ဘီဘီစီ မြန်မာပိုင်း
26 ဇူလိုင် 2019
နိုင်ငံတော် အကြည်ညို ပျက်စေမှု ၊ နိုင်ငံတော် ပုန်ကန်မှု တွေနဲ့ တပေါင်းထဲ ပြစ်ဒဏ် နှစ်၂၀ ချခံထားရတဲ့ ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ အမှုနဲ့ ပတ်သက်လို့ စုစုပေါင်း ပြင်ဆင်မှု ၄ခုကို လက်ခံသင့် မသင့် ကြားနာပေးဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးမှာ လျှောက်ထားခဲ့ရမှာ ပယ်ချခံခဲ့ ရပါတယ်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာ တုန်းက ကျင်းပတဲ့ ရခိုင့် နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း အထိမ်းအမှတ် စာပေ ဟောပြောပွဲမှာ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင် တို့ကို ၂၀၁၈ ဇန်နဝါရီလမှာ ဖမ်းဆီး ခဲ့ပြီး တိုင်း အစိုးရက တရားစွဲဆိုခဲ့ပါတယ်။
၂၀၁၉ မတ်လ ၁၉ရက်နေ့မှာ နိုင်ငံတော် ပုန်ကန်မှု အတွက် သူတို့နှစ်ယောက်ကို ထောင်ဒဏ် နှစ်၂၀ ၊ နိုင်ငံ တော် အကြည်ညို ပျက်စေမှုနဲ့ ၂နှစ် တပေါင်းတည်း နှစ်၂၀ ပြစ်ဒဏ် ချခံခဲ့ရပါတယ်လို့ စာရေးဆရာ ဝေဟင် အောင် ဘက်က လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။
တကယ်တော့ သူတို့ကို ပထမ တုန်းက အမှု သုံးမှုနဲ့ စွဲဆို ခဲ့တာဖြစ်ပြီး တစ်မှုကို စွဲချက် မတင်ဘဲ ပြန်လွှတ် ပေးကာ နောက်နှစ်ခု ဖြစ်တဲ့ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ ခ ၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ တို့နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ သူက ရှင်းပြ ပါတယ်။
အခုနှစ် မတ်လမှာ သူတို့အမှုတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် တရားလွှတ်တော်ကို အယူခံ မှုများ အဖြစ် လျှောက်ထားခဲ့ပေမယ့် မူလရုံးက အမှုကို ခေါ် စိစစ်ခြင်း မပြု ဆိုပြီး ပယ်ချခံခဲ့ရတယ်လို့ သူက ပြောပါတယ်။
အဲဒီနောက် ဒီအမှုနဲ့ ပတ်သက်လို့ စုစုပေါင်း ပြင်ဆင်မှု ၄ခုကို လက်ခံသင့် မသင့် ကြားနာပေးဖို့ ရာဇဝတ် ပြင်ဆင်မှု အဖြစ် နေပြည်တော်မှာ ရှိတဲ့ ပြည်ထောင်စု တရား လွှတ်တော် ရုံးကို ဒေါက်တာ အေးမောင်တို့ ဘက်ကလည်း လျှောက်ထားခဲ့ရာမှာ ဇူလိုင်လ ၂၆ ရက်နေ့မှာ ပလပ်ခံရတယ်လို့ ဒေါ်အေးနုစိန်က ပြောပါ တယ်။
လက်ရှိ အခြေအနေမှာ ပလပ် ခံလိုက်ရပေမယ့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးကို လာမယ့် သုံးလ အတွင်း အထူးအယူခံ ဆက်တက်ခွင့် ရှိတယ်လို့ သူက ရှင်းပြပါတယ်။
လက်ရှိ သူတို့အပေါ် ချမှတ်ထားတဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေဟာ မမျှတဘူးလို့ ယူဆကြောင်းနဲ့ လက်ရှိ ဖြစ်ပျက် နေတဲ့ ဥပဒေတွေကို ယုံလည်း မယုံဘူး တအား စိတ်ပျက်မိတယ်လို့ သူက ဆိုပါတယ်။
ခင်ပွန်းသည် အနေနဲ့ ထောင်ထဲမှာ စိတ်ဓာတ်ကျတာမျိုး မရှိကြောင်း ၊ ကျန်းမာရေး ကောင်းမွန်ကြောင်း ၊ အဆိုးဆုံး အခြေအနေ ရောက်နေပေမယ့် အကောင်းဆုံး ဖြစ်အောင်နေကြောင်း ၊ သူ့အမှု ကိစ္စနဲ့ ပတ်သက် လို့ အစိုးရဟာ ဥပဒေနဲ့ မညီဘဲ အတင်းအဓမ္မ ချမှတ်တဲ့ ပြစ်ဒဏ်တွေလို့ ယူဆကြောင်း ၊ ပြစ်မှုနဲ့ ပြစ်ဒဏ်မျှ တမှု မရှိဘူး၊ အစိုးရကို အယုံအကြည်လည်း မရှိဘူးလို့ ပြောကြောင်း ဇနီးဖြစ်သူက ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ အခြေအနေမှာ ဥပဒေက စာအုပ်ပေါ်မှာပဲရှိပြီး တရားရုံးမှာ တကယ် အသက်ဝင်တာမျိုး မရှိဘူးလို့ ဒေါ်အေးအေးနွယ်က ပြောပါတယ်။
ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ဟာ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းတုန်းက စစ်တွေထောင် ကနေ ရန်ကုန် မြို့က အင်းစိန်ထောင်ကို ပြောင်းရွှေ့ခံခဲ့ရတာ ဖြစ်ပါတယ်။
အခုလို ပြောင်းရွှေ့ သွားတဲ့ အတွက် ၈တန်းကျောင်းသူ သမီးငယ်ဟာ စာရေးဆရာ ဝေဟင်အောင်နဲ့ စာအ ဆက်အသွယ် လုပ်ဖို့ခက်သလို လူချင်းလည်း တွေ့ခွင့်ရဖို့ အခွင့်အလမ်း နည်းပါးသွားခဲ့တယ်လို့ ဇနီးဖြစ်သူ က ရှင်းပြပါတယ်။
ခင်ပွန်းသည် ရုတ်တရက် ထောင်ကျသွားတဲ့ အတွက် မိသားစု လုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းသွားခဲ့သလို တရားရေးဆိုင်ရာ စရိတ် ၊ ထောင်ဝင်စာ ရန်ကုန်ထိ လိုက်တွေ့ရတဲ့ စရိတ်တွေ အဆမတန် တက်လာပြီး မိသားစု အနေနဲ့ တတ်နိုင်သည် ဖြစ်စေ မတတ်နိုင်သည် ဖြစ်စေ ဒီအခက်အခဲတွေကို ခါးစည်း ခံနေရတယ် လို့ စာရေးဆရာ ဝေဟင်အောင် ရဲ့ ဇနီးသည် ဒေါ်အေးအေးနွယ်က ပြောပါတယ်။
ဘယ်လို အခြေအနေဘဲ ဖြစ်နေပါစေ ၊ ပြီးခဲ့တဲ့ ဇွန်တုန်းက ထောင်ထဲက ခင်ပွန်းသည်ကို သူ့အစ်ကို ဖြစ်သူ က သွားတွေ့ခဲ့ပြီး လာမယ့် ထောင်ဝင်စာ တွေ့ခွင့်ရက်မှာ ခင်ပွန်းသည်ကို သွားရောက် တွေ့ဆုံကာ အမှုနဲ့ ပတ်သက်လို့ ရှေ့ဆက်လုပ်သွားဖို့ တိုင်ပင် သွားမှာ ဖြစ်တယ်လို့ ဒေါ်အေးအေးနွယ်က ပြောပါတယ်။
No comments:
Post a Comment