Monday, December 2, 2019

ဒုက္ခသည် ပြန်လည်နေရာချထားရေး ကုလအဖွဲ့အစည်းတွေနဲ့ မြန်မာဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
02 ဒီဇင်ဘာ၊ 2019
ဒုက္ခသည်အရေး ကုလ တာဝန်ရှိသူများနှင့် ဆွေးနွေးနေသည့် လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး။ (ဓာတ်ပုံ - MOI, ဒီဇင်ဘာ ၁၊ ၂၀၁၉)
ရခိုင်နဲ့ ကချင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရသူတွေ ပြန်လည် နေရာချထားရေးအတွက် တနင်္ဂနွေနေ့က အစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ဆွေးနွေးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့ ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးနဲ့အတူ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေက ဌာနေကိုယ်စားလှယ်တွေ ရန်ကုန်မှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ပြည်တွင်း ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းရေးနဲ့ ပြန်လည်နေရာချထားရေးအတွက် အစိုးရက ဦးဆောင်ပြီး ပညာ ရှင် ပါမောက္ခ Walter Kaelin ရဲ့ အကူအညီနဲ့ မဟာဗျူဟာ ရေးဆွဲ ဆောင်ရွက်နိုင်ခဲ့တဲ့အပေါ် ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်တွေက ဂုဏ်ပြုပြောဆိုခဲ့ပြီး ဒီမဟာဗျူဟာနဲ့အညီ အကောင်အထည်ဖော်တာမှာ ပူးပေါင်းဆောင် ရွက်ဖို့လည်း ပြောဆိုခဲ့ကြောင်း သတင်းက ဖော်ပြပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ ပြန်လည်နေရာချထားရေးနဲ့ ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းရေးအတွက် မဟာဗျူဟာကိုတော့ နိုဝင်ဘာလ ၁၉ ရက်နေ့က တရားဝင် မိတ်ဆက်ခဲ့ပြီလို့လည်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောဆိုခဲ့ပါတယ်။

ကချင်ပြည်နယ်တွင်းက IDP စခန်းတွေ ပိတ်သိမ်းရေးအတွက် ကချင်ပြည်နယ်အစိုးရ၊ ကချင်လူမှုအဖွဲ့အစည်း KHCC တို့နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာတော့ မွတ်စလင် ဒုက္ခသည်စခန်းတွေ ရှိနေပြီး ကချင်ပြည်နယ်တွင်းမှာတော့ စစ်ရှောင်စခန်းတွေ ရှိနေတာ ဖြစ်ပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */