Thursday, November 14, 2019

ကျောက်တော်မှာ စစ်ယာဉ်တန်း မိုင်းခွဲခံရလို့ တပ်ရင်းမှူး ကျဆုံး

B B C
ဘီဘီစီ မြန်မာပိုင်း
14 နိုဝင်္ဘာ 2019
တပ်မတော်နဲ့ အေအေ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ နိုဝင်ဘာလ ၁၃ ရက်က ကျောက်တော်က တပ်ရင်းမှူး တစ်ဦး မိုင်းခွဲ တိုက်ခိုက်ခံရပြီး ကျဆုံးသွားတယ်လို့ ရခိုင်က ဘီဘီစီ သတင်း ထောက်က ပြောပါတယ်။

မိုင်းခွဲခံရတဲ့နေရာဟာ ကျောက်တော်မြို့နယ် သရက်တစ်ပင်ရွာထိပ် တံတားအနီးမှာ ဖြစ်ပြီး တပ်ရင်းမှူး အပါ အဝင် စစ်သည် အနည်းဆုံး သုံးယောက်လည်း ကျဆုံးသွားတယ်လို့ သိရပါတယ်။ဒီသတင်းနဲ့ ပတ်သက် ပြီး အေအေက မိုင်းခွဲ တိုက်ခိုက်လို့ ကျဆုံးသွားတာလို့ တပ်မတော်က တာဝန်ရှိသူ တစ် ဦးက ဘီဘီစီကို အတည်ပြု ပြောပါတယ်။

အဲဒီတပ်ရင်းမှူးဟာ ကျောက်တော်မြို့ အခြေစိုက် အမှတ် ၃၇၄ တပ်ရင်းက ဒုတိယ ဗိုလ်မှူးကြီး ရန်နောင်ဝင်း ဖြစ်ပြီး စစ်က္ကသိုလ် အပတ်စဉ် ၄၄ က လို့ သိရပါတယ်။

ဒီကနေ့မှာတော့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့ အနီးအနား သရက်တစ်ပင်ရွာကို စစ်တပ်က ဝင်ရောက်ရှာဖွေမှုတွေ ရှိ ခဲ့ပြီး ဖမ်းဆီးမှု တစ်ချို့လည်း ရှိတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး "မနေ့ကတုန်းက တိုက်ပွဲက တံတားက ဆင်းတဲ့နေရာမှာ တံတားအရှေ့ ဘက် က မိုင်းကွဲတယ်လို့ သိရပါတယ်။ စစ်ကားတန်းကို မိုင်းခွဲတယ်လို့ပဲ ထင်ပါတယ်။ ကျွန်တော့် မျက်မြင်တော့မ ဟုတ်ဘူး။ ဒါပေမဲ့ လူတွေ ပြောတာကတော့ တစ်ယောက်၊နှစ်ယောက် သေသွားတယ်လို့ ကြားပါတယ်" လို့ အနီးအနားက သရက်တစ်ပင် ရွာသားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီး နောက်တစ်နေ့ နိုဝင်ဘာလ ၁၄ ရက်မှာတော့ သရက်တစ်ပင်က အိမ်တစ်ချို့ကို တပ်က ဝင် ရောက်ရှာဖွေခဲ့ပြီး ရွာမပြင်ရွာ၊ သရက်တစ်ပင်ရွာနဲ့ စပါးဆိပ်ရွာတို့က အမျိုးသား ၃ ယောက်ကို ဖမ်းဆီး သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေတဲ့ ရခိုင်ပြည်နယ် အခြေအနေက မလုံခြုံမှုတွေနဲ့ အတူ အုပ် ချုပ် ရေးဟာလည်း တစထက် တစ ယိုယွင်းလာနေတယ်လို့ ရခိုင်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အခု တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အေအေ ပြောခွင့်ရ ခိုင်သုခက "တိုက်ပွဲကတော့ ဒီရက်ပိုင်းမှာ ပိုပြီးတော့ ပြင်း ထန်လာတယ်လို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် ဗမာစစ်တပ်ဘက်ကလည်း သူတို့ စစ်အင် အားတွေ၊ လူအင်အားရော လက်နက်အင်အားရော ရခိုင်ပြည်နယ် အနှံ့မှာ ထပ်ပြီးတော့ ဖြည့်နေတာတွေ ရှိ တယ်။ အဲဒါကြောင့်မို့လို့ ရှေ့လာမယ့် ရက်တွေမှာလည်းပဲ ပိုပြီးတော့ ပြင်းထန်လာမယ့် အလားအ လာတွေ ရှိတယ်" လို့ ပြောပါတယ်။

နိုဝင်ဘာလ ၁၄ ရက်မှာ တပ်စစ်ကြောင်းတွေ ဝင်လာတဲ့အတွက် မြေပုံမြို့နယ် ယောချောင်း ရွာသာယာရွာနဲ့ ယိုဆနွင်းကျေးရွာတွေက ထောင် နဲ့ ချီရှိတဲ့ ရွာသားတွေဟာ တိုက်ပွဲ ဖြစ်မှာကို ကြောက်လန့် စိုးရိမ်ပြီး မြေပုံ မြို့ပေါ်ထိ ထွက်ပြေးမှုတွေရှိခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးမှု တိုးလာသလို စစ်ဘေးရှောင်သူ ၇၀၀၀၀ ဝန်း ကျင် အ ထိရှိလာပြီဖြစ်ပါတယ်။

အခုလို တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေပေမဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်၊ တပ်မတော်နဲ့ မြောက်ပိုင်း ညီနောင် မဟာမိတ် သုံးဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ သတ်မှတ်ထားတဲ့ ရက်ကို ကျော်လာတဲ့ အထိ မကျင်းပနိုင်ဘဲ ဖြစ်နေပါတယ်။

အစိုးရနဲ့ AA ရက္ခိုင့်တပ်တော်၊ TNLA တအာင်း/ပလောင် နဲ့ MNDAA ကိုးကန့် တပ်ဖွဲ့ တို့ပါဝင်တဲ့ ညီနောင် မဟာ မိတ်သုံးဖွဲ့နဲ့ KIA ကချင်တပ်ဖွဲ့ တို့ဟာ အပစ်အခတ်ရပ်စဲရေး နိုဝင်ဘာလ ၅ ရက်ကနေ ၁၀ ကြား ဆွေးနွေးမယ်ဆိုပြီး ရက်သတ်မှတ်ခဲ့ပေမဲ့ ဒီဆွေးနွေးပွဲမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကို ညှိနှိုင်းနေတာတွေ အပါအဝင် တခြား အချက်တချို့ကြောင့် ဆွေးနွေးပွဲကို မကျင်းပနိုင်သေးဘဲ ဖြစ်နေ ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */