" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 18, 2019

မြန်မာလူ့အခွင့်အရေးချိုးဖောက်မှု ကုလ တတိယကော်မတီ ဆုံးဖြတ်ချက်

VOA
 ဗွီအိုအေ (မြန်မာဌာန)
18 နိုဝင်ဘာ၊ 2019
အင်ကြင်းနိုင်
နိုဝင်ဘာလ ၁၄ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီမှာ မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်ဆွေးနွေးနေတဲ့ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ (ဓာတ်ပုံ - United Nations)
 
ရိုဟင်ဂျာမွတ်စလင်တွေနဲ့ အခြားလူနည်းစုတွေအပေါ် ပြင်းထန်လှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံ တကာ လူသားချင်းစာနာမှု ဥပဒေ ချိုးဖောက်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယ ကော် မတီက မြန်မာ့အရေး ဆုံးဖြတ်ချက် တရပ်ကို ချမှတ်လိုက်ပါတယ်။ တတိယကော်မတီမှာ နိုဝင် ဘာလ ၁၄ ရက်နေ့က အတည်ပြုခဲ့တဲ့ ဒီဆုံးဖြတ်ချက်ကို ကုလအထွေထွေညီလာခံက ဒီဇင်ဘာလမှာ ဆက် လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကတော့ ဒီဆုံးဖြတ်ချက်ဟာ ရခိုင်ပြည်နယ် အကျပ်အတည်းကို လွဲမှားပြီး ပုံဖော်ထားကြောင်း ဗွီအိုအေကို တုံ့ပြန်ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

“Situation of human rights of Rohingya Muslims and other minorities in Myanmar” မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ အခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ နိုဝင် ဘာလ ၁၄ ရက် နေ့က ထောက်ခံမဲ ၁၄၀၊ ကန့်ကွက်မဲ ၉ မဲ၊ ကြားနေမဲ ၃၂ မဲနဲ့ အတည်ပြုခဲ့တာပါ။ 
နိုဝင်ဘာလ ၁၄ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီမှာ မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်း မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၄၀၊ ကန့်ကွက်မဲ ၉ မဲ၊ ကြားနေမဲ ၃၂ မဲ။ (ဓာတ်ပုံ - United Nations)
 
အဲဒီဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ တခြား လူနည်းစုတွေအပေါ် ပြင်းထန်လှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပါအဝင် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေ ဆက်ပြီးဖြစ်နေတဲ့ သတင်းတွေအပေါ်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံအနေနဲ့ အလွန်ပဲ စိုးရိမ်မကင်းဖြစ်မိကြောင်း ဖော်ပြ ထားပါတယ်။ ဥပဒေမဲ့ ဖမ်းဆီးမှု၊ ထိမ်းသိန်းခံထားရချိန်မှာ သေဆုံးမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အခြား ရက်စက် ပြီး လူမဆန်တာ ဒါမှမဟုတ် အရှက်ရစေအောင် ပြုမူတာ ဒါမှမဟုတ် အပြစ်ပေးတာ စတာတွေပါဝင်ကြောင်း တတိယကော်မတီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် မြန်မာလုံခြုံရေးနဲ့ လက်နက်ကိုင်စစ်တပ်အနေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ အခြားလူနည်းစုတွေ အပါအဝင် မြန်မာပြည်သူအားလုံးရဲ့ လူ့အခွင့်အရေးကို အကာအကွယ်ပေးရေးနဲ့ အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်ဆိုင်းဖို့ မြန်မာ့အရေး ဆုံးဖြတ်ချက်မှာ တောင်းဆိုထားပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကို စုံစမ်းဖော်ထုတ်ပြီး တာဝန်ရှိသူတွေကို အရေးယူဖို့လည်း မြန်မာအစိုးရကို တိုက်တွန်း ထားပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယ ကော်မတီအနေနဲ့ အခုလို နိုင်ငံတနိုင်ငံရဲ့ အသိုင်းအဝိုင်းတခုအရေးကို ဆုံးဖြတ်ချက်အဖြစ် ချမှတ်တာကို လက်မခံနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဗွီအိုအေကို ပြောပါတယ်။

“ဘင်္ဂါလီတွေကိစ္စကို ကျနော်တို့ကပဲ လိုက်ပြီးတော့ ဖိနှိပ်ချုပ်ချယ်လို့ နှိပ်စက်ညှဉ်းပန်းလို့ သတ်လို့ဆိုတဲ့ ဟာမျိုးနဲ့ တောက်လျှောက်လုပ်လာတာ။ ဆိုတော့ အခုက ၃ နှစ် ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဒီနှစ်မှာ နာမည်တပ်ပြီးလုပ် လာတာပေါ့နော်။ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဆိုပြီးတော့ လုပ်လာတယ်။ ဆိုတော့ နိုင်ငံတနိုင်ငံကို နာမည်တပ်ပြီးတော့ လူမျိုးစုတစုအတွက် ဆိုတဲ့နဲ့ လုပ်လာ တာကိုလည်း ကျနော်တို့က လက်မခံဘူး။”

ဒါ့အပြင် ဆုံးဖြတ်ချက်မှာ ဖော်ပြထားတဲ့ ရခိုင်ပြည်နယ် အကျပ်အတည်းနဲ့ ပတ်သက်လို့လည်း ရှုပ်ထွေးတဲ့အခြေ အနေတွေကို လွဲမှားပြီး ပုံဖော်ထားကြောင်း သံအမတ်ကြီးက အခုလိုပြောပါတယ်။

“လူဝင်မှုနဲ့ ဖြစ်တဲ့ပြဿနာပေါ့နော်။ အဲဒီဟာကို ဘာသာရေးကိစ္စ ဖိနှိပ်တယ် ပြုတယ်၊ လူမျိုးရေးအရ ဖိနှိပ်တယ် ပြုတယ်ဆိုပြီးတော့ လုပ်တဲ့ဟာကို ကျနော်တို့က မဟုတ်ပါဘူးလို့ ဆိုလိုတဲ့ သဘောပါပဲ။ လူ့အခွင့်အရေအခြေအ နေနဲ့ ပတ်သက်တဲ့ဟာ ဂျီနီဗာ လူ့အခွင့်အရေး ကောင်စီမှာပဲ ဆွေးနွေးကြ၊ ပြောကြ၊ ဒီဟာကို ကျနော်တို့က ငြင်းဆိုတာ မဟုတ်ဘူး။ သို့သော်လည်းပဲ General Assembly မှာ နယူးယောက်ကို ခေါ်ယူ လာပြီးတော့မှ နိုင်ငံတခုချင်းအလိုက် လုပ်တဲ့ဟာ Selected ပေါ့နော်၊ ရွေးပြီးတော့မှလုပ်တာ။ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ ခြောက်ပစ်ကင်း သဲလည်းစင် ဘယ်သူမှ မရှိဘူး။”

နိုဝင်ဘာလ ၁၄ ရက်နေ့က တတိယကော်မတီမှာ OIC အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့ဥရော ပသမဂ္ဂတို့ ပူးတွဲရေးသားထားတဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်း အပါအဝင် အီရန်နဲ့ ဆီးရီးယား နိုင်ငံတွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်မူကြမ်းတွေကို တင်သွင်းဆွေးနွေးခဲ့ကြပါတယ်။ မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံဆွေးနွေးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး Masud Bin Momen က အခုလို ဆွေးနွေးသွားပါတယ်။

“ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံတခုတည်းရဲ့ ဆုံးဖြတ်ချက်မဟုတ်ဘဲ ရိုဟင်ဂျာတွေ ဆန္ဒအလျောက် ဂုဏ်သိက္ခာ ရှိရှိ ဌာနေပြန်နိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထိန်းသိမ်းဆောင်ရွက်မှု ပုံစံတခုအဖြစ် မြင်ပါတယ်။ လုံခြုံ ရေးကောင်စီက ပြဋ္ဌာန်းချက်တခုအနေနဲ့ တိတိကျကျ ချမှတ်ချိန်ထိ အမေရိကန်ရဲ့ မျှော်လင့်ချက်တွေ ရှိနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာ မြန်မာ လုံခြုံရေးနဲ့ လက်နက်ကိုင်တွေရဲ့ ရာဇဝတ်မှုတွေကို ဖြေရှင်းနိုင်မယ့် လောလောဆယ်လုပ်ရပ်တွေကို အခိုင်အမာ ချမှတ်ပေးလိုက်တာလည်း ဖြစ်ပါ တယ်။ စိတ်ချလက်ချ ပြန်နိုင်ဖို့အတွက် ယုံကြည်မှု တည်ဆောက်နိုင်ရေးမှာ ပြစ်မှုကျူးလွန်ခဲ့သူရဲ့ တာဝန်ခံမှုက အဓိကကျပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လုပ်ဆောင်နေတဲ့ တာဝန်ခံ မှုရှိစေရေး ယန္တရားအမျိုးမျိုးကို လမ်းပွင့်သွားစေမှာလည်း ဖြစ်ပါတယ်။”

ကုလသမဂ္ဂ အပါအဝင် ခိုင်လုံတဲ့ စုံစမ်းမှုတွေက ရရှိထားတဲ့ သတင်းအချက်အလက် အစီရင်ခံစာတွေအရ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေ အပါအဝင် နိုင်ငံတဝန်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ဆက် လက်ဖြစ်ပွားနေတဲ့အပေါ် ရှုတ်ချကြောင်း ဆုံးဖြတ်ချက်မူကြမ်းကို ပူးတွဲအဆိုပြုခဲ့တဲ့ အမေရိကန် ကိုယ်စားလှယ်ကလည်း တတိယကော်မတီ အစည်းအဝေးမှာ အခုလို ပြောသွားပါတယ်။

“မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေပေါ် အခုလို အချိန်ကိုက် အရေးပါတဲ့ ဆုံးဖြတ်ချက်အတွက် ပူးတွဲတာဝန်ယူ တင်သွင်းရတာကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ဂုဏ်ယူမိပါတယ်။ ရခိုင်၊ ကချင်နဲ့ ရှမ်း ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတဝန်း ဆက်လက်ဖြစ်ပေါ်နေတဲ့ ပြင်းထန်လှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဖိနှိပ်မှုတွေကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ကန့်ကွက်ရှုတ်ချပါတယ်။ ဒီလို လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂနဲ့ အခြား လွတ်လပ်ပြီး ယုံကြည်ရတဲ့ အစီရင်ခံစာတွေက မှတ်တမ်း ပြုစု ထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ဟာ နက်နက်ရှိုင်းရှိုင်းကို အမြစ်တွယ် နေကြောင်း မီးမောင်းထိုးပြထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ လုပ်ဆောင်မှုနဲ့ တန်ဖိုးရှိတဲ့ အစီရင်ခံ စာတွေအပေါ်မှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ အလွန်လေးစားမိတယ် ဆိုတာပြောချင်ပါတယ်။”

အခုလို ပြီးခဲ့တဲ့သီတင်းပတ်က တတိယကော်မတီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မှာ နိုင်ငံတကာ တရားစီရင် ရေးအပိုင်းဖြစ်တဲ့ ICJ နဲ့ ICC တို့က ရိုဟင်ဂျာကိစ္စ ကိုင်တွယ် ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ထည့်သွင်း ဖော်ပြခြင်း မရှိတဲ့အပေါ်မှာ ဝေဖန်ထောက်ပြမှုတွေလည်း ရှိခဲ့ပါတယ်။

တတိယကော်မတီ အပါအဝင် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ လိုက်နာဖို့ အကြံပြုထားတဲ့ ဆုံးဖြတ်ချက်တွေကို ၁၉၉၂ ခုနှစ် စစ်အစိုးရ လက်ထက် ကတည်းက နှစ်စဉ်ချမှတ်လာခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်း စုကြည်ကိုယ်တိုင် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လာရောက် မိန့်ခွန်းပြောကြားခဲ့တဲ့ နှစ်တနှစ်တည်းပဲ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂက ချမှတ်ခြင်း မရှိခဲ့ပါဘူး။  

Link: Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */