" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 25, 2019

သုံ့ပန်းလဲဖို့ AA ထပ်ကမ်းလှမ်း

 RFA
လွတ်လပ်တဲ့အာရှအသံ
ကျော်လွင်ဦး
2019-11-25
ပလက်ဝမြို့နယ် ပကာဝရွာ တိုက်ပွဲမှာ ၂၀၁၉၊ နိုဝင်ဘာ ၁၉ ရက်နေ့က AA က ဖမ်းမိထားတဲ့ တပ်မတော်သားများကို တွေ့ရစဉ်၊ Photo: Arakan Army
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေအဖွဲ့တို့ရဲ့ စစ်ရေးကာလအတွင်း အမှုဖွင့်၊ တရားစွဲခံထားရတဲ့ ရခိုင်တိုင်း ရင်းသားတွေကို ပြန်လွှတ်ပေးမယ်ဆိုရင် အေအေအဖွဲ့ကထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတွေကို ပြန် လွှတ်ပေးမယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခက RFA ကို ဒီနေ့ ပြောလိုက်ပါတယ်။

AA အဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတွေနဲ့ပတ်သက်လို့ RFA က ဒီနေ့ဆက်သွယ်မေးမြန်းခဲ့ရာမှာ အေအေပြောခွင့်ရ ခိုင်သုခက ပြောဆိုခဲ့တာပါ။

“ပြောမယ်ဆိုလို့ရှိရင် အခုစစ်ဖြစ်နေတဲ့အချိန်ပိုင်းမှာပေါ့နော် အစိုးရနဲ့ ဗမာစစ်တပ်ဘက်က ဖမ်းထားတဲ့ ရခိုင်တွေကို၊ ရခိုင်ဆိုရင်တော့ အားလုံးပါတာပေါ့။ အဲဒီဥစ္စာတွေကို သူတို့ဘက်က ပြန်လွှတ်ပေးမယ် ဆိုလို့ ရှိရင်တော့ ကျွန်တော်တို့ဘက်ကလည်းပဲ သူတို့ဘက်ကလူတွေကို ကျွန်တော်တို့ဖမ်းထားတဲ့ ဥစ္စာတွေကို ပြန်လွှတ်ပေးသွားဖို့တော့ အစီအစဉ်ရှိတာပေါ့။သူတို့ဘက်ကနေပြီးတော့ အသေးစိတ် ညှိမယ်ဆိုလို့ရှိရင်တော့ ကိုယ့်ဘက်ကလည်း ပဲအသေးစိတ်ပြန်ပြောဖို့တော့ရှိတာပေါ့။အခုလောလောဆယ်မှာတော့ အသေး စိတ်ပြောဖို့တော့မရှိသေးဘူးပေါ့”

အစိုးရနဲ့တပ်မတော်က ဖမ်းဆီးအရေးယူတာ၊ ထိန်းသိမ်းထားတာ စတဲ့အရေအတွက်တွေနဲ့ပတ်သက်လို့ ခိုင်သုခ က ပြောဆိုခြင်းမရှိသလို စစ်ရေးနဲ့ပတ်သက်ပြီး အေအေအဖွဲ့က ထိန်းသိမ်းထားသူ အရေအတွက်နဲ့ ပတ်သက်လို့လည်း ထုတ်ပြောတာမရှိပါဘူး။

ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးခံနေရသူတွေ၊ ရက္ခိုင့်တပ်တော်(AA) ဆက်စပ်နေတယ်ဆိုတဲ့ သံသယနဲ့ဖမ်းဆီး ထားသူတွေပြန်လွှတ်ပေးမယ်ဆိုရင် အေအေအဖွဲ့က ထိန်းသိမ်းထားတဲ့ သုံ့ပန်းတွေကိုပါ ပြန်လွှတ်ပေး မယ်ဆိုတဲ့ထုတ်ပြန်ချက်ကို ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာ ၁၁ ရက်နေ့က ပထမဆုံးအကြိမ် ထုတ် ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ လက်ခံစဉ်းစားမှာ မဟုတ်ဘူးလို့ အစိုးရနဲ့တပ်မတော် ပြောခွင့်ရသူတွေက တုံ့ပြန်ထားပါတယ်။
ရက္ခိုင့်တပ်တော်(AA)က အခုဒုတိယအကြိမ် ပြောဆိုလာတဲ့ကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ 
 
“ကျွန်တော်ကတော့ အဲဒီဟာကို ဘာမှတော့ မှတ်ချက်မပေးလိုဘူးဗျ။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ကျွန်တော်တို့က ကျတော့ နယ်မြေရှင်းလင်းရေးလုပ်တဲ့တပ်တွေဆိုတော့ ကျွန်တော်တို့ကတော့ အမိန့်အတိုင်းပဲ လုပ်မှာ”

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘောထားကိုသိနိုင်ဖို့ အစိုးရအဖွဲ့ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကို RFA ကမေးမြန်းခဲ့ပါတယ်။

“အဲဒါတော့ ကျွန်တော်ပြောလို့မရဘူးထင်တယ်နော။ အဲဒီကိစ္စတွေကျတော့ ဝန်ကြီးချုပ်ကပဲ ပြောလို့ရမယ်။ ကျွန်တော်ကပြောလို့မရဘူး။ အဲဒါကို ကျွန်တော်ပြောလို့ အဆင်မပြေဘူး။ ဝန်ကြီးချုပ်ကို တိုက်ရိုက်မေး တာ ကပဲ ပိုကောင်းလိမ့်မယ်ထင်တယ်”

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို ဆက်လက်မေးမြန်းခဲ့ရာမှာတော့ -

“အော် ဟုတ်ကဲ့ အဘက အစည်းအဝေးလုပ်နေလို့ပါလေ ဝန်ကြီးတွေနဲ့။ အစည်းအဝေးပြီးမယ့် အချိန်ကို လည်း မသိဘူးဗျ။ ဘယ်အချိန်လောက်ပြီးမယ်ဆိုတာ”

ရက္ခိုင့်တပ်တော် AA ရဲ့ ထုတ်ပြန်ချက်တွေအရ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် ဖမ်းဆီး ထားသူ ၃၀ ကျော်လောက်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ AA အဖွဲ့ရဲ့ ကြေညာချက်မှာ အေအေအဖွဲ့ကထိန်းသိမ်း ထား သူတွေ ဟာ ရဲတပ်ဖွဲ့ဝင် ကိုးဦး၊ တပ်မတော်သား ခြောက်ဦး၊ အကျဉ်းဦးစီးဝန်ထမ်း တစ်ဦး၊ တပ်အင်ဂျင်နီ ယာ တစ်ဦး စုစုပေါင်း ၁၇ ဦးလို့ပါရှိပါတယ်။

အလားတူ နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ပကာဝရွာ အနောက်ဘက်မှာ တပ်မ တော်ဘက်က ဗိုလ်တစ်ဦး၊ အရာခံဗိုလ်တစ်ဦးအပါအဝင် ၁၃ ဦးဟာ လက်နက်ချအညံ့ခံလာလို့ ထိန်း သိမ်းထားကြောင်း အေအေအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်ဟာ လွန်ခဲတဲ့ ၂၀၁၇ ခုနှစ်က အဖြစ်အပျက်တွေဆိုပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အဲဒီအချိန်က ငြင်းဆိုခဲ့ပါတယ်။

ရက္ခိုင့်တပ်တော်(AA)က အဲဒီတပ်မတော်သား ၁၃ ဦးရဲ့ဓာတ်ပုံကို ဒီနေ့ ထပ်မံထုတ်ပြန်ခဲ့ရာမှာတော့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒီကိစ္စဟုတ်မဟုတ်ကို စီစစ်နေတဲ့အကြောင်း RFA ကို ဒီနေ့ညနေမှာ တုံ့ပြန်ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ အေအေအဖွဲ့ကပြောဆိုတဲ့ သုံ့ပန်းလဲလှယ်ရေး ပြောဆိုချက်ဟာ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ဆွေးနွေးမှ လက်တွေ့ကျနိုင်မယ်လို့ သုံးသပ်ပါတယ်။

“လက်တွေ့ကျနိုင်တာတစ်ခုတော့ရှိတယ်။ အဲဒါက စားပွဲဝိုင်းဆွေးနွေးပွဲမှာ ဆွေးနွေးလို့ အဆင်ပြေကြတယ် ဆိုလို့ရှိရင်တော့ နှစ်ဦးနှစ်ဘက် ဖြေလျှော့ပြီးတော့ လွှတ်ပေးတာမျိုးဖြစ်နိုင်ပါတယ်။ အစိုးရဘက်က ဖမ်းဆီးထားတာတွေကိုလည်းပဲ တရားစွဲဆိုတာတွေကို ရုပ်သိမ်းတာတို့၊ ပြစ်ဒဏ်လျှော့ပေါ့ပြီး လွှတ်ပေးတာတို့ လုပ်လို့ရတာပဲလေနော်။ ဒါပေမဲ့ အဲဒီဟာတွေလက်တွေ့ဖြစ်လာဖို့ ဆွေးနွေးပွဲ စကားဝိုင်းတွေမှာ ဆွေးနွေးပြီး သဘောတူညီချက်ရလာပြီးမှ ဖြစ်လာနိုင်မယ့် ကိစ္စမျိုးပါ။ ဆွေးနွေးပွဲ စကားဝိုင်းပေါ်မှာ သဘောတူညီ ချက်မရသေးဘဲနဲ့တော့ ဒီလိုကိစ္စမျိုးက ဖြစ်လာနိုင်စရာအကြောင်း မရှိပါဘူး”

ရက္ခိုင့်တပ်တော်(AA)ကတော့ သူတို့ဖမ်းဆီးထားတဲ့ သုံ့ပန်းတွေကို စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စနစ်တကျထိန်းသိမ်းထားမှာဖြစ်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း အေအေအဖွဲ့နဲ့ဆက်နွယ်ပြီး ဖမ်းဆီးခံရသူ အရေအတွက်ဟာ အခုလက်ရှိအချိန် အထိ လူဦးရေ ၁၀၀ ထက်မနည်းရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ အေအေအဖွဲ့နဲ့ဆက်နွယ်ပြီး ဖမ်းဆီးအရေးယူခဲ့သူ အရေအ တွက်နဲ့ပတ်သက်လို့ အခုလက်ရှိအထိ နောက်ဆက်တွဲအခြေအနေတွေကို ထုတ်ပြန်တာ မရှိသေးပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */