" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, May 21, 2019

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ဘူးသီးတောင်တွင် စစ်ဘေးရှောင်များနှင့်တွေ့ဆုံ

နိရဉ္စရာ
နိရဉ္စရာ၊ မေလ ၂၁/၂၀၁၉
 မောင်တောကို ရောက်ရှိနေသည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi ဦးဆောင်သောအဖွဲ့သည် ယနေ့တွင် မောင်တောမှ တစ်ဆင့် ဘူးသီးတောင်မြို့ ရန်အောင်မြေကျောင်းတိုက် စစ်ဘေးရှောင်စခန်းသို့ သွားရောက်ပြီး စစ်ဘေးရှာင်များနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

ယမန်နေ့ မေလ ၂၀ ရက်နေ့ မောင်တောခရိုင် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယနေ့တွင် ဘူးသီတောင် မြို့မှ စစ်ဘေးရှောင်စခန်း အပါအဝင် နေရာ ၂ ခုနှင့် မောင်တောမြို့နယ်တွင် ဖါးဝပ်ချောင်း တိုင်းရင်းသား ကျေး ရွာနှင့် ပန်းတောပြင် မူဆလင် စခန်းသို့ သွားရောက်ခဲ့သည်။

မောင်တောခရိုင် တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲနှင့် ပတ်သက်ပြီး ခရိုင် အုပ်ချုပ်ရေးမှူး ဦးစောအောင်က “ မနေ့က တွေ့ဆုံဆွေးနွေးတာက ထွေထွေထူးထူး မဟုတ်ပါဘူး။ ဒေသခံတွေရဲ့ အဓိက ဖွံ့ဖြိုး တိုးတက်ရေး၊ ဟိုဘက်က ထွက်သွားတဲ့သူတွေ ပြန်လာရင်ဆောင်ရွက်မယ့် ကိစ္စတွေ။ ကျွန်တော်တို့ အရင် တင်ပြတဲ့ အတိုင်းဘဲ ပြောလိုက်တာပါဘဲ။ ကျွန်တော်တို့ လုပ်နေကျ အတိုင်းဘဲ။ ထွေထွေ ထူးထူးတော့ မရှိပါဘူး။ ပြီးခဲ့တဲ့လက သူလည်း တစ်ခေါက်ရောက်ခဲ့တယ်။ ဘင်္ဂလာဒေ့ရှ်ကိုလေ။ ဘာတွေ ဒီဘက်က ဘယ်လို လုပ် နေလဲပေါ့။ ဒီဘက်ကဆောင်ရွက်နိုင်တဲ့ဟာရယ်။ ပြန်လည်ဝင်ရောက်လာပီး တိုးတက်ဖို့ လုပ်ပေးမယ်။ လုပ်ပေးမယ့်ဟာက ကျွန်တော်တို့က ပြောတယ်လေ။ ကိုယ့်နိုင်ငံ အနေအထား အရ စီစဉ်ပေးအယ်။ အခု UNHCR ၊ UNDPနဲ့ အစိုးရက သဘောတူ စံချွန်လွှာ အရပရိုဂျက်သေးသေးတွေကို ကျွန်တော်တို့ ဝိုင်းကူ ညီပေးပြီး လုပ်ပေးနေပါတယ်။ဒီကိစ္စလေးတွေပါဘဲ။ ကျန်တာတွေ သိပ်မရှိပါဘူး”ဟု ပြောကြားသည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi ဖြင့် ယနေ့တွင် မောင်တောမြို့နယ်ရှိ တိုင်း ရင်းသားများနေထိုင်သည့် ဖားဝပ်ချောင်းကျေးရွာ ၊ ပန်းတောပြင် ဘင်္ဂလီကျေးရွာများကို သွားရောက် ခဲ့ပြီး ဘူးသီးတောင်တွင် ရန်အောင်မြေဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် တိုက်ပွဲရှောင်စခန်းနှင့် ရွာမ ဘင်္ဂလီရွာကို သွားရောက်ခဲ့သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

“သူ့အနေနဲ့ စစ်ပြေးရှောင်တွေကိစ္စလည်း မေးမြန်းစရာရှိနေတဲ့ အတွက် ဘူးသီးတောင်မှာ စစ်ပြေးရှောင် တွေနဲ့ သွားတွေ့တာ ဖြစ်ပါတယ်” ဟု ဆက်လက် ပြောဆိုသည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi သည် ယနေ့ နံနက်က ဘူးသီးတောင် သို့ ရောက်ရှိလာပြီး ရခိုင်နှင့် မူဆလင်ခေါင်းဆောင်များနေထိုင်ရာ ရွာမရွာသို့ သွားရောက်ခဲ့ကြောင်း၊ ၎င်း နောက် စစ်ဘေးရှောင်များနေထိုင်ရာ ရန်အောင်မြေ ဘုန်းတော်ကြီး ကျောင်းသို့သွားရောက်ခဲ့ကြောင်း ဘူး သီးတောင်မြို့ နယ်အုပ်ချုပ်ရေးမှူးက ဦးကျော်မင်ထွန်းက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

“ သူဟာ သူ လွတ်လွတ်ဘဲ တွေ့ဆုံဆွေးနွေးပါတယ်။ ကျွန်တော်တို့လည်း ဘာတွေ ဆွေးနွေး ပြောဆို တယ် ဆိုတာ တိတိကျကျ မသိပါဘူးခင်ဗျား။ ဒီနေ့ မနက်က ရောက်လာတာပါ။ ပီးရင် မောင်တောကို ပြန်သွားပါတယ်” ဟု ပြောကြားသည်။

ဘူးသီးတောင် ရန်အောင်မြေကျောင်းတိုက် ဆရာတော် ဦးဣဝံသအား ယနေ့ ဆက်သွယ်၍ မရရှိခဲ့သော် လည်း ယမန်နေ့က ဆက်သွယ်ခဲ့ရာတွင် သူက “ ဦးဇင်းတို့ကတော့ စစ်ဘေးရှောင်တွေကိုယ်နေရပ် ကိုယ် ပြန်နိုင်ရေးနဲ့ သူတို့ အတွက် အကာအကွယ်ရရှိရေးကိစ္စတွေကို တင်ပြဖို့ စီစဉ်ရှိပါတယ်” ဟု ပြော ကြားထားသည်။

( မောင်တောသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးနှင့် အဖွဲ့ကို တွေ့ရစဉ်)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */