" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, May 17, 2019

ကျည်ဆံထိမှန်၍ ရန်ကုန်တွင် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားခဲ့သူ ကျောက်တန်းရွာသားကို ဇာတိမြို့ သို့ ပြန်သယ်ယူပြီး သဂြိုၤလ်

နိရဉ္စရာ၊
နိရဉ္စရာ၊ မေလ ၁၇/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ ကျည်ဆံထိမှန်သူ ၈ ဦးထဲမှ ဒဏ်ရာပြင်း ထန်သဖြင့် ရန်ကုန်ထိ ယူဆောင်ပြီး ဆေးကုသခဲ့ရသူ တစ်ဦးဖြစ်သည့် ဦးအောင်လင်းကျော် (၃၈) နှစ်၏ အလောင်းကို ရန်ကုန်မှ သူ့၏ ဇာတိမြို့ ရသေ့တောင်သို့ ကားဖြင့် ယူဆောင်ပြီး မေလ ၁၆ ရက်နေ့က ဂူသွင်း သဂြိုၤလ်ခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သေနတ်ကျည်ထိမှန်ခဲ့သည့် ကျောက်တန်းကျေးရွာမှ ဦးအောင်ကျော်လင်းကို စစ်တွေပြည်သူ့ဆေးရုံကြီးမှ ရန်ကုန် မြောက်ဥက္ကလာပဆေးရုံသို့ မေလ ၁၂ ရက်နေ့က ပို့ဆောင် ဆေးကု သမူခံယူခဲ့ရသည်။

ဆေးကုသရင်း မေလ ၁၄ ရက်နေ့က ဦးအောင်ကျော်လင်းမှာ ၎င်းဒဏ်ရာဖြင့်ပင် သေဆုံးသွားခဲ့သည်။ မေလ ၁၅ ရက်နေ့တွင် ဦးအောင်ကျော်လင်း အလောင်းအား ရန်ကုန်မှ ရသေ့တောင်မြို့သို့ ယူဆောင် လာပြီး မေလ ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် သဂြိုလ်ခဲ့သည်။

ရသေ့တောင်မြို့နယ် CSO ပေါင်းစုံ စစ်ဘေးရှောင် ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သာခင်က “ အသုဘကို ဒေသခံ ပြည်သူ ၁၀၀၀ ကျော် လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။ ကျန်ရစ်သူ မိသားစုအတွက် အလှူငွေ ထည့်ဝင်တာတောင် ကျပ် ၁၇ သိန်း ရပါတယ်။ မွန်းလွဲ ၂ နာရီမှာ ရသေ့တောင်မြို့ သုဿန်မှာ ဂူသွင်း သဂြိုၤလ်ခဲ့ပါတယ်” ဟု ပြောဆိုသည်။

ဦးအောင်ကျော်လင်းတွင် ဇနီးဒေါ်လှသန်းညွှန့် ကိုယ်ဝန် (၁၀) လနှင့် သားသမီး ၂ ဦးကျန်ရှိခဲ့သည်။

လွန်ခဲ့သည့် ဧပြီ ၃၀ ရက်နေ့က ကျောက်တန်းကျေးရွာမှ ရွာသား ၂၇၅ ဦးကို တပ်မတော်မှ ရက္ခိုင့်တပ်တော်(AA) နှင့် ဆက်စပ်သံသယဖြင့် ကျေးရွာစာသင်ကျောင်းမှာ ဖမ်းဆီးထိန်းသိမ်း စစ်ဆေးခဲ့သည်။ မေလ ၂ ရက်နေ့ မနက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၆ ဦး ပွဲချင်းပြီးသေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရသူ ၈ ဦးစလုံးကို စစ်တွေဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှုခံယူခဲ့ရပြီး ထို အထဲမှ ၇ ဦးမှာ ဒဏ်ရာ သက်သာပျောက်ကင်းသွားသဖြင့် ဆေးရုံမှ ဆင်းသွားခဲ့ကြသော်လည်း ဦးအောင် လင်းကျော်မှာ ဒဏ်ရာမသက် သာသဖြင့် ရန်ကုန်မြို့ မြောက်ဥက္ကလာပဆေးရုံးကြီးကို ပြောင်းရွှေ့ ကုသ မှုခံယူနေစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ် သည်။

ကျောက်တန်းကျေးရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး ထိန်းသိမ်းခံနေရသူများမှ ညာသံပေးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်ရန် ကြိုးစားလာရာမှ မလွဲမရှောင်သာ ပစ်ခတ်ထိန်းသိမ်းခဲ့ရသဖြင့် ထိခိုက်သေဆုံးခဲ့ ရခြင်းဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသော်လည်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် ကျေးရွာသားများကမူ တမင် လူအုပ်ထဲသို့ ပစ်ခတ်သည်ဟု ပြောဆိုသည်။

တပ်မတော်ကထုတ်ပြန်ချက်နှင့် အရပ်သားများ ပြောဆိုချက် ကွဲလွဲနေပြီးနောက် ကျောက်တန်းဖြစ်စဉ်ကို တပ်မ တော် စစ်ဆေးရေးအဖွဲ့တစ်ခုမှ စစ်ဆေးနေကြောင်း သိရသည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */