Wednesday, January 22, 2020

ICJ တရားရုံး ကြားဖြတ်အမိန့်နဲ့ သက်ရောက်မှုများ

လွတ်လပ်တဲ့အာရှအသံ ( RFA )
ဝေမာထွန်း
2020-01-21
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ICJ မှာ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်ကို ၂၀၁၉၊ ဒီဇင်ဘာ ၁၁ရက် နေ့က ပြန်လည်ချေပစဉ်Photo: Myanmar State Counsellor Office

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုထားတာကို အပြည်ပြည်ဆိုင်ရာတရား ရုံး ICJ က လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် ၃ နာရီခွဲမှာ ကြားဖြတ်အမိန့်တစ်ရပ်ချမှတ် မှာပါ။

လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့ ချမှတ်မယ့်အမိန့်ဟာ နောက်ဆုံးအမိန့်မဟုတ်ဘဲ ဂမ်ဘီယာနိုင်ငံက တရားလိုလုပ် တင်ပြချက်အပေါ် မြန်မာနိုင်ငံက ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်က ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင် သွားရောက်ချေပခဲ့မှုနဲ့ ပတ်သက်ပြီး အမှုကို ရှေ့ဆက်ဆောင်ရွက်သင့်မသင့် တရားရုံးက ဆုံးဖြတ်ချက် ချ မှာပါ။

တကယ်လို့ ဂမ်ဘီယာရဲ့ စွပ်စွဲချက်အတိုင်း လူမျိုးတုံးသတ်ဖြတ်မှုရှိတယ်လို့ သံသယရှိတာကြောင့် စစ်ဆေးဖို့လိုအပ် ကြောင်း တရားရုံးက ဆုံးဖြတ်လိုက်မယ်ဆိုရင် ခိုင်လုံတဲ့သက်သေတွေရှာဖို့၊ စွပ်စွဲချက်တွေကို ချေပဖို့ စတဲ့လုပ်ငန်း စဉ်တွေ ဆက်ရှိလာပြီး ဒီအမှုကို နှစ်နဲ့ချီဆက်လက်စစ်ဆေးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အဲဒီလိုမဟုတ်ဘဲ မြန်မာဘက်က တင်ပြတဲ့အတိုင်း အမှုကို ရုပ်သိမ်းပေးလိုက်မယ်ဆိုရင်တော့ လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဒီတရားစွဲဆိုမှုက လုံးဝပြီးဆုံးသွားမှာ ဖြစ်ပါတယ်။

ဂမ်ဘီယာရဲ့ တရားစွဲဆိုမှုကို ပလပ်ဖို့ ICJ က ဆုံးဖြတ်လိုက်ရင် တခြားနိုင်ငံတကာတရားရုံးတွေမှာ မြန်မာနိုင် ငံအပေါ် တရားစွဲဆိုဖို့ ပြင်ဆင်နေတာတွေနဲ့ တရားစွဲဆိုထားမှုတွေပါ ပြီးစီးသွားနိုင်မှာဖြစ်တယ်လို့ နော်ဝေ နိုင်ငံမှာ နေထိုင်နေတဲ့ နိုင်ငံတကာဥပဒေကျွမ်းကျင်သူ၊ မြန်မာရှေ့နေ ဦးမင်းလွင်ဦး က ပြောပါတယ်။

“အမှုကို ပလပ်ဖို့အတွက် ဆုံးဖြတ်လိုက်တယ်ဆိုရင် အာဂျင်တီးနားမှာ စွဲဆိုထားတဲ့အမှုတွေ၊ နောက်ပြီး တော့ ICC မှာ စွဲဆိုမယ့်အမှုတွေအားလုံး၊ ရပ်တန့်သွားနိုင်မယ့် အခြေအနေမျိုးဖြစ်တဲ့အတွက် အဲဒါကို တော့ ဖြစ်နိုင်ပါစေလို့ ကျနော်တို့က ဆုတောင်းတာပေါ့ဗျာ။”

ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်လို့ ကြားဖြတ်အမိန့်ချမယ့် ၂၃ ရက်နေ့မှာ မြန်မာဘက်က ကိုယ်စားလှယ်အဖွဲ့လည်း ICJ ကို သွားရောက်ရမှာ ဖြစ်ပါတယ်။

နိုင်ငံတကာဥပဒေပညာရှင်တွေကတော့ ဒီအမိန့်ချမှတ်မယ့်နေမှာ နှစ်နိုင်ငံဘက်က တရားရုံးထံ တင်ပြရ မယ့် ကဏ္ဍ မပါရှိဘဲ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုသာ လက်ခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။

RFA က နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်၊ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးနဲ့ ဦး အောင်ကို တို့ကို ဒီနေ့ ညနေ ၅ နာရီကျော်အချိန်ထိ ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။

အမိန့်ချမှတ်မယ့်နေမှာ ICJ တရားရုံးထံ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် တင့်ဆွေ က သူဦးဆောင်သွားမယ်လို့ မြန်မာ့ရုပ်မြင်သံကြား MRTV က ဇန်နဝါရီလ ၁၉ ရက်နေ့က ICJ နဲ့ မြန်မာနိုင်ငံ ဆွေးနွေးပွဲစကားဝိုင်းမှာ ပြောခဲ့ပါတယ်။

“ဆုံးဖြတ်ချက်ချမယ့်နေမှာလည်း ကျနော်တို့ နိုင်ငံက ကိုယ်စားလှယ်အဖွဲ့ဖွဲ့ပြီး သွားရောက်ဖို့ ရှိပါတယ်။ ဒီတခေါက်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံ လိုက်ပါစရာမလိုတဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံ လိုက်ပါ မှာ မဟုတ်ပါဘူး။ ပူးတွဲကိုယ်စားလှယ်အနေနဲ့ ကျနော်အနေနဲ့ သွားရောက်မှာ ဖြစ်ပါတယ်။”

ဆွီဒင်နိုင်ငံမှာနေထိုင်တဲ့ လူ့အခွင့်အရေးရှေ့နေ၊ ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ ဦး အောင်ထူး က ၂၃ ရက်နေ့ တရားရုံးမှာ ဖြစ်ပေါ်နိုင်တဲ့ အခြေအနေတွေကို အခုလို ရှင်းပြပါတယ်။

“အရေးယူဆောင်ရွက်ဖို့ လုံလောက်တဲ့ အထောက်အထားရှိသလား၊ ရှိတယ်ဆိုရင် ဂမ်ဘီယာဘက်ကို အသားပေး ပြီး ဆုံးဖြတ်သွားမယ်၊ အခြေခံအားဖြင့် အမှုကို ဆက်သွားနိုင်လောက်အောင်တော့ လုံ လောက်တဲ့ အထောက် အထားမရှိဘူးဆိုရင်တော့ ပယ်ချလိုက်မှာပဲ။ ဥပမာ ပိုရှင်းနိုင်တာက ICJ က ကြား ဖြတ် ဆောင် ရွက်တဲ့ကိစ္စက တရားမမှုတွေမှာ တားဝရမ်းနဲ့တူတယ်။ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူး လွန်နိုင်ချေရှိ တဲ့ အ ကြောင်း အထောက် အထားတွေ တွေ့နေရပြီ။ ဒါကြောင့်မို့လို ဒါမျိုးတွေ လောလော ဆယ် အမှုကို စစ်ဆေး နေ စဉ် အတောအတွင်းမှာ ဆက်မဖြစ်အောင် ကာကွယ်တားဆီးထားတဲ့ သဘော နဲ့ ယာယီအားဖြင့် ထုတ် ပေးလိုက်တဲ့အမိန့်ဖြစ်တယ်။”

လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ဆက်လက်စစ်ဆေးဖို့ တရားရုံးက အမိန့်ချမယ်ဆိုရင် ကုလသမဂ္ဂရဲ့ အချက် အလက်ရှာဖွေရေးအဖွဲ့တွေဟာ မြန်မာနိုင်ငံတွင်း ဝင်ရောက်တာ၊ ရခိုင်ဒေသကို သွားရောက်စစ် ဆေးတာတွေ ရှိ လာနိုင်တယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။

အဲဒီလို ဝင်ရောက်စစ်ဆေးတဲ့အခါ ပြစ်မှုကျူးလွန်ကြောင်း သက်သေခံချက်တွေ ထွက်ပေါ်လာပြီး နိုင်ငံတကာ ဖိအားတွေတိုးလာတာ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းလာတာ၊ စီးပွားရေးဆက်သွယ်မှုတွေ ကျဆင်း တာဖြစ်လာနိုင်ပြီး အစိုးရက ပြုပြင်ပြောင်းလဲရေးကို ဦးတည်ဆောင်ရွက်ရမယ့် အနေအထား တွေရှိလာနိုင် တယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှာ ထပ်မံရင်ဆိုင် ရဖို့ရှိ၊ မရှိ ဆိုတာကိုပါ ပြောနိုင်မယ့် အခြေအနေတစ်ရပ်လို့ ဥပဒေပညာရှင်တွေက မှတ်ချက်ပေးကြပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */