" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, July 10, 2019

ရခိုင်အသင်းခေါင်းဆောင်များ ဖမ်းဆီးခံရမှု စင်ကာပူ အာဏာပိုင် အတည်ပြု

ဧရာဝတီ
နန်းလွင်နှင်းပွင့်
10 July 2019
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဆွေမျိုးတော်စပ်သူဟု ဆိုသည့် ကိုအောင်မြတ်ကျော် / Aung Myat Kyaw
 
စင်ကာပူ အခြေစိုက် ရခိုင်အသင်း ခေါင်းဆောင်များနှင့် အဖွဲ့ဝင် စုစုပေါင်း ၆ ဦးကို အာဏာပိုင်များက ဖမ်းဆီးစစ်ဆေးနေကြောင်း စင်ကာပူ နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

ဖမ်းဆီးခံ ထားရသူများမှာ ရခိုင်အသင်း-စင်ကာပူ၏ ဥက္ကဌ ဦးဟိန်းဇော်၊ ဒုဥက္ကဌ ဒေါ်အေးမြတ်မွန် ၊ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးရဲကျော်ထက်၊ ဦးတင်လှိုင်ဦး၊ ဦးအောင်မြတ်ကျော် နှင့် ဦးထွန်းအေးတို့ ဖြစ်သည်ဟု သိရသည်။
ဖမ်းဆီးထားခြင်းမှာ မှန်ကန်သော်လည်း ဖမ်းရသည့် အကြောင်းအရင်းကိုမူ စင်ကာပူနိုင်ငံ ပြည်ထဲရေး ဝန်ကြီး ဌာနက ထုတ်ဖော် ပြောဆိုခြင်း မရှိပါ။

ဖမ်းဆီးခံရသူ ၆ ဦးအနက် ဦးဟိန်းဇော်၊ ဒေါ်အေးမြတ်မွန်၊ ဦးရဲကျော်ထက်၊ ဦးတင်လှိုင်ဦးတို့ကို ဇူလိုင် ၆ ရက်က စင်ကာပူရဲ တပ်ဖွဲ့ဝင်များမှ နေ၍ နေအိမ်များတွင် လာရောက် ဖမ်းဆီးခြင်း ဖြစ်ပြီး၊ ဇူလိုင် ၇ ရက် မနက်ပိုင်းတွင် ဦးအောင်မြတ်ကျော်နှင့် ဦးထွန်းအေးတို့ကို ထပ်မံ ဖမ်းဆီးခြင်း ဖြစ်သည်ဟု သိရသည်။

လက်ရှိ စင်ကာပူနိုင်ငံတွင် နေထိုင်ပြီး ရခိုင်အသင်းတွင် ပါဝင်လှုပ်ရှားနေသူ တဦးက “ဘာအကြောင်းရင်းကြောင့် ဆိုတာ ကျနော်တို့လည်း သေသေချာချာ မသိရပါဘူး။ ကျနော်တို့ ကြားထဲမှာ သတင်းပြန့်နေတာကတော့ မြန် မာသံရုံး ဘက်က ဖမ်းခိုင်းလို့ပါ ဆိုတာပေါ့နော်။ အဲ့ဒါပဲ သိရပါတယ်၊ ဒီမနက် ဖမ်းဆီးခံရတဲ့ ကိုအောင်မြတ်ကျော်နဲ့ ကိုထွန်းအေးတို့ ဆိုရင် သူတို့ အိမ်က ကွန်ပျူတာတွေ ဘာတွေအကုန် သိမ်းဆည်း ခံထားရတယ်လို့လည်း ကြားသိရပါ တယ်” ဟု ပြောသည်။

ဖမ်းဆီးခံထားရသူများအနက် ဦးအောင်မြတ်ကျော်မှာ ရက္ခိုင်စစ်တပ် (AA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဆွေမျိုး တော်စပ်သူ ဖြစ်သည်ဟု သိရသည်။

ဧရာဝတီမှ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။

တောင်ကိုရီးယား နိုင်ငံရှိ ရခိုင်အသင်း- ကိုရီးယား၊ ဒုဥက္ကဌ ဦးနေခိုင်စိုးကို ဆက်သွယ်မေးမြန်းရာ ၎င်းတို့မှာ ရခိုင် အသင်းဟု အမည်တူသော်လည်း တနိုင်ငံနှင့် တနိုင်ငံ ချိတ်ဆက်ထားခြင်း မရှိကြောင်း၊ အသင်း၏ လူမှုရေးဆိုင် ရာ အကူအညီပေးရေး ကိစ္စများကို သီးခြားစီသာ လှုပ်ရှား လုပ်ကိုင် နေခြင်း ဖြစ်ပါသည်ဟု ပြောသည်။

လက်ရှိတွင် ရခိုင်အသင်း – စင်ကာပူမှ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို ဖမ်းဆီးသွားခြင်း နှင့် ပတ်သက် ၍ အကြောင်းအရင်း ခိုင်ခိုင်လုံလုံ မသိရှိရသေး သဖြင့် မှတ်ချက် တစုံတရာ မပေးလိုသေးပါဟုလည်း ဦးနေ ခိုင်စိုးက ဆိုသည်။

ရခိုင်ပြည်နယ် အခြေစိုက် ရခိုင် အမျိုးသားပါတီ (ANP) ၏ မူဝါဒရေးရာ ဦးဆောင် ကော်မတီဝင် ဒေါ်အေးနု စိန်က စင်ကာပူ နိုင်ငံတွင် ဖမ်းဆီးခံသည့် ရခိုင်အသင်းမှ လူငယ်ခေါင်းဆောင်များကို သိရှိကြောင်း ၊ စင်ကာ ပူ နိုင်ငံတွင် ဦးဥတ္တမ အထိမ်းအမှတ်နေ့ ကျင်းပရာ ရခိုင်အသင်းက စာပေဟောပြောပွဲများ ဦးဆောင် ကျင်းပ ဖူးပြီး ၂၀၁၅ ခုနှစ်က ဖိတ်ခေါ်ခံရသဖြင့် သွားရောက် ဟောပြောဖူးပါသည်ဟု ပြောသည်။

ဒေါ်အေးနုစိန်က “ဒီက ရခိုင်အသိုင်းအဝိုင်းကတော့ နိရဉ္စရာသတင်းဌာနက သတင်းတက်လာတာနဲ့ကို အရမ်းကို တုန်လှုပ်ပြီး စိတ်ပျက်ကြတယ်။ ရေးထားတာက မြန်မာနိုင်ငံအစိုးရက ဖမ်းဆီးခိုင်းလို့ ဖမ်းတယ်လို့ ဖတ်ရတာကိုး။ စင်ကာပူကို ဒီမိုကရေစီနိုင်ငံ ဆိုပြီးတော့ တော်တော်လေး အထင်ကြီးထား တာလေ။ ဘယ် မှာပဲ နေနေ စိုးရိမ်မကင်း ဖြစ်ရတယ်ဆိုတာ အခု သောသောကို ညံနေတာ ပဲ” ဟု ပြောသည်။

ရခိုင်အသင်း-စင်ကာပူသည် စင်ကာပူရောက် ရခိုင်လူမျိုးများ စုဖွဲ့ပြီး ရခိုင်အရေး၊ လူမှုရေးများ စုပေါင်း လုပ် ကိုင်ကြသည့် အသင်းတခု ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၇ရက်နေ့က ရက္ခိုင်စစ်တပ် (AA) တည်ထောင်ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စင်ကာပူရောက် ရခိုင်လူမျိုးများ စုပေါင်းပြီး ခန်းမတခု ငှားကာ “မျှော်လင့်ချက် မိုင်တိုင် အမှတ် ၁၀” ဟူ သည့် ခေါင်းစဉ်ဖြင့် ပွဲကျင်းပခဲ့ကြသည်။

အခမ်းအနားတွင် တက်ရောက်လာသူများကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အွန်လိုင်းမှနေ၍ Video Call ဖြင့် မိန့်ခွန်း ပြောခဲ့ပြီး AAစစ်သားများက တပ်မတော်ကို ရခိုင်ပြည်နယ်တွင်းမှ တိုက်ထုတ်ကာ အောင်ပွဲခံသည့် သရုပ်ပြ တခုကိုလည်း လုပ်ဆောင် ခဲ့ကြသည်။

ယခုအခါ ရက္ခိုင့်တပ်မတော် (AA)မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခနှင့် ဆွေမျိုးတော်စပ်သူ ဦးမောင် သန်းဖြူနှင့် အခြား အရပ်သား ၂ ဦးကို တပ်မတော်မှ ဖောက်ခွဲမှု၊ မသင်္ကာမှုတို့ဖြင့် ယနေ့အထိ စစ်ဆေးနေဆဲဖြစ် သည်။

ထို့အတွက် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အမ်းမြို့နယ်တွင်း ဖမ်း ဆီးမှုမှာ ဖောက်ခွဲမှု မသင်္ကာမှုဖြင့် ဖမ်းဆီးခြင်း ဖြစ်ပြီး ဖမ်းစဉ်က AA တပ်ဖွဲ့ဝင်၏ မိသားစု ဝင်များဟု မသိ ရှိခဲ့ကြောင်း၊ AAတပ်ဖွဲ့ဝင်၏ မိသားစု ဖြစ်ခြင်း မဖြစ်ခြင်းထက် ရာဇဝတ်မှု ကျူးလွန် ခြင်းကိုသာ မူတည်ပြီး ဥပဒေအရ အရေးယူသွားမည်ဟု ပြောဆိုထားသည်။

You may also like these stories:

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */