Saturday, December 7, 2019

ဒုက္ခသည်စခန်းက ရိုဟင်ဂျာအဖွဲ့တဖွဲ့ရုံး ပိတ်ထားဖို့ ဘင်္ဂလားဒေ့ရှ် အမိန့်ထုတ်

VOA
07 ဒီဇင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
ဒုက္ခသည်စခန်း
 
ကူတူးပါလောင် ဒုက္ခသည်စခန်းက ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာ အာရကန် ရိုဟင်ဂျာ အဖွဲ့အစည်းလို့ နာမည်ပေးထားတဲ့ ARSPH အဖွဲ့ရဲ့ဌာနချုပ်ကို ချိတ်ပိတ်ထားဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အမိန့်ထုတ်ခဲ့တယ်လို့ အဖွဲ့ပြောခွင့်ရ Sayed Ullah ကပြောကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတာ နှစ်နှစ်ကျော်လာချိန်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက အခုလို အမိန့် ထုတ်ပြန်လိုက်တာဖြစ်ပြီး ဒီအဖွဲ့ရဲ့လှုပ်ရှားမှုအားလုံးကို နောက်အမိန့်တစုံတရာ မထုတ်ပြန်မချင်း ရပ်ဆိုင်း ထားဖို့ပါ ပြောကြားထားတာပါ။

ARSPH အဖွဲ့ခေါင်းဆောင် Mohib Ullah ဟာ ကျောင်းဆရာဟောင်းတဦးဖြစ်ပြီး ရိုဟင်ဂျာ ဒုက္ခသည် အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာအစည်းအဝေးတွေမှာ ဦးဆောင်ပြောကြားနေသူ ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ နှစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကို သြဂုတ်လက ဦးဆောင် ကျင်းပခဲ့ပြီး အဲဒီအခမ်းအနားမှာ ဒုက္ခသည် ၂ သိန်းနဲ့ လူထုစုဝေးပွဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်ရေး ဘာမှ ရှေ့တိုးမလုပ်ဆောင်နိုင်ဘဲ ဖြစ်နေချိန်မှာ ဒီလို လူထုစုဝေးပွဲ ကျင်းပခဲ့ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ် ဒေသခံအသိုင်းအဝိုင်းဘက်က စိုးရိမ်မှုတွေ တိုးလာခဲ့သလို ဘင်္ဂလား ဒေ့ရှ် အာဏာပိုင်တွေကလည်း အင်တာနက်ဆက်သွယ်မှု ဖြတ်တောက် ကန့်သတ်တာတွေ၊ ဒုက္ခသည်စခန်း တွေကို သံဆူးကြိုးခတ်ခိုင်းတာတွေ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ဆိုင်ရာ ကော်မရှင်နာမင်းကြီး Mahbub Alam Talukder ကတော့ ဒုက္ခသည်စခန်း တွေမှာ လူထုအစည်းဝေးလုပ်ဖို့ သတ်မှတ်ထားတဲ့စင်တာတွေ ဆောက်ပေး ထားတာဖြစ်ပြီး အဲဒီနေရာ တွေ မှာပဲကျင်းပဖို့ ဒုက္ခသည်အသိုင်းအဝိုင်း ခေါင်းဆောင်တွေကို ပြောထားကြောင်းနဲ့ ဘယ်ရုံးခန်းကိုမှ ပိတ် တာ မရှိဘူးလို့ ပြောပါတယ်။

ဒါပေမယ့် ဒုက္ခသည်စခန်းအားလုံးအတွက် တရားဥပဒေစိုးမိုးဖို့ ချမှတ်ထားတဲ့ ဥပဒေတွေကို ချိုးဖောက်ခွင့် မပြုဘူးလို့ ပြောပါတယ်။ ရိုဟင်ဂျာဆိုတဲ့အမည်ကို မြန်မာနိုင်ငံဘက်ကတော့ အသိအမှတ်မပြုပါဘူး။


 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */