Friday, July 5, 2019

ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်အောင် မြန်မာအစိုးရကို တိုက်တွန်းမယ်လို့ တရုတ်ဝန်ကြီးချုပ်ပြော

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-07-05
 တရုတ်ဝန်ကြီးချုပ် Li Keqiang နဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina တို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ၂၀၁၉ ဇူလိုင် ၄ ရက်နေ့ကတွေ့ဆုံစဉ် Photo: Mark Schiefelbein / POOL / AFP 
 

 ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်အောင် လုံခြုံမှုရှိတဲ့ အခြေအနေတစ်ခု ဖန်တီးပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းသွားမယ်လို့ တရုတ်ဝန်ကြီးချုပ် Li Keqiang က တရုပ်နိုင်ငံမှာရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နဲ့အဖွဲ့ကို ကတိပေးလိုက်ပါတယ်။

Li Keqiang ဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ဦးဆောင်တဲ့အဖွဲ့နဲ့ ဇူလိုင်လ ၄ ရက်နေ့က ဘေ ဂျင်း မြို့မှာ တွေ့ဆုံဆွေးနွေးစဉ် အခုလို ပြောဆိုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ထုတ်ပြန်တဲ့ သတင်းတွေ အရ သိရပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ်က ရိုဟင်ဂျာအရေးကိစ္စကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံ ရေးကို ထိခိုက်ပြီး ဒီပြဿနာဟာ အချိန်နဲ့ အမျှ ပိုပြီးကြီးထွားလာကြောင်းနဲ့ ဒုက္ခသည်တွေကို အလျှင် အမြန် ပြန်ပို့ချင်းဟာ တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း လက်ရှိဒုက္ခသည်တွေအနေနဲ့ နေရပ်ကိုပြန်ဖို့ ကြောက်ရွံ့နေပြီး သူတို့အနေနဲ့ လုံလုံခြုံခြုံ၊ ဂုဏ်သိက္ခာနဲ့ ပြန်နိုင်တဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးပေးဖို့ တရုတ်အစိုးရရဲ့ အခန်းကဏ္ဍဟာ အရေးပါကြောင်း လည်း ထောက်ပြခဲ့တယ်လို့ သတင်းမှာရေးသားထားပါတယ်။

တရုတ်ဝန်ကြီးချုပ် Li Keqiang က ရိုဟင်ဂျာအရေးကိစ္စဟာ ဘင်္ဂလားဒေ့ရှ်အတွက် ကြီးမားတဲ့ စိန်ခေါ် မှုဖြစ်တယ် ဆိုတာ လက်ခံပြီး၊ ပြဿနာကို မြန်မာနဲ့ ဘင်္ဂလားဒေရှ့်အစိုးရတို့ နှစ်ဦးနှစ်ဖက် ပူးပေါင်းဖြေရှင်း ရမှာဖြစ်ကြောင်းနဲ့ လိုအပ်ရင် တရုတ်နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံကို ထပ်မံစေလွှတ်ပြီး နှစ်နိုင်ငံအတူ ဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းသွားမယ်လို့ ပြောခဲ့ပါတယ်။

ဆွေးနွေးပွဲအပြီး တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်တွေထဲမှာ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် တရုတ်က ဆန် တန်ချိန် ၂၅၀၀ ထောက်ပံ့ဖို့အချက်လည်း ပါဝင်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံသံရုံးကိုရော ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနကို RFA က ဆက်သွယ်လို့မရခဲ့ပါဘူး။

(RFA သတင်းထောက် ကိုရဲတိုက် ပေးပို့သည်) 

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */