Tuesday, July 9, 2019

ကျောက်တော်မှာ မြန်မာစစ်တပ်ယာဉ်တန်း တိုက်ခိုက် ခံရ

VOA  
ဗွီအိုအေ (မြန်မာဌာန)
09 ဇူလိုင်၊ 2019
ကိုနိုင်ကွန်းအိန်
 ရခိုင်ပြည်နယ် ဘူးသီးထောင်မှာ တပ်စွဲထားသော မြန်မာစစ်သားများ (သြဂုတ်၊ ၂၉၊ ၂၀၁၇) 

ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ်တွင်းက ကစ္ဆပနဒီ တံတားအနီးမှာ မြန်မာတပ်မတော် ယာဉ်တန်း ဗုံးခွဲတိုက် ခိုက်ခံရလို့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။ တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် အနီးအနားမှာရှိတဲ့ ရွာသားတွေကို မြန်မာစစ်တပ်က ဖမ်းဆီး စစ်ဆေးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်း  ထောက် ကိုနိုင်ကွန်းအိန် စုံစမ်းမေးမြန်းထားပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကစ္ဆပနဒီတံတားအနီးမှာ တပ်မတော် စစ်ကြောင်းတခု ဇူလိုင် ၈ ရက်နေ့ မနက်ပိုင်း က ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမယ့် သေဆုံးသူရှိ၊ မရှိနဲ့ ဘယ်နှစ်ဦး ထိခိုက် ဒဏ်ရာရသလဲဆိုတဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။ 

“အဲဒီ တံတားအနားမှာတော့ ကျနော်တို့ ရီမုမိုင်း နှစ်လုံး ဖေါက်ပြီးတော့ တိုက်ခိုက်ခဲ့တာ ရှိတယ်။ ကျနော် တို့  ဆီက စစ်သည် တချို့ဒဏ်ရာ ရခဲ့တာ ရှိတယ်။ မနေ့က မနက် ၈ နာရီလောက်မှာ ဖြစ်တာ။ ရီမုမိုင်းနဲ့ ကျနော် တို့ကို အလစ်ငိုက် တိုက်ခိုက်တဲ့ သဘောပါ။” 

ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့ ဒီတိုက်ပွဲအတွင်း ဗုံးအပါအဝင် ခြုံခို တိုက်ခိုက်ခဲ့ရာမှာ မြန်မာစစ်တပ် ဘက်က ကျဆုံးမှုတွေ များပြားတယ်လို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။ 

“မနေ့က မနက် ၇ နာရီ ၄၀ မှာ ကျောက်တော်မြို့နယ် အဲဒီကစ္ဆပနဒီ တံတားရဲ့ အရှေ့ဘက်ပေါ့။ ၂.၆ ကီလိုမီတာအကွာလောက်မှာ ဗမာစစ်တပ်ရဲ့ အင်အား ၁၅၀ ပါတဲ့ စစ်ကြောင်းကို ကျနော်တို့ဘက်ကနေ ကြားဖြတ်တိုက်ခိုက်တာ ရှိတယ်။ အဲဒီ တိုက်ခိုက်မှုအတွင်းမှာတော့ ရန်သူဘက်ကနေ ၁၅ ဦးထက် မနည်းကျဆုံးတာ ရှိတယ်။” 

ကျောက်တော်မြို့နယ် ကစ္ဆပနဒီတံတားအနီး ဗုံးခွဲတိုက်ခိုက်မှု ဖြစ်စဉ်မှာ ထိခိုက် သေဆုံးမှုတွေကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

မိုင်းခွဲတိုက်ခိုက်ခံရအပြီး မြန်မာစစ်တပ်ကနေ အနီးနားက ပိနဲ္နချောင်းရွာသားတွေကို ဖမ်းဆီးမှုတွေ ရှိနေ တယ်လို့ ပိနဲ္နချောင်းရွာသား တဦးက ပြောပါတယ်။ 

"မနေ့က ရွာသားတွေ အဖမ်းခံရတယ်။ ရာအိမ်မှူးတော့ အဖမ်းဆီးခံရတယ်လို့တော့ ပြောတယ်။" 

ဇူလိုင် ၆ ရက်နေ့ကလည်း အမ်းမြို့နယ် ဓါတ်တော်ကျေးရွာက ရွာသား သုံး ဦးကို တပ်မတော် စစ်ယာဉ်တန်း ဗုံးဖေါက် ခွဲတယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က ဖမ်းဆီးထားပြီး လက်ရှိ စစ်ဆေးနေဆဲ အခြေအနေမှာ ရှိပါတယ်။

AA လက်နက်ကိုင်အဖွဲ့တွေ အခြေပြုလှုပ်ရှားနေတယ်လို့ သံသယရှိတဲ့ ကျေးရွာတွေကိုလည်း မြန်မာစစ် တပ် ဘက်ကနေ နယ်မြေရှင်းလင်းရင်း စိစစ်မှုတွေ ပိုမို တင်းကြပ်လာနေပါတယ်။

ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာမှာ မြန်မာစစ်တပ်ကနေ တပတ်အကြာ ဝိုင်းပတ်စစ်ဆေးနေဆဲ အခြေ အနေကြောင့် ရွာသားတွေ စားဝတ်နေထိုင်ရေးမှာ စိုးရိမ်စရာ ဖြစ်နေတယ်လို့ ဘူးသီးတောင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက အခုလိုပြောပါတယ်။

"ကံပြင် အခြေအနေက ရွာကလူတွေ တပတ်လောက်ရှိပြီ။ ၂ ရက် နေ့ကတည်းကလေ။ တပ်မ ၂၂ က အဲဒီ ရွာမှာ ရောက်နေတယ်။ ရွာသားက ကျား ၁၆ ယောက်၊ မ ၁၆ ယောက်၊ ဘုန်းကြီးတပါး။ အကုန်လုံး ၃၃ ယောက်ပေါ့နော်။ သူတို့ဘယ်မှလဲ သွားလို့ မရဘူး။ ရှိတာကို စားသောက်ပြီး နေကြတာ အခုကတော့ ရိက္ခာ တွေလည်း ကုန်ပြီလို့ ပြောတယ်။ ရွာမှာ လူတွေကို အကုန်လုံး ဒီမနက်မှာ ခေါ်ပြီးမှ ဘုန်းကြီး ကျောင်း မှာ စု ထားတယ်လို့ ပြောတယ်။ ကျနော်အနေနဲ့တော့ ဒီ ICRC အဖွဲ့ကိုတော့ အကူညီတောင်း ထားတယ်။ သွား ပြီးမှ အကူညီပေး ပေးပါလို့။ တော်တော်အခက်ခဲ ဖြစ်နေတယ်။ ကျနော်ကတော့ စိုးရိမ် နေတယ်။ ကျောက်တန်းမှာ ဖြစ်သွားမှာကို စိုးတယ်ပေါ့နော်။" 
 
ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာနဲ့ ရသေ့တောင်မြို့နယ် အမျက် တောင်ကျေးရွာကို မြန်မာစစ်တပ်ကနေ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ေြ့ပာပါတယ်။

ဒါပေမဲ့တပ်မတော်ဘက်ကတော့ နှစ်ဘက် တိုက်ပွဲဖြစ်ပွားမှုအတွင်း ကျည်ထိမှန်လို့ မီးလောင်တာဖြစ် ကြောင်း ဖြေရှင်းချက် ပေးထားပါတယ်။

မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ ဒီဇင်ဘာလကနေ စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ AA နဲ့ ဆက်နွယ်နေ တယ် .... မသင်္ကာမှုနဲ့ ဖမ်းဆီးခဲ့သူ ၉၀ ကျော်၊ စစ်ဆေးဆဲ ၃၆ ဦး၊ အမှုဖွင့်အရေးယူထားသူ ၄၅ ဦး၊ ပြစ်ဒဏ်ချ မှတ် ခံရသူ သုံး ဦး ရှိနေတယ်လို့ ဇွန်လ ၂၂ ရက်နေ့နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်မတော်ရဲ့ သတင်းစာ ရှင်း လင်းပွဲအပြီးမှာ ထုတ်ပြန်ထားပါတယ်။ 


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */