စိုင်းဝဏ္ဏ
31 JAN 2020
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာ အပြောင်းအလဲဖြစ်ပေါ်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၃၁ ရက်တွင်နိုင်ငံတော် သမ္မတအိမ်တော်၌ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သမ္မတရုံးပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက အတည်ပြု ပြောဆိုသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်းခရီးစဉ်တိုင်းနီးပါး လိုက်ပါခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေသည် ပြည်ထဲရေးဝန်ကြီးအဖြစ်မှအနားယူကာ ၎င်း၏စစ်ဘက်ဆိုင်ရာ မူလတာဝန် များကို ပြန်လည်ထမ်းဆောင်မည့် ကိစ္စ အပေါ်တပ်မတော်ဘက်က တင်ပြထားကြောင်းသိရသည်။
"ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ စစ်ဘက် မူလတာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့ပေါ့ သူ့နေရာမှာ အခြား တစ်ယောက်ကို အစားထိုးခန့်အပ်ဖို့ သမ္မတဆီတင်ပြထားပါတယ်။ သမ္မတဆီ တင်ပြ ထား တဲ့အတွက်ကျွန်တေ်ာတို့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လုပ်သွားဖို့ရှိပါတယ်" ဟု ဦးဇော်ဌေးက ပြော သည်။
ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေသည် ပြည်ထောင်စုအစိုးရအဖွဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ၂၀၁၆ မတ်၃၀ ရက်တွင် စတင် တာဝန်ထမ်းဆောင်လျက်ရှိသူ ဖြစ်သည်။ ယင်းမတိုင်ခင်က ၎င်းသည် နယ်စပ်ရေးရာ ဝန်ကြီး ဌာန ဝန်ကြီး အဖြစ် ၂၀၁၅ ဩဂုတ် ၁၃ ရက်နေ့မှ ၂၀၁၆ မတ်လ ၃၀ ရက်အထိ တာဝန် ထမ်း ဆောင် ခဲ့သည်။
စစ်တက္ကသိုလ် အပတ်စဉ် (၂၂)မှ သင်တန်းဆင်းအရာရှိတစ်ဦး ဖြစ်ကာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းဦး စီးဗိုလ်မှူးကြီး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ စစ်ဘက်ရေးရာလုံခြုံ ရေးအရာရှိချုပ် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ နောက်ဆုံးထမ်းဆောင်ခဲ့သော စစ်ဘက် တာ ဝန်မှာ စစ်ဦးစီးအရာရှိချုပ် (ကြည်း)နှင့် အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှူး တာ ဝန်များဖြစ်ကြောင်းသိရသည်။
၁၉၅၉ ခုနှစ်ဖွား ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေမှာ အသက် ၆၁ နှစ်ရှိပြီဖြစ်၍ တပ်မတော်မှ သက်ပြည့်ပင် စင်ဖြင့်အနားယူ မည်ဟုလည်း သတင်းများက ဖော်ပြနေသည်။ သို့သော် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကို တပ်မတော်အရံအင်အားဘက်သို့ ရွှေ့ပြောင်းတာဝန်ပေးမည်ဟုလည်း တပ်မတော်အသိုင်း အဝိုင်းမှ သိရ သည်။
ပြည်ထဲရေးဝန်ကြီးသစ်ဖြစ်လာမည့်သူမှာ စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ဖြစ်သည်ဟု သတင်းများက ဖော်ပြနေသော်လည်း မြန်မာတိုင်းမ်က သီးခြားအတည်ပြုနိုင်ခဲ့ခြင်း မရှိ ပေ။ ပြည်ထဲရေးဝန်ကြီးသစ်ကို မကြာခင်ထုတ်ပြန်ကြေညာသွားရန်ရှိသည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
Link : Here
No comments:
Post a Comment