Wednesday, November 20, 2019

မြန်မာပြည်က နိုင်ငံခြားကုမ္ပဏီတွေကို သပိတ်မှောက်ဖို့ ရိုဟင်ဂျာအဖွဲ့လှုပ်ရှား

လွတ်လပ်တဲ့အာရှအသံ ( RFA )
2019-11-19 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ် -Photo: Dibyangshu SARKAR / AFP 


မြန်မာနိုင်ငံမှာ သွားရောက်ရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံခြားကုမ္ပဏီတွေကို သပိတ်မှောက်ဖို့အတွက် Boycott Myanmar Campaign လို့ အမည်ပေးထားတဲ့ လှုပ်ရှားမှုတခုကို ဗြိတိန်အခြေစိုက် Free Rohingya Coalition ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ က ဦဆောင်ပြီး လာမယ့် ဒီဇင်္ဘာလ ၉ ရက်နေ့မှာ စတင်မယ်လို့ RFA ကို ပြောပါတယ်။
ဒီအဖွဲ့ကို ဦးဆောင်သူတဦးဖြစ်တဲ့ ကိုနေဆန်းလွင်က မြန်မာအစိုးရနဲ့ တပ်မတော်ဟာ နိုင်ငံခြားမြှုပ်နှံမှုတွေ ရရှိနေတဲ့အတွက် ရိုဟင်ဂျာအရေးကို ဥပက္ခပြုထားတာဖြစ်တယ်လို့ ပြောပါတယ်။

ဒီလှုပ်ရှားမှုမှာ ဥရောပ၊ အမေရိက၊ ကနေဒါနဲ့ အာရှတိုက်က လူ့အခွင့်အရေးအဖွဲ့တွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။ Free Rohingya Coalition ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်သူတ ဦးဖြစ် တဲ့ ကိုဇာနည်ဟာ ၁၉၉၅ ခုနှစ်တဝိုက်က Free Burma Coalition မြန်မာပြည်လွတ်မြောက်ရေး ညွန့်ပေါင်းအ ဖွဲ့ကို ဦးဆောင်သူဖြစ်ပြီး သူတို့အဖွဲ့ရဲ့ သပိတ်မှောက်မှုကြောင့် အမေရိကန်လုပ်ငန်းရှင်တွေဖြစ်ကြတဲ့ Pepsi Co. ပက်စီကိုလာ ဖျော်ရည်၊ ARCO နဲ့ Texaco တက္ကဆက်ကို ရေနံကုမ္ပဏီတွေဟာ မြန်မာပြည်က သူတို့ မြှုပ်နှံမှုတွေကို ရုပ်သိမ်းသွားခဲ့ပါတယ်။

နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုစွမ်း က တော့ အရင်နှစ်ပေါင်းများစွာ အတွေ့အကြုံအရ မြန်မာနိုင်ငံကို သပိတ်မှောက်ခြင်းဖြင့် လူထုအကျိုးစီးပွား ကိုသာ ထိခိုက်စေတယ်လို့ ပြောပါတယ်။

အခုလို သပိတ်မှောက်ခြင်းဖြင့် မြန်မာလူထုနဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီပြောင်းလဲရေးလုပ်ငန်းစဉ် ထိခိုက် မယ့် အလားအလာကို ထည့်သွင်းတွက်ချက်ခြင်း မပြုဘူးလားလို့ ကိုနေဆန်းလွင်ကို RFA က မေးခဲ့ရာမှာ လူထုကို ထိခိုက်နိုင်ပေမယ့် မြန်မာအစိုးရအပေါ် နိုင်ငံတကာရဲ့ လက်ရှိအရေးယူမှုတွေက လုံလောက်ခြင်း မရှိတဲ့အတွက် အခုလို လုပ်ဆောင်ရတာဖြစ်တယ်လို့ ပြောပါတယ်။

ဦးဟောက်ဒိုစွမ်းက မြန်မာအစိုးရဟာ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဒုက္ခသည်တွေရော ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ထွက်ပြေးသွားသူတွေ ပြန်လည်နေရာချထားရေးအတွက်ပါ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ် ဆောင်နေတယ်လို့် ပြောပါတယ်။

BoycottMyanmar.Org လို့ခေါ်တဲ့ အင်တာနက်ဝက်ဆိုဒ်ကို လာမယ့် ဒီဇင်္ဘာလ ၉ ရက်နေ့မှာ စတင်ပြီး တ ရားဝင်ဖွင့်လှစ်မယ်လို့ ကိုနေဆန်းလွင် ကပြောပါတယ်။ ဒီလှုပ်ရှားမှုမှာ လက်ရှိအားဖြင့် တခြားအဖွဲ့အစည်း ၇ ခု ပါဝင်ပူးပေါင်းဖို့ သဘောတူညီချက်ရထားပေမယ့် ပိုမိုများပြားလာနိုင်တယ်လို့ ဆိုပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး RFA က တခြားအဖွဲ့အစည်းတွေထံက သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */