Friday, January 10, 2020

ကော့သောင်းမှာ ဖမ်းမိတဲ့ လှေစီးဒုက္ခသည်တွေကို နေရပ် ပြန်ပို့

B B C
ဘီဘီစီ မြန်မာပိုင်း
2020-01-10
ဇာဒက်ကြီး ရေတပ်စခန်းမှာထိန်းသိမ်းထားခဲ့ပြီးနောက် နေရပ်ပြန်ပို့

တနင်္သာရီတိုင်း ကော့သောင်းရေပြင်မှာ ဒီဇင်ဘာလက ဖမ်းမိခဲ့တဲ့ စစ်တွေနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း တွေက ထွက်လာကြတဲ့ ရိုဟင်ဂျာ ၁၇၂ ဦးလုံး ကို ရခိုင်ပြည်နယ်ကို ပြန်ပို့ဆောင်နေပြီး အဲ့ဒီထဲက ဒုက္ခသည် တချို့ကို ရခိုင် ပြည်နယ်အစိုးရက အရေးယူမှာ ဖြစ်ပါတယ်။

ကော့သောင်းရေပြင်မှာ ဖမ်းမိခဲ့တဲ့ အဲဒီ လှေစီးဒုက္ခသည်တွေကို တစ်လနီးပါးအကြာ ထိန်းသိမ်းခဲ့ပြီး အခု တော့ တပ်မတော်ထောက်ပံ့ရေးယာဉ် ၆၁၇ နဲ့ စစ်တွေကို ပြန်လည်ပို့ဆောင်နေတာ ဖြစ်ပါတယ်။

အဲဒီ ဒုက္ခသည် ၁၇၂ ဦးဟာ အမျိုးသမီး ၆၈ ဦး၊ အမျိုးသား ၈၂ ဦး၊ ကလေး ၂၂ ဦးတို့ ဖြစ်ပါတယ်။

သူတို့တွေကို တပ်မတော်ရေက ကော့သောင်းအနီးက မြန်မာ့ရေပြင်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်တုန်းက ဖမ်းဆီးမိခဲ့ပါတယ်။

အခုတော့ အားလုံးကို စစ်တွေကို ပြန်ပို့ပြီး အဲဒီကမှ မူရင်းနေရပ်တွေဆီ ပြန်ပို့မယ်လို့ ကမ်းရိုးတန်းဒေသ တိုင်းစစ် ဌာနချုပ် ဦးစီးမှူး ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောပါတယ်။

"ကျွန်တော်တို့ စစ်တွေကိုပဲ ဦးတည်ပါတယ်။ စစ်တွေကနေ ဆက်ထွက်ပြီးမှ ဟိုဘက်မှာ ဌာနဆိုင်ရာတာဝန် ရှိ သူတွေနဲ့ ပေါင်းစပ်ပြီးတော့မှ ထွက်လာတဲ့ ဒုက္ခသည်စခန်းတွေကို ပြန်ပို့မယ်လို့ သိရပါတယ်" လို့ သူက ပြောပါတယ်။

ဒီဒုက္ခသည်တွေကို ပြန်ပို့ရာမှာ ကော့သောင်းရေပြင်ကနေ ဇန်နဝါရီ ၈ ရက်နေ့ကတည်းက သင်္ဘောနဲ့ ထွက် လာတာဖြစ်ပြီး ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်ပြင်တွေကို ဖြတ်ရမှာမို့ ငါးရက်လောက်ကြာပြီးမှ စစ် တွေကို ရောက်လာနိုင်မှာ ဖြစ်ပါတယ်။

အဲဒီ ဒုက္ခသည် ၁၇၂ ဦးထဲမှာ စစ်တွေ သဲချောင်းဒုက္ခသည်စခန်းက ၁၇ ဦးပါပြီး ကျန်သူတွေကတော့ ဘင်္ဂ လားဒေ့ရှ်ဘက်က ကူတူပါလောင်နဲ့ ဘာလူခါလီ စခန်းတွေက လာသူတွေဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရက ပြောပါတယ်။

အဲဒီထဲက သဲချောင်းစခန်းက လာသူတွေကို လဝက ပုဒ်မတွေနဲ့ အရေးယူမှာ ဖြစ်ပါတယ်။

ကျန်တဲ့သူတွေကိုတော့ ရခိုင်ပြည်နယ်လူသားချင်းစာနာမှု ကူညီထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး အဖွဲ့ UEHRD ရဲ့ အစီအစဉ်နဲ့ ဘင်္ဂလားဒေ့ရှ်စခန်းကို ပြန်ပို့မလား၊ မောင်တောကို ပြန်ပို့မလား စိစစ်မှာ ဖြစ် တယ်လို့ ရခိုင်ပြည်နယ် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ပြောပါတယ်။

"စစ်တွေမှာ ၁၇ ယောက်ပဲ လက်ခံမှာ။ ၁၇ ယောက်ဆိုရင် လဝက ဥပဒေနဲ့ အရေးယူရမှာ သေချာနေပြီ" လို့ ပြောပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေကို ခေါ်ယူခဲ့သူ ၇ ဦးကိုလည်း သွေးဆောင်ခေါ်ယူမှု၊ အားပေးကူညီမှု ပုဒ်မတွေနဲ့ ကော့သောင်းစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဗိုလ်မှူးကြီးမင်းသန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းကို ထွက်ပြေးခဲ့တဲ့ ဒုက္ခသည် ၇ သိန်းနီးပါး ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီကို ရောက်နေတဲ့ စခန်းတွေက ဒုက္ခသည်တချို့ဟာ ရေလမ်း၊ ကုန်းလမ်းတွေကတဆင့် ပြည်ပကို သွား ရောက်ဖို့ ကြိုးစားတာတွေက အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ အခု စခန်းတွေက ထွက်လာတဲ့ ဒုက္ခသည်တွေ ဟာလည်း ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး မလေးရှားကို စက်လှေနဲ့ သွားဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */