Friday, September 6, 2019

အကူအညီပေးရေးနှစ်ဖွဲ့ကို ရိုဟင်ဂျာစခန်း လုပ်ခွင့်ပိတ်

VOA
05 စက်တင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး လက်မခံကြဖို့ တိုက်တွန်းနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကူအညီပေးရေး အဖွဲ့ ၂ ဖွဲ့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပိတ်လိုက်ပါတယ်။

မကြာသေးခင်က စီစဉ်ခဲ့တဲ့ နေရပ်ပြန်ပို့ရေး အစီအစဉ် မအောင်မမြင် ဖြစ်အောင် သွေးထိုးပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲ ချက်နဲ့ အမေရိကန် အခြေစိုက် Adventist ဖွံ့ဖြိုးရေးနဲ့ အကူအညီပေးရေးအေဂျင်စီ (ADRA) နဲ့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် Al Markazul Islami အဖွဲ့တို့ကို လုပ်ငန်းလုပ်ခွင့် ပိတ်လိုက်တာဖြစ်ကြောင်း ဒုက္ခသည်စခန်းတွေရှိရာ Cox's Bazar ဒေသ အုပ်ချုပ်ရေးမှူး Kamal Hossain ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

လုပ်ငန်းတွေ အားလုံးကို ချက်ခြင်းရပ်ဆိုင်းဖို့နဲ့ ဘဏ်တွေကတဆင့် ငွေလွဲှပြောင်းမှုတွေကို တားမြစ်ဖို့ အမိန့်ထုတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအစိုးရတို့ ပြီးခဲ့တဲ့လထဲ ဒုတိယအကြိမ်အဖြစ် စီစဉ်ခဲ့ကြပေမဲ့ အောင်မြင်မှုမရဘဲ ဖြစ်ခဲ့ပြီးနောက်မှာပဲ အာဏာပိုင်တွေဘက်က ဖိအားပေးခဲ့တာပါ။

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ခိုလှုံနေကြတဲ့ ဒုက္ခသည်စခန်းတွေမှာ အကူအညီပေးနေကြတဲ့ အကူအညီပေးရေး အေဂျင်စီ တစ်ရာကျော်လောက် ရှိနေပြီး၊ သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ အဖွဲ့အစည်းတွေကို နှိမ်နင်းမယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး A.K. Abdul Momen ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပြောဆိုထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်ခံမထားတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေ နေရပ်မပြန်နိုင်တဲ့ အဓိက အကြောင်းရင်းဟာ ARSA အစွန်းရောက် အုပ်စုရဲ့ ခြိမ်းခြောက်မှုကြောင့် ဖြစ်ကြောင်း ပြောဆိုထားတာပါ။

နောက်ဆုံးအကြိမ် နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ် စီစဉ်ထားတဲ့ ရက်နားနီးမှ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာဝန်ရှိသူတွေ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ဆန္ဒရှိ-မရှိ သဘောထား ကောက်ယူခဲ့တဲ့အတွက် အစီအစဉ်ကို ထိခိုက်ခဲ့ရကြောင်းလည်း စွပ်စွဲထားပါတယ်။ ဒါပေမဲ့လည်း ကုလသမဂ္ဂအရာ ရှိသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မြန်မာနိုင်ငံက လတ်တလော အခြေအနေဟာ ဒုက္ခသည်တွေ စိတ်ချလက်ချ ပြန်နိုင်လောက်တဲ့ အဆင့်မှာ မရှိသေးဘူးဆိုပြီး ပြောဆိုထားကြတာပါ။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */