" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, May 28, 2019

အစိုးရ၏ စစ်ဘေးရှောင်စခန်းများတည်ဆောက်ရေး ကျောက်တော်မြို့နယ်မှ စခန်းများ မပါဝင်၍ စခန်းနေ သူတို့စိတ်ပျက်

နိရဉ္စရာ
နိရဉ္စရာ၊ မေလ ၂၈/ ၂၀၁၉

ရခိုင်ပြည်နယ် အစိုးရမှ စစ်ဘေးရှောင်စခန်းတစ်ချို့ကို တည်ဆောက်ရန် စီစဉ်နေရာ ထိုအထဲတွင် မြိုတိုင်း ရင်း သား စစ်ဘေးရှာင် ၁၀၀၀ ကျော်နေထိုင်သည့် ဝါးတောင်စခန်းမပါဝင်သဖြင့် စိတ်ပျက်မိကြောင်း စခန်း ခေါင်း ဆောင်များက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ ကျွန်တော်တို့ စခန်းမှာ ကျေးရွာ ၈ ရွာက အိမ်ထောင်စုပေါင်း ၂၂၂ စု၊ လူပေါင်း ၁၀၀၀ ကျော်ရှိပါတယ်။ အခု နေတဲ့ မြေနေရာကလည်း ပုံစံ (၇) ပေါက်ထားတဲ့ မြေနေရာ ဖြစ်တဲ့ အတွက် စခန်းဆက်လက် ဆောက် ပြီး နေ ထိုင်တာကို ပိုင်ရှင်က ခွင့်မပြုနိုင်ဘူးလို့ ပြောပါတယ်။ ဒါ့ပြင် မိုးရွာ လေတိုက်နဲ့ အဆောင်တွေလည်း ပြိုကျ၊ ရေဝင်နေတော့ နေစရာ မရှိ ဖြစ်နေပါတယ်။ ဒါကြောင့် အဆောင်တွေကို စနစ်တကျ ဆောက်လုပ် ပေးဖို့ ကျွန်တော်တို့ လိုလားနေပါတယ်” ဟု စခန်းမှ ခေါင်းဆောင် တစ်ဦးဖြစ်သူဦးမောင်လှက ပြောကြား သည်။

ထိုသို့ မြေနေရာအခက်အခဲနှင့် နေစရာအခက်အခဲဖြစ်နေရခြင်း အပေါ် မြို့နယ်အဆင့် တာဝန်ရှိသူများကို တင်ပြရာ “ နေရာချပေးမည်၊ အချိန်နည်းနည်းစောင့်ပါ” ဟုပြောဆိုကြောင်း၊ ယခု မိုးကျနေပြီ ဖြစ်၍ စခန်း တစ်ခုလုံး ဒုက္ခရောက်နေကြောင်း ၎င်းက ပြောကြားသည်။

ရခိုင်ပြည်နယ် အစိုးရမှ စစ်ဘေးရှောင် စခန်းများကို တည်ဆောက်ပေးရန် စီစဉ်နေရာ ၎င်းအထဲတွင် ရသေ့ တောင်မြို့နယ်တွင် သောင်းဒရားနှင့် ရွာသစ်ကေရွာ ၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အထက်မြတ်လှဲနှင့် သာစည်၊ မြောက်ဦးမြို့နယ် တိမ်ညိုနှင့် ဓမ္မာရာဇ်၊ မင်းပြားမြို့နယ်တွင် နဒင်၊ ဘူးသီးတောင်မြို့နယ်တွင် မြောင်းနားနှင် အထက်ကျွဲချိုမော်တို့ပါဝင်သည်။

ကျောက်တော်မြို့နယ်မှ ကန်စောက်၊ ဝါးတောင် စခန်းများ မပါဝင်ကြောင်း သိရသည်။

“ ကျွန်တော်တို့ ဝါးတောင်မှာက ရွာ၈ ရွာက မြိုတိုင်းရင်းသားတွေပါ။ ကျွန်တော်တို့ဒေသမှာ မိုင်းပေါက်တာ တွေရှိတယ်။ အခု မိုးဆိုတော့ သွားရေး လာရေးလည်း ခက်ခဲ သွားပါပြီ။ အခု ရွာကိုပြန်ရင်လည်း တောင်ယာ စိုက်ပျိုးလို့ မရတော့ဘူး။ အချိန်က မရှိတော့ဘူး။ ဒါကြောင့် တစ်မိုး တစ်ဝါကို ဒီမှာဘဲ နေဖို့ ဆုံးဖြတ်ထား တာပါ။ အခု အဆောင်လည်း ဆောက်မပေးတော့ စိတ်ပျက် မိပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆို သည်။

ဝါးတောင်စခန်းတွင် နေထိုင်နေကြသူများမှာ ကျောက်တော်မြို့နယ် ခမောင်းရွာ၊ ကင်ဘိရွာ၊ ပြိန်းချောင်း၊ ငစ ရိုင်း ကိုင်း၊ ချင်းမဝန်တောင်း၊ လပွီ၊ အတွင်းပညာစသည့် ကျေးရွာများမှ ဖြစ်ကြောင်း သိရသည်။ဝါးတောင် စခန်းမှ ဒေါ်မလှဦးက “ ကျန်းမာရေးစောင့်ရှောက်မှုကတော့ ပုံမှန်ရှိပါတယ်။ ဆန်အပါအဝင် ရိက္ခာ တွေကတော့ လောလောဆယ် အဆင်ပြေပါတယ်။ ပြသနာက မိုးရွာတော့ အဆောင်တွေမှာ ရေဝင်ပြီး အ ခက်အခဲ ဖြစ်နေပါတယ်။ မီးဖိုချောင်းတွေမှာ ရေဝင်နေတော့ ထမင်းချက်ရတာ တော်တော်အခက်အခဲ ဖြစ် နေပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ် အစိုးရ ပြောခွင့်ရသူ စည်ပင်ဝန်ကြီးအား ဆက်သွယ်ရာ အဆက် အ သွယ် မရရှိသေးသဖြင့် ပြည်နယ် အစိုးရ၏ သဘောထားကို မသိရှိရသေးပါ။

(ဓာတ်ပုံ- ဝါးတောင်စခန်းကိုတွေ့ရစဉ်)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */