Friday, January 10, 2020

အေအေစစ်ဦးစီးချုပ်နဲ့ ဆက်သွယ်မေးမြန်းချက်

B B C
ဘီဘီစီ မြန်မာပိုင်း
2020-01-09
ဘီဘီစီ မြန်မာပိုင်း

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားတာ တစ်နှစ်ကျော်လာပြီး စစ်ဘေးရှောင်ရသူလည်း တစ်သိန်းကျော် ရှိ လာပါပြီ။ တိုက်ပွဲတွေဟာ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ အခု ဆိုရင် မြို့တော်စစ်တွေနားထိ ရံဖန်ရံခါ ကျယ်ပြန့်ရောက်ရှိလာပါတယ်။


လက်ရှိ ရခိုင်ပြည်နယ် စစ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းနိုင်ရေး အလားအလာတွေနဲ့ ပတ်သက် လို့ ရက္ခိုင့်တပ်တော် အေအေရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဘီဘီစီ အကြီးတန်းသတင်းထောက် စောရန်နိုင်က ဇန်နဝါရီ ၇ ရက်မှာ ဆက်သွယ်မေးမြန်းထားပါတယ်။


ဘီဘီစီ- ရခိုင်ပြည်နယ်က တိုက်ပွဲတွေက မြောက်ပိုင်းကနေ အခုဆို အလယ်ပိုင်းထိ ကျယ်ပြန့်လာတာက ဘာကြောင့်လဲ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- ဒါက ကျွန်တော်တို့ရဲ့ အမျိုးသားတော်လှန်ရေးပဲလေ။ တော်လှန်ရေးဆိုတာက မြောက်ပိုင်းမှာပဲ ဖြစ်ရမယ်။ အလယ်ပိုင်းမှာ မဖြစ်ရဘူး။ တောင်ပိုင်းမှာ မဖြစ်ရဘူး။ အဲဒီလိုတော့မဟုတ် ပါဘူး။ ကျွန်တော် တို့က ရခိုင် တစ်မျိုးသားလုံးပါဝင်တဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုပေါ့။

အဲဒါကြောင့် ရခိုင်လူမျိုးရှိတဲ့နေရာမှာ တော်လှန်ရေး ရှိနိုင်အောင်ပေါ့။ ကျွန်တော်တို့ရဲ့ ရခိုင်မြေ လွတ် မြောက်ရေးပေါ့။ အဲဒါအတွက် ကျွန်တော်တို့ တတ်နိုင်သလောက် ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိထိရောက် ရောက်ဖြစ်အောင် ကြိုးစားသွားမယ့် သဘောပါပဲ။

ကျွန်တော်တို့ ပြောထားတဲ့ Arakan Dream 2020 ဆိုတာလည်း ရခိုင်လူမျိုးတွေရဲ့ နိုင်ငံရေးဆန္ဒပေါ့ဗျာ။ ရခိုင်တစ်ယောက်ချင်းစီရဲ့ နိုင်ငံရေးမျှော်မှန်းချက်ကို ၂၀၂၀ မှာ ရခိုင်တစ်မျိုးသားလုံး ပါဝင်ပြီးတော့မှ လှုပ်ရှားသွားမယ်ပေါ့။

ဘီဘီစီ - စစ်ပွဲက ရခိုင်ပြည်နယ်တောင်ပိုင်းအထိ ရောက်သွားနိုင်မယ့်အနေအထားရှိမလား။


ဗိုလ်ချုပ်ထွန်းမြတ်နိုင်
- ဒီလိုမျိုးမြင်လည်းရတယ်။ ရခိုင်တောင်ပိုင်းထိကလည်း ရောက်နိုင်တယ်။

နောက်တစ်ခု ကျွန်တော် စဉ်းစားမိတာက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ အများကြီးရှိ တယ်။ တချို့ အန်န်စီအေ ထိုးထား တယ်။ တချို့က မထိုးထားဘူး။ အန်န်စီအေ ထိုးထားတဲ့ အဖွဲ့တွေ က လည်းပဲ သူ့အခြေအနေနဲ့သူ သူ့လမ်း ကြောင်း သူလျှောက်တာတော့ဟုတ်တယ်။

ဒါပေမဲ့ ဒီရခိုင်တိုက်ပွဲတွေနဲ့ပတ်သက်ပြီး သူတို့လည်း စောင့်ကြည့်နေမှာပဲ။ တခြား အန်န်စီအေ မထိုးထားတဲ့ အဖွဲ့တွေလည်း ဒီအခြေအနေမှာ မြန်မာစစ်တပ်က တိုင်းရင်းသား ကိစ္စနဲ့ ပတ်သက်လာရင် ဘယ်လိုကိုင် တွယ်တယ်၊ ဘယ်လိုအခြေအနေရှိတယ်ဆိုတာကို အကုန်လုံးက စောင့် ကြည့်နေမှာပဲ။

ဒီအခြေအနေကိုကြည့်ပြီးမှ ရှုထောင့်အမျိုးမျိုးက သုံးသပ်မှုတွေတော့ရှိမှာပေါ့။ ဒီ ရခိုင်နယ်စပ်ပြီးရင် ငါတို့ကို လည်း တစ်ယောက်ချင်းစီ လုပ်လာမလားဆိုတဲ့ သံသယတွေလည်း တိုးပွားလာမှာပဲ။

ဒါ ကြောင့် ဒီတိုက်ပွဲတွေကနေ တောင်ပိုင်းတင်မကဘူး။ အလှည့်မသင့်ရင်တော့၊ သေချာမဖြေရှင်းရင်တော့ မြန်မာတစ်နိုင်ငံလုံး ပြဿနာတွေ တက်သွားနိုင်တာမျိုးပေါ့။

ဘီဘီစီ- အခုလို တပ်မတော်နဲ့ အေအေ ကြားမှာ တိုက်ပွဲတွေပြင်းထန်တာက စေ့စပ်ညှိနှိုင်းရေးကိစ္စ အလုပ် မဖြစ်တဲ့သဘောလား။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်
- လက်ရှိအခြေအနေကတော့ တော်တော်လေး အခက်အခဲတော့ ရှိတာတော့ မှန်ပါ တယ်။ သို့သော် လည်း ကျွန်တော်တို့ နိုင်ငံရေးမှာကျတော့ ခံစားချက်ကိုလည်း အများကြီး ဦးစားပေးလို့ မရ ဘူးပေါ့။ ဒါကြောင့်မို့ ကျွန်တော်တို့ကလည်း ၂၀၂၀ နှစ်ဆန်းကတည်းက ငြိမ်းချမ်းရေးအရ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ဆွေးနွေးပြီးမှ ဖြေရှင်းမယ်ဆိုပြီး ကြေညာချက်ထုတ်ထားတာ ဖြစ်ပါတယ်။

ဘီဘီစီ- အခုက တိုက်ပွဲတွေကလည်း မြို့၊ရွာတွေမှာ ဖြစ်လာတယ်။ အရပ်သားတွေလည်း ထိခိုက်နစ်နာ တာတွေ ရှိတယ်။ သူတို့တွေကလည်း ရခိုင်လူမျိုးတွေဖြစ်တယ်။ ဒါကိုရော ဘယ်လိုထည့်သွင်းစဉ်း စား ထား လဲ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- 
တကယ်ပြောမယ်ဆိုရင် မြို့ရွာတွေမှာ တိုက်ပွဲဖြစ်တယ်ဆိုတာကတော့ မြန်မာစစ် တပ်နဲ့အစိုးရဘက်က လီဆယ်လုပ်ကြံပြီးမှ ထုတ်ပြန်တာဖြစ်တယ်။

ကျွန်တော်တို့ မြို့ပေါ်မှာ တိုက်ပွဲမဖော်ပါဘူး။ မြို့တွင်းမှာလည်း တိုက်ပွဲမဖော်ပါဘူး။ ကျွန်တော်တို့က မြို့ အပြင် ၊ ရွာအပြင်တွေမှာ အနည်းဆုံး တစ်ကီလို၊ နှစ်ကီလိုလောက် အဲဒီပတ်ဝန်းကျင်တွေမှာ စောင့်ပြီး တိုက်တာ များတယ်။

တတ်နိုင်သမျှတော့ ဝေးဝေးက စခန်းတွေကို တိုက်တာ များတယ်။ သူတို့က အဲဒီလို တိုက်ပွဲဖြစ်ပြီဆိုရင် တိုက်ပွဲထဲမှာ သူတို့အရာရှိတွေ ကျသွားတာပဲဖြစ်ဖြစ်၊ စစ်သည် တော်တော်များများ အထိနာသွားတာ ဖြစ်ဖြစ် အဲဒီလိုဆိုရင် သူတို့က ရွာကိုပစ်ပြီ။

ဆိုလိုချင်တာက ဒီရွာတွေက သူပုန်တွေပဲ၊ သူပုန်ကိုထောက်ခံတယ်၊ သတင်းပေးတယ်၊ ဒါကြောင့် ဒီရွာကို လုပ်ရမယ် ဆိုပြီးတော့မှ လူမျိုးရေးအရ အမုန်းတရားနဲ့ ပစ်မှတ်ထားပြီးမှ ရွာတွေမှာ ပစ်ခတ်မှုတွေ အမြဲ တမ်းလုပ်တယ်။


ဘီဘီစီ- တစ်နှစ်ကျော်အတွင်း တိုက်ပွဲပေါင်း ဘယ်လောက်ဖြစ်ခဲ့လဲ။ နှစ်ဖက်အကျအဆုံးကရော ဘယ်လို အခြေ အနေရှိလဲ။


ဗိုလ်ချုပ်ထွန်းမြတ်နိုင်-
 အဲဒါကတော့ ကျွန်တော်တို့ မြေပြင်တပ်မှူးတွေရဲ့ အစီရင်ခံစာတွေကို အခြေခံပြီးမှ တိုက်ပွဲပေါင်းက ရိုးရိုးတစ်ခါတလေပေါ့။ ဟိုဘက်က တက်လာတယ်။ ဒီဘက်က ပစ်လိုက်တယ်။ တစ် ယောက်၊ နှစ်ယောက် ကျသွားတယ်။ နောက်ဆုတ်သွားတယ်ဆိုရင် ဒါက ကျွန်တော်တို့ တိုက်ပွဲအသေး လို့ပဲ သတ်မှတ်တယ်။

နာရီဝက်အထက်ကြာတဲ့တိုက်ပွဲတွေပေါ့။ တိုက်ပွဲတွေကတော့ ခြောက်ရာကျော်လောက်ရှိတယ်။ ကျွန်တော် တော့ အလွတ်မရဘူး။

အကျအဆုံးကတော့ သူတို့လည်း နှစ်ထောင်၊ သုံးထောင်ကျော်လောက်ရှိမယ်။ ကျွန်တော်တို့ အစီရင်ခံစာ တွေ အရပေါ့။ ကျွန်တော်တို့လည်း ဒီလိုပြင်းပြင်းထန်ထန်တိုက်တယ်ဆိုတော့ အကျအဆုံးတော့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က အကျအဆုံးက ကျွန်တော်တို့ အခု အတိအကျတော့ မထုတ်ပြန်သေးဘူးပေါ့။

ဘီဘီစီ- အေအေဘက်ကရော တပ်မတော်ဘက်ကရော အရပ်သားတွေကို ဖမ်းဆီးတာတွေ၊ စစ်ဆေး ထိန်း သိမ်းထားတာတွေရှိတယ်။ ဒါက စစ်ပွဲမှာသုံးတဲ့ ဗျူဟာတစ်ခုလို့ ပြောလို့ရလား။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်-
 သူတို့ဘက်ကတော့ ကျွန်တော်တို့ စောစောကပြောသလိုပဲ ရခိုင်ပြည်သူတွေကို ပစ်မှတ်ထားတာပေါ့ဗျာ။ ရခိုင်တွေ ပုန်ကန်တယ်။ ဒီပြည်သူတွေ သူပုန်ကို ထောက်ခံရင် သူပုန်ပဲ။

ရခိုင်ပြည်ကို လွတ်မြောက်ချင်တဲ့၊ ရခိုင်တော်လှန်ရေးကို ထောက်ခံတဲ့သူကတော့ တရားနည်းလမ်းကျ တာပေါ့။ သူတို့ လက်နက်မကိုင်ဘူးဆိုရင် သူတို့ အရပ်သားလို နေနေရမယ်။

အခုက လူတစ်ယောက်ကိုမြင်တယ်။ ပစ်ချင်ရင် သေနတ်နဲ့ ပစ်သတ်ပစ်လိုက်တယ်။ ပြီးမှ ဝါယာကြိုးလေး တစ်ပိုင်းထားပြီးမှ အကြမ်းဖက်သမား ဖမ်းမိပါတယ်ဆိုတဲ့ဟာမျိုး ပြန်ပြီးမှ အမှုစွဲတာပေါ့။

လွှတ်တော်ကလည်း ကျွန်တော်တို့ကို အကြမ်းဖက်လို့ ပြောထားတာ မဟုတ်ဘူး။ ဒါပေမဲ့ တရားရုံးမှာကျ တော့ အကြမ်းဖက်ပုဒ်မ တွေနဲ့ တရားစွဲတယ်။ ဒါဟာ ဘယ်လိုဟာလဲ။ မေးခွန်းထုတ်စရာတွေ ဖြစ်တယ်။

ကျွန်တော်တို့ဘက်က လုပ်တာကတော့ သူတို့(တပ်မတော်) နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လူတွေကို အတိအ ကျ ခိုင်လုံ သတင်းရထားပြီ၊ ဒါမှမဟုတ် သံသယရှိတယ်ဆိုရင် ဖမ်းပြီးမှ ကျွန်တော်တို့ စစ်ဆေးတယ်။ လွှတ် လိုက်တာတွေလည်း အများကြီးရှိတယ်။

 တွေ့ဆုံဆွေးနွေးပွဲတွေ ၆ ကြိမ်ရှိပြီဖြစ်ပေမယ့် မြေပြင်မှာတော့ တိုက်ပွဲတွေပြင်းထန်ဆဲ
 
ဘီဘီစီ- အေအေက ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ တည်ထောင်မယ်ပြောတယ်။ အခုကျယ်ပြန့်လာတဲ့ တိုက် ပွဲက အဲဒီအဖွဲ့ ဖွဲ့ဖို့ နယ်မြေကျယ်ကျယ်ပြန့်ပြန့်ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်တဲ့သဘောလား။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- 
အဲဒီလိုမျိုးပြောလို့လည်းရပါတယ်။ အဓိကကတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်ကို လွတ်မြောက်ဖို့အတွက် တိုးချဲ့ပြီးတော့မှ လွတ်မြောက်နယ်မြေကို ချဲ့သွားရမှာပဲ။

လွတ်မြောက်နယ်မြေတိုးချဲ့လာပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့အုပ်ချုပ်ရေးကိုမြင်ရမှာပဲ။ မဟုတ်ရင် အုပ် ချုပ်ရေးက လစ်ဟာသွားမယ်။ စီမံခန့်ခွဲရေးတွေ စနစ်တကျဖြစ်ဖို့ လိုလာတာပေါ့။

ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ဆိုတာကတော့ ကြားကာလပေါ့နော်။ တော်လှန်ရေးကာလမှာ ပြည်သူလူထုရဲ့ အရေးအရာတွေ တတ်နိုင်သမျှ စီမံဆောင်ရွက်နိုင်ဖို့အတွက် စဉ်းစားချက် ဖြစ်ပါတယ်။


ဘီဘီစီ- ဒီအဖွဲ့ကိုဘယ်လိုဖွဲ့မလဲ။ ဘယ်သူတွေပါမလဲ။ ဘယ်လိုရည်ရွယ်ထားလဲ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်-
 ကျွန်တော်တို့ကတော့ လက်တွေ့ဆန်ပြီးမှ ထိရောက်တဲ့ပုံစံကို စဉ်းစားသွားမှာ ဖြစ် တယ်။ အစိုးရတစ်ရပ်လို ကြေညာပြီးတော့မှ လုပိဖို့ မသင့်တော်သေးဘူး။ အခုက တော်လှန်ရေး ကာလ လည်း ဖြစ်တယ်။ တိုက်ပွဲကာလလည်း ဖြစ်တယ်ဆိုတော့ အဲဒီမှာ ပါဝင်ကြမယ့် တာဝန်ထမ်းဆောင်ကြမယ့် လူတွေရဲ့ လုံခြုံရေးကအစ အစစအရာရာ သတိထားပြီးမှ ဆောင်ရွက်ရမယ်။

ဘီဘီစီ- ရခိုင်ပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲကျင်းပဖို့ အေအေနဲ့ညှိနှိုင်းရမယ်ဆိုတာက ဘာကို ဆို လိုတာပါလဲ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင် 
- ကျွန်တော်တို့ကတော့ ၂၀၂၀ မှာ ရခိုင်ပြည်သူ တစ်ရပ်လုံးပါဝင်တဲ့ တော်လှန်ရေးကို ဆင်နွှဲဖို့ ကြွေးကြော်ထားတယ်။ အဲဒါနဲ့အညီ ၂၀၁၉ တည်းက တိုက်ပွဲတွေ စတင်ခဲ့တယ်။ ရွေးကောက်ပွဲ က တော့ ကျွန်တော်တို့ရဲ့ အဓိကမဟာဗျူဟာတော့ မဟုတ်ဘူး။

သို့သော် ရခိုင်ပြည်သူတွေက ဒါကိုလိုလားတယ်ဆိုရင် ကျွန်တော်တို့က ဒီကိစ္စကို ဖြစ်နိုင်အောင် ပြည်သူ့ ဆန္ဒ ကို လေးစားသောအားဖြင့် စဉ်းစားပေးမယ်။

ဒီလိုမျိုး ရွေးကောက်ပွဲ ဖြစ်မယ်ဆိုရင် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်လို့မရဘူး။ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေ အနေ ဖန်တီးရမယ်။

ကျွန်တော်တို့နဲ့ ညှိရမယ်လို့ပြောတာက ရွေးကောက်ပွဲကာလမှာ တိုက်ပွဲတွေကို နားထားဖို့ ဆိုရင် နှစ်ဦးနှစ် ဖက် ကြိုတင်ပြီးမှ ညှိနှိုင်းထားတယ်ဆိုရင်တော့ ဒါ ပြည်သူတွေ ရွေးကောက်ပွဲလုပ်နိုင်တဲ့ အခြေအနေ ဖန် တီးနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က အဲဒါကို ရည်ရွယ်ပြီးမှ ပြောလိုက်တာ။

ဘီဘီစီ- အေအေက ရခိုင်ပြည်နယ်ထဲက စီးပွားရေးလုပ်ငန်းတွေကို အခွန်ကောက်မယ်လို့ပြောတယ်။ အဲဒါက ဘယ်သူတွေကိုကောက်မှာလဲ။ ဘယ်လိုကောက်မှာလဲ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်-
အများကြီးကောက်လိုက်ရင်လည်း လည်ပတ်နေတဲ့ လုပ်ငန်းတွေက စီးပွားရေးအရ ဝန်ထုပ်ဝန်ပိုး ဖြစ်သွားနိုင်တာပေါ့။

ကျွန်တော်တို့ တော်လှန်ရေးလုပ်နေတဲ့ ပြည်သူ့အာဏာပိုင်အဖွဲ့ကို လေးစားမှု ပြရမယ်။ သူတို့ရဲ့ လုပ်ငန်း တွေ ကိုလည်း မထိခိုက်ရဘူး။ နောက်တစ်ခုက လက်လုပ်လက်စားနဲ့ ဆင်းရဲသား ပြည်သူတွေဆီကတော့ အခွန်ကောက်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်လောက်တဲ့ ပမာဏတစ်ခုကိုတော့ စဉ်း စားထားတယ်။

ဘီဘီစီ- တခြားတိုင်းရင်းသားလက်နက်ကိုင်တွေလည်း နှစ်ပေါင်းကြာရှည်တိုက်လာတယ်။ နောက်ဆုံး တော့ တွေ့ဆုံဆွေးနွေးတာနဲ့ပဲအဆုံးသတ်တယ်။ အေအေကရော လက်နက်ကိုင်တော် လှန်ရေးလမ်း စဉ်ကို ဘယ်လို အဆုံးသတ်မလဲ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- 
 တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း နှစ် ၆၀ ၊ ၇၀ တော်လှန်တယ်။ ဆွေးနွေးမှုနဲ့အဆုံးသတ်တယ်လို့ ပြောရလောက်အောင် ဆွေးနွေးပွဲတွေလည်း မအောင်မြင်သေးပါဘူး။

မအောင်မြင်တဲ့ဆွေးနွေးပွဲတွေကြောင့် စိတ်ပျက်လက်ပျက်အသံတွေလည်း ပြည်သူတွေကြားမိကြမှာပါ။

တကယ် ဖြစ်သင့်တာကတော့ ကျေကျေလည်လည် နိုင်ငံရေးအရ ဆွေးနွေးပြီးမှ အဆင်ပြေသွားတာမျိုး ဖြစ်သင့်တာပါ။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ လက်နက်အားကိုးနဲ့ ဒီမိုကရေစီကို ပြန်ပေးဆွဲခံထားရတဲ့ အနေအထား ရှိနေတာ။ အဲဒါကြောင့် လက်နက်ကိုင်နည်းလမ်းက အဖြေမထွက်နိုင်ဘူးလို့ ပြောဖို့ စောပါသေးတယ်။


Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */