" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 26, 2020

မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စား လှယ်သစ် အမည်စာရင်းတင်သွင်း

VOA
ဗွီအိုအေ (မြန်မာဌာန)
26 ဖေဖော်ဝါရီ၊ 2020
အင်ကြင်းနိုင်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ အမည်သွင်းခံရတဲ့ အမေရိကန် အောက်လွှတ်တော်အမတ်ဟောင်း Tom Andrews (Photo- cspan)
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ၄၃ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံဆိုင် ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ အမေရိကန် အောက်လွှတ်တော် အမတ်ဟောင်း Tom Andrews ကို လူ့အခွင့်အရေးကောင်စီဥက္ကဌက အင်္ဂါနေ့မှာ အမည်တင်သွင်းလိုက် ပါတယ်။
သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee နေရာမှာ Tom Andrews ကို ဘာကြောင့် အမည်စာရင်း တင်သွင်းခဲ့တာလဲဆိုတာနဲ့ သူ့အရင်တာဝန်ထမ်းဆောင်ခဲ့ သူတွေနဲ့ ဘာကွာခြားချက်တွေ ရှိနိုင်သလဲဆိုတာကိုတော့ မအင်ကြင်းနိုင်က စုစည်း တင်ပြပေးထားပါ တယ်။

အမေရိကန်အောက်လွှတ်တော်အမတ်ဟောင်း Tom Andrews ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကတည်းက မြန် မာနိုင်ငံမှာ လူ့အခွင့်အရေးတိုးတက်လာအောင် ကူညီပံ့ပိုးပေးခဲ့သူဖြစ်ပြီး မြန်မာအရေးနဲ့ ပတ်သက်လို့လည်း ကျွမ်းကျွမ်းကျင်ကျင် သိထားသူတဦး ဖြစ်တာကြောင့် ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ အခြေအနေကို မြန်မြန်ဆန်ဆန် စုံစမ်းစစ်ဆေး ပြောဆိုနိုင်မယ့် အထူးကိုယ်စားလှယ် အဖြစ် သူ့ကို ရွေးချယ်ပြီး လူ့အခွင့် အေ ရးကောင်စီ ဥက္ကဌ Elisabeth Tichy-Fisslberger က အမည်တင်သွင်းခဲ့တာဖြစ်တယ်လို့ ဗြိတိန် အခြေ စိုက် Burma Campaign UK အဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Mark Farmaner ကပြောပါတယ်။

“Tom Andrews ဟာ အမေရိကန် အောက်လွှတ်တော်အမတ်ဟောင်းတဦးဖြစ်ပါတယ်။ မြန်မာ့အရေးကို နှစ်ပေါင်းများစွာ ကူညီဆောင်ရွက်ခဲ့သူဖြစ်တဲ့အတွက် မြန်မာနဲ့ ပတ်သက်လို့ ကောင်းကောင်း နားလည်သူ တဦးပါ။ နောက်ပြီး ပြည်ပမှာဖွဲ့စည်းခဲ့တဲ့ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ရဲ့ အကြံပေးအဖြစ်လုပ် ခဲ့ပါတယ်။ ဒါအပြင် ရိုဟင်ဂျာအရေး ဆောင်ရွက်နေတဲ့ ဝါရှင်တန်အခြေစိုက် United to End Genocide အဖွဲ့မှာလည်း ကူညီပါဝင်လေ့ရှိသလို Fortify Rights အဖွဲ့ရဲ့ အကြံပေးလည်း ဖြစ်ပါတယ်။”

ဖေဖေါ်ဝါရီလ ၂၄ ရက်ကနေ မတ်လ ၂၀ ရက်နေ့ထိ ကျင်းပမယ့် လူ့အခွင့်အရေး ကောင်စီ ညီလာခံကနေ Tom Andrews ကို မဲပေးရွေးချယ် အတည်ပြုမှာဖြစ်ပါတယ်။ သက်တမ်းခြောက်နှစ် ကုန်ဆုံးပြီးဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟီးလီနေရာမှာ ဝင်ရောက်လာ သူ ဖြစ်မယ့် Tom Andrews နဲ့ ပတ်သက်လို့ Mark Farmaner ကသူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

“အထူးကိုယ်စားလှယ်အသစ်ဖြစ်လာပြီ ဆိုရင် တာဝန်ထမ်းဆောင်ချိန် အစပိုင်းမှာ ပျော့ပြောင်းတဲ့ ပုံစံမျိုး တွေ့ရလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရနဲ့ အပြန်အလှန်ဆွေးနွေးဖို့ နိုင်ငံထဲ လေ့လာစုံစမ်းဖို့ ပြည်ဝင်ခွင့် ဗီဇာရဖို့အတွက် ကြိုးစားတာဖြစ်ပါတယ်။ သူတို့ ပြည်တွင်း သွားလာခွင့်ရပြီး အခြေအနေတွေကို ကိုယ်တိုင်မြင်တွေ့ရပြီးနောက် လူ့အခွင့်အရေး တိုးတက်လာအောင် အစိုးရပိုင်းက ဆောင်ရွက်လိုစိတ် မရှိ ဘူးဆိုတာကို မြင်လာတဲ့အချိန်မှာ ဒီအထူးကိုယ်စားလှယ်တွေဟာ ဖိအားပေးတဲ့ ပုံစံမျိုးဖြစ်လာပါတယ်။ ဒါပေမယ့် ယန်ဟီးလီက ဒီလိုပုံစံမျိုးကို စတင်ပြောင်းလဲခဲ့သူဖြစ်ပါတယ်။ သူစပြီး တာဝန်ထမ်းဆောင်ချိန်မှာ တင်သွင်းတဲ့ အစီရင်ခံစာဆိုရင် ပြတ်ပြတ်သားသားတည့်တည့်မတ်မတ်နဲ့ လိုရင်းကို ထောက်ပြခဲ့တာဖြစ် ပါတယ်။ အခုလည်းTomAndrews အနေနဲ့ ယန်ဟီလီ ပုံစံအတိုင်း အချိန်မဆွဲပဲ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးအခြေအနေကို ပြတ်ပြတ်သားသား အစီရင်ခံလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

အထူးကိုယ်စားလှယ်အသစ်ခန့်အပ်ဖို့ အမည်စာရင်းပေါင်း ၁၅ ခုထဲက Tom Andrews နဲ့အတူ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အရင်စစ်အစိုးရက နေအိမ်မှာ အကျယ်ချုပ် နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခံရတဲ့အချိန်မှာ သူ့ရဲ့ နိုင်ငံတကာရှေ့နေအဖြစ် လုပ်ခဲ့တဲ့ အမေရိကန်ရှေ့နေ Jared Genser နဲ့အတူသုံးယောက် ကို စကာတင် အဖြစ်ရွေးချယ်ခဲ့ကြောင်း Mark Farmaner ကပြောပါတယ်။ အဲဒီထဲကမှTom Andrews ကိုရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်လို့ Tom Andrews ကို လူ့အခွင့်အရေးကောင်စီညီလာခံက အတည်ပြုလိုက်မယ်ဆိုရင် ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်တွေ ထဲမှာ ပထမဆုံး အမေရိကန်လူမျိုးဖြစ် လာမှာပါ။

မနက်ဖြန် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့မှာတော့ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး Michelle Bachelet ရဲ့ မြန် မာနိုင်ငံအစီရင်ခံစာကို ညီလာခံမှာ တင်သွင်းဖို့ရှိပြီး၊ ယန်ဟီလီရဲ့ မြန်မာနိုင်ငံဆိုင်ရာ နောက်ဆုံး အစီရင်ခံစာကို မတ်လ ၉ ရက်နေ့မှာ တင်သွင်းမှာဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */