ခိုက်မှု ဖြစ်စဉ်မှာ မိုင်းတစ်လုံးပေါက်ကွဲခဲ့မှု အပြင် တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့က နယ်မြေရှင်းလင်းမှုတွေ ဆောင်ရွက်တဲ့ အခါမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာနဲ့ အနီးဝန်းကျင် မှာ မပေါက်ကွဲသေးတဲ့ မိုင်းတစ်လုံးကိုလည်း ရှာဖွေတွေ့ရှိထားတယ်လို့ သိရကြောင်း အမည်မဖော်လိုတဲ့ ကျေးရွာတာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်

ရခိုင် မြောက်ပိုင်းက စခဲ့တဲ့ တိုက်ပွဲတွေဟာ စစ်တွေ အနီး အထိ ရောက်ရှိလာနေ

အခင်းဖြစ်ပြီး ချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာအနီးဝန်းကျင်ကို လုံခြုံရေး တင်းကျပ်ထားပြီး နယ်မြေရှင်း လင်းမှုတွေ ဆောင်ရွက်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ကျေးရွာအတွင်းကို ဝင်ရောက်ပြီး စစ် ဆေး တာ၊ ဖမ်းဆီးမှုတွေပြုလုပ်မှာကိုလည်း ကျေးရွာသား တွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာဟာ စစ်တွေမြို့မြောက်ဘက် ဆတ်ရိုးကျ ချောင်း တစ်ဖက်ကမ်းမှာဖြစ်ပြီး စစ်တွေမြို့တွင်းနဲ့ တစ်မိုင်သာသာ ဝန်းကျင်လောက်ပဲ ကွာဝေးတာဖြစ်ပါတယ်။ အဲ့ဒီ ကျေးတောရွာအနီးမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မိုးတွင်း ကာလကလည်း ကုလားတန်မြစ်ပြင်အတွင်းရပ်နားထားတဲ့ ရေတပ်သင်္ဘော တစ်စီးကို ရှော့တိုက်ဒုံးတွေနဲ့ အေအေဘက်ကနေ ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ရှိခဲ့ဖူးပါတယ်။

ရွှေမင်းဂံနဲ့ ကျေးတောပိုက်ဆိပ်ကျေးရွာအကြား တံတားအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့ တပ်မတော် ကား တန်းဟာ စစ်တွေမြို့တစ်ဖက်ကမ်းမှာရှိတဲ့ ရွှေမင်းဂံဘက်မှာရှိတဲ့ တပ်မတော် ရေတပ် ဆိပ်ကမ်းကနေ ရိက္ခာပစ္စည်းတွေကို တင်ဆောင်လာခဲ့တဲ့ယာဉ်တန်းဖြစ်တယ်လို့ မျက်မြင် သက်သေ ဒေသခံတွေကပြောပါ တယ်။

အဲဒီ ဆိပ်ကမ်းဟာ စစ်တွေနဲ့ တခြားဒေသတွေကို ကုန်စည် ကူးသန်းမှုတွေပြုလုပ်နေတဲ့ ကုန်တင်သင်္ဘော ကြီးတွေ၊ မော်တော်တွေ ဆိုက်ကပ်နေတဲ့ ဆိပ်ကမ်းတစ်ခု ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်လာတဲ့အချိန်မှာ တပ်မတော်ရဲ့ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေ ကို တင်ပို့နေတဲ့ အဓိက နေဗီဆိပ်ကမ်းတစ်ခုအဖြစ် အသုံးပြုလာနေတာဖြစ်တယ်လို့ လုံခြုံရေး စိုးရိမ်လို့ အမည်မဖော်လိုတဲ့ ကျေးရွာ ရွာသားတစ်ဦးက ပြောပါတယ်။

အခု ရက်ပိုင်း အတွင်း မှာ ရခိုင် မှာ တိုက်ပွဲ အရှိန်က ဆက်တိုက် မြင့်တက်နေပြီး တပ်မတော်အနေနဲ့ ရက္ခိုင့် တပ်တော် အေအေကို ၃ လအတွင်း အပြီးအပြတ် တိုက်ခိုက်မယ်လို့ စီမံချက် တစ်ခု ချမှတ်ကာ စစ်ဆေးရေး အရှိန် မြှင့်နေတာ ဆိုပြီး ရခိုင် ပြည်နယ်ထဲမှာ ပြောဆို သုံးသပ်မှုတွေ ရှိနေပေမယ့် ဒါကိုတော့ တပ်မတော် ဘက်က ငြင်းဆန်ပါတယ်။

အေအေနဲ့ ရခိုင် လူထု ကို ခွဲခြား မြင်ထားပြီး အေအေ နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လည်း ဆက်လက် ဆောင် ရွက် မှာ ဖြစ်ကာ ငြိမ်းချမ်းရေး တံခါး ဆက် ဖွင့်ထားဆဲ ဖြစ်တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ဖေဖော်ဝါရီ ၈ ရက်နေ့ ညနေပိုင်းက ဖြေကြားထားပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */