Saturday, May 4, 2019

ရခိုင်စစ်ရှောင်များအား NGO နှင့် INGO များ ကူညီ ခွင့်ပေးရန် တိုက်တွန်း

DVB
By ဒီဗွီဘီ
4 May 2019
မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ နှစ်ဖက်တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ် ဘေးဒုက္ခသည်တွေကို INGO နဲ့ NGO တို့အပါအဝင် အရပ်ဘက်အဖွဲ့တွေရဲ့ အကူညီတွေ ဆက်လက်ကူညီ ခွင့်ပေးဖို့ ပြည်နယ်အစိုးရကို တိုက်တွန်ကြောင်းအဆိုကို မေလ ၂ ရက်နေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

လက်ရှိအနေအထားမှာ တိုက်ပွဲတွေ ရပ်တန့်နိုင်မယ့် အခြေအနေ မရှိသေးသလို စစ်ရှောင်ဦးရေဟာလည်း ထပ်မံတိုးလာနိုင်တာကြောင့် နိုင်ငံတကာအဖွဲ့တွေ ကူညီမှသာ အတိုင်းအတာတခုအထိ ပြည့်စုံနိုင်မယ်လို့ ယူဆတာကြောင့် ပြည်နယ်အစိုးရက တားဆီးမှုတွေ မလုပ်ဘဲ လမ်းဖွင့်ပေးဖို့ အဆိုတင်သွင်းရတာလို့ အဆို ရှင် ပေါက်တောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောပါတယ်။

“တကမ္ဘာလုံးက ရွာဖြစ်နေတဲ့ ဥစ္စာမှာ ဒီလို NGO တွေ၊ INGO တွေ ကူညီပေးနိုင်တဲ့ ဥစ္စာကို ဖြတ်ပြီဆိုလို့ရှိ ရင် တကမ္ဘာလုံးရဲ့ ပြင်ပကို ရောက်အောင် ကိုယ့်နိုင်ငံကို ဆွဲထုတ်လိုက်တဲ့ သဘောသက်ရောက်နေ ပါ တယ်။ အစိုးရက မိဘပဲလေ။ လာကူညီတဲ့ သူကို ခွင့်ပြုပေးရင် ဘာဖြစ်လဲ။ ဘာတွေစိုးရိမ်စရာလိုလဲ။ ဘာ မဟုတ်တာ လုပ်နေကြလို့လဲ။ ဘာပဲဖြစ်ဖြစ် နိုင်ငံတကာ INGO တွေကို မပိတ်သင့်ဘူး။ ခွင့်ပြုပေးသင့် တယ်။”

တိုက်ပွဲတွေ စတင်တင်းမာပြီးနောက်ပိုင်း ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP နဲ့ အပြည် ပြည် ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC တို့မှအပ ကျန်နိုင်ငံတကာအဖွဲ့တွေအား တိုက်ပွဲဒေသတွေကို သွားရောက်ခွင့် ပြည်နယ်အစိုးရက ပိတ်ပင်ခဲ့တာပါ။

အဆိုကို ထောက်ခံခဲ့တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသာထွန်းအောင်က “အခုလက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် နယ်ရပ်စွန့်ခွာလာရတဲ့ စစ်ဘေးရှောင်တွေဟာ ဘက် ပေါင်းစုံမှာ အခက်အခဲတွေ ရှိနေတာကို မိဘအနေအထားမှာရှိတဲ့ အစိုးရက မိမိကိုယ်တိုင်လည်း ပြည့်စုံ အောင် ကူညီထောက်ပံ့ပေးနိုင်တဲ့ အနေအထားမှာမရှိ။ သူများကူညီတာကိုလည်း ပိတ်ပင်တယ်ဆိုတော့ မဟော်သဓာသားတရားစီရင်ခန်းနဲ့ နှိုင်းယှဉ်ကြည့်လိုက်မယ် ဆိုလို့ရှိရင် မိဘဖြစ်တဲ့ အစိုးရဟာ ဘယ်အနေ အထားမှာ ရောက်သွားမလဲဆိုတာကို ကြွရောက်လာသူအားလုံး စဉ်းစားသာကြည့်ကြပါဗျ။”

ဒီအဆိုကို ဆက်လက်ဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူရာ ကန့်ကွက်သူ မရှိတဲ့အ တွက် လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေတွေကြောင့် စစ်ဘေးရှောင် ၃ သောင်းကျော်လောက် ရှိနေပြီး သောက်သုံးရေ အပါအဝင် စားနပ်ရိက္ခာတွေ ပြတ်တောက်နိုင်တဲ့ အနေအထားကြုံနေရတယ် လို့ လည်း ဦးအောင်ကျော်ထွီးက ပြောဆိုခဲ့ပါတယ်။

သတင်းနှင့်ဓာတ်ပုံ – ဝဏ္ဏခွာညို

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */