" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, May 21, 2019

ကုလမဟာမင်းကြီး ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ

VOA
ဗွီအိုအေ (မြန်မာဌာန
21 မေ၊ 2019
မေခ၊ မဆုမွန်
၂၀၁၇ တုန်းက ကုလမဟာမင်းကြီး Filippo Grandi မောင်တောမြို့ရှိ ဒုက္ခသည်များနှင့်တွေ့ဆုံစဉ် (credit- UNHCR/Roger Arnold )
 
 မြန်မာနိုင်ငံကို ၅ ရက်ကြာ ရောက်ရှိနေတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ဟာ ဒီကနေ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ရောက်ရှိနေပြီး ဒေသဆိုင်ရာ တာဝန်ရှိသူတွေ၊ စစ်ရှောင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒုက္ခသည်တွေကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ မောင်တော၊ ဘူးသီးတောင် ဒေသတွင်း လုပ်ဆောင်နေတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်လို့ ဆွေးနွေးခဲ့တယ်လို့ ကိုယ်တိုင်တွေ့ ဆုံသူတွေက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မေခက ဆက်သွယ်မေးမြန်း ထားပါ တယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Mr. Filippo Grandi ဟာ မေလ ၂၀ရက်နေ့က ရခိုင်ပြည် နယ် စစ်တွေမြို့ကို ရောက်ရှိလာ ခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ မောင်တောမြို့နယ်ရှိ့်တဲ့ ဖားဝပ်ချောင်းကျေး ရွာ၊ ပန်းတောပြင်မူဆလင်ကျေးရွာ၊ ရွာမ မူဆလင်ကျေးရွာတွေကို သွားရောက်ခဲ့သလို မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်အယောက် ၅၀၀ ကျော်ခိုလှုံနေတဲ့ ဘူးသီးတောင်က ရန်အောင် မြေဘုန်း တော်ကြီးကျောင်းကိုလည်း သွားရောက်ခဲ့ပါတယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Mr. Filippo Grandi တွေ့ဆုံချိန်မှာ ဒုက္ခသည်တွေရဲ့ အ ခက်အခဲတွေကို တင်ပြခဲ့တယ်လို့ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ဘူးသီးတောင် ရန်အောင် မြေကျောင်း တိုက်ဆရာတော် ဦးဣဝံသက မိန့်ပါတယ်။

“သူတို့ကတော့ ဒုက္ခသည်တွေတင်ပြတဲ့ဟာတွေကိုတချိူ့တဝက်ကို အစိုးရနဲ့ တိုင်ပင်ဖြေရှင်းပေးမယ်ပြောတယ်။ နောက်တချို့ကိုတော့သူ့အထက် UN အဖွဲ့ကို တင်ပြမယ်လဲပြောပါတယ်။ ဘုန်းဘုန်းတို့တင်ပြတာကတော့ ရွာ သားတွေက ကိုယ့်ရပ်ရွာကိုပြန်ချင် တယ်။ ရွာထဲကျန်တဲ့ ဗုံးသီးတွေ ကိုရှင်းပေးစေချင်တယ်။ နောက်တခုက တော့ လာရောက်ကုူညီကယ်ဆယ်တဲ့သူတွေကို လွတ်လွတ်လပ် လပ် လာခွင့်ရစေချင်တယ်။ ဒါတွေကို တင်ပြတာရှိပါတယ်”

လတ်တလော စစ်ဘေးရှောင် ဒုက္ခသည်တွေမှာ မိုးကာလ ရောက်တော့မှာဖြစ်လို့ နေရေးထိုင်ရေးနဲ့ ကျန်း မာရေး စောင့်ရှောက်မှုတွေ အရေးတ ကြီးလိုအပ်နေတယ်လို့ ဆရာတော်က မိန့်ပါတယ်။

လုံခြုံရေးအရ သွားလာရ အဆင်ပြေတဲ့ နေရာတွေဆီကို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Mr. Filippo Grandi လွတ်လပ်စွာ သွားလာနိုင်ဖို့ စီစဉ် ဆောင်ရွက်ပေးနေသလို နိုင်ငံတကာအဖွဲ့တွေနဲ့ ဒေသဖွံ့ဖြိုးရေးတွေ ဆက်လက်လုပ်ဆောင်မယ်လို့ ဆိုလာသူကတော့ မောင်တောခရိုင် အုပ် ချုပ်ရေးမှုး ဦးစိုးအောင်ပါ။ ဒီခရီးစဉ်က ကုလသမဂ္ဂအဖွဲ့တွေနဲ့ အစိုးရကြား နားလည်မှုစာချွန်လွှာ ရေးထိုးထားတဲ့ ဒေသဖွံဖြိုးရေးဆိုင်ရာ ပ ရောဂျက်တွေနဲ့ ပတ်သတ်လို့ လာရောက် လေ့လာဆွေးနွေးတာ ဖြစ်တယ်လို့ ဦးစိုးအောင်က ဆိုပါတယ်။

“မနေ့ကတွေ့တော့ သူတို့လုပ်နေတဲ့ ပရောဂျက်တွေကိုခွင့်ပြုပေးလို့ကျေးဇူးတင် တယ်ပြောတယ်။ သူတို့အမြန်ဆုံးပြီးအောင်လုပ်မယ်ပေါ့ဒါပါဘဲ။ ကျန်တာသိပ်ထွေထွေထူးထူးမရှိပါဘူး။ ကျေးရွာတွင်းဒေ သဖွံ့ဖြိုးရေးလုပ်တာတွေပါ။ ရေတွင်းရေကန်ကောင်း အောင်လုပ်တာတို့၊ ရေမြောင်းတွေ၊ စာသင်ကျောင်း တွေဆောက်ပေးတာတို့ အဲဒီလုပ်ငန်းတွေပါ”

Mr. Filippo Grandi ဦးဆောင်သောအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ဇွန်လက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့တာဖြစ် ပြီး အခုခရီးစဉ်က သူရဲ့ဒုတိယမြောက်ခရီးစဉ်ဖြစ်ပါတယ်။ အခုခရီးစဉ်အတွင်းမှာတော့ မြန်မာအစိုးရ၊ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP UNHCR တို့ လက်မှတ် ရေး ထိုးထားတဲ့ နားလည်မှုစာချွန်လွှာနဲ့အညီ အကောင်အထည်ဖော်ဆောင်မှုလုပ်ငန်းတွေ၊ MOU သက် တမ်း တိုးရေးကိစ္စ၊ ပြည်နယ်အစိုးရနဲ့ ကုလသမဂ အဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စတွေ၊ နေရပ်စွန့်ခွာသူတွေ ပြန်လည် လက်ခံရေးကိစ္စတွေကို ဆွေးနွေးခဲ့တဲ့အကြောင်း မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
-------------------

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ရဲ့ ခရီးစဉ်ကနေ နေရပ်ပြန်ရေး အစီအ စဉ်တွေအတွက် တွန်းအားပေးနိုင်ဖို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက မျှော်လင့်နေကြပါတယ်။ မဟာမင်းကြီးရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ရိုဟင်ဂျာ မူဆလင်တချို့နဲ့ တွေ့ဆုံရာမှာတော့ အခြေခံအခွင့်အရေးတွေ ရရှိဖို့လိုအပ်နေကြောင်း ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးမှာပါ။

ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားရသူတွေရော၊ ကျန်နေသေးတဲ့ မူဆလင်တွေပါ တနှစ်ကျော်ကြာလာတဲ့ အချိန်အထိ အခြေအနေတွေ မတိုးတက်သေးတဲ့အပေါ် အားမရတဲ့ သဘောထား တွေကို ဒုက္ခ သည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး ခရီးစဉ်မှာ ပြောဆိုနေကြတာပါ။ မဟာမင်းကြီးရဲ့ မောင်တောမြို့ခရီးစဉ်အတွင်း ဒုက္ခသည်တွေနဲ့ တွေ့ဆုံရာမှာလည်း အလားတူ အခက်အခဲတွေကို တင်ပြ ခဲ့ကြတယ်လို့လည်း မောင်တောမြို့နယ် မြို့သူကြီးကျေးရွာသား မူဆလင်တဦးဖြစ်တဲ့ ဦးလှထွန်းက ပြော ပါတယ်။

“သူက ပန်းတောပြင်သွားတယ် နေ့လည် ၁၂ နာရီကျော်ပေါ့ ၊ ပန်းတောပြင်သွားပြီးတော့ ကျနော်တို့လူတွေနဲ့  သွားတွေ့တယ်။ သွားတွေ့တယ်ဆိုပေမယ့် အစိုးရလူတွေကလည်း သူနဲ့အတူပါတယ်ဆိုတော့ကျနော် တို့လူတွေက သိပ်ပြီးတော့ လွတ်လွတ်လပ်လပ် စကားမပြောနိုင်သေးဘူးပေါ့ နည်းနည်းဆင် ချင်ပြီး တာ့ဖြေရတယ်။ အဓိကက အဆင်ပြေလား သွားရေးလာရေးကအစ အစားအသောက်တွေဘယ်လိုလဲ အဲဒါတွေ သူအဓိက မေးသွားတယ်။ ကျနော်တို့လူတွေနဲ့ သူတို့တိုက်ရိုက်တွေ့နိုင်အောင် စီစဉ်ပေးသင့်တယ်၊ နေရာ တခုခုမှာ အခုက အစိုးရလူတွေက တိုက်ရိုက်လာတော့ ဘယ်သူမှ ကိုယ်ခံစားနေရတဲ့ဟာတွေက အထူး သဖြင့် ကျနော်တို့ကို အစိုးရကနေမှ ဒီလို ဥပဒေအရရော၊ ဥပဒေ အပြင်ဘက်ကရော သူတို့က နှိပ်စက်နေ တယ်ဆိုတော့ အဲဒီအပိုင်းတွေလည်း ပြောရတယ်ဆိုတော့ ကျနော်တို့ အစိုးရရှေ့မှာ ကျနော်တို့ကို ဒီလို ဖိနှိပ်နေတဲ့ လူတွေရဲ့ရှေ့မှာ ကျနော်တို့ကို ဒီမှာ ဖိနှိပ်နေပါတယ်လို့ ဘယ်သူမှ မပြောရဲဘူး။”

ရခိုင်ပြည်နယ်တွင်းက မူဆလင်တွေအနေနဲ့ လွတ်လပ်စွာသွားလာခွင့်နဲ့ အခြေခံလူ့အခွင့်အရေး နိုင်ငံသား အခွင့်အရေးတွေ ရရှိဖို့ အပါအဝင် အခြေခံအခွင့်အရေးတွေ ရရှိဖို့လိုအပ်ချကတွေ ရှိနေတယ်လို့လည်း ဦးလှထွန်းကပြောပါတယ်။

“ဘာတွေလုပ်ပေးရင် ခင်ဗျားတို့အတွက် အဆင်ပြေမလဲ ၊ ခင်ဗျားတို့ရဲ့ တိုးတက်ရာတိုးတက်ကြောင်းမှာ ကျနော်တို့ ဘာတွေကူညီနိုင်မလဲဆိုတာတွေသူက မေးတယ်။ အခက်အခဲကတော့ အများကြီးရှိတယ်။ ကျနော်တို့မှာသွား လာရေးရယ် အလုပ်အကိုင်တွေလုပ်ကိုင်ခွင့်ရယ် ဒါတွေလုပ်ပိုင်ခွင့်ရဖို့က အရင်ဆုံး ကျနော်တို့မှာ နိုင်ငံသားအ ဖြစ် အပြုခံရဖို့လိုတယ်။ အဲဒါတွေအဓိက ပြောသွားတယ်။ ဆိုတော့ ကျနော်တို့မှာ ဒီနိုင်ငံသားပြဿနာကို အစိုးရအနေနဲ့ မှန်မှန်ကန်ကန်ဖြေရှင်းပေးမယ်ဆိုရင် ကျန်တဲ့အပိုင်းတွေက အလိုလို အဆင်ပြေလာနိုင်မယ်။”

ရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခတွေကြောင့် ထွက်ပြေးခဲ့ကြရပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကြား က ကြားခံနယ်မြေမှာ ခိုလှုံနေကြရတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာလည်း တနှစ်ကျော်ကြာလာတဲ့အထိ တိုးတက်မှုမရှိတဲ့ အခြေအနေတွေကို ကုလသမဂ္ဂအနေနဲ့ ဖြေရှင်းပေးဖို့ လိုအပ်နေကြောင်း ရိုဟင်ဂျာ ဒုက္ခသည်တဦးဖြစ်တဲ့ ဦးဒီလ်မူဟာမက်က ပြောပါတယ်။

“တော်တော်အခက်အခဲရှိပါတယ်။ ကျနော်တို့ လောလောဆည် နေရေးထိုင်ရေး စားရေးသောက်ရေး အခက် အခဲရှိတယ်။ ကျနော်တို့ ကိုယ့်ရွာကို အမြန်ဆုံးပြန်ပြီး ကိုယ့်အခွင့်အရေးကို ရပြီးမှ အမြန်ဆုံးပြန်စေ ချင်ပါ တယ်။ ကျနော်တို့ဒီမှာ ဆက်ပြီးတော့ မနေချင်ပါဘူး။ ကျနော်တို့ မဟာမင်းကြီးဆီပြောချင်တာက ကျနော်တို့ ရွာ၊ ကျနော်တို့ ဒေသကို အမြန်ဆုံးပြန်ပို့ဖို့၊ ကိုယ့်ဆုံးရှုံးသွားတဲ့ အခွင့်အရေးကိုရပြီး ကျနော်တို့ နေရပ်ကိုပြန် ဖို့ ကျနော်တို့ မေတ္တာရပ်ခံတာပါ။”

၂၀၁၇ သြဂုတ်လတုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အဖွဲ့ကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းတဲ့ စစ်ဆင်ရေးတွေရဲ့ နောက်ဆက်တွဲအဖြစ် သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားပေမဲ့ ဒုက္ခသည် တွေကို စိစစ်ပြီး ပြန်လည် လက်ခံမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့အတွက် UNHCR ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နဲ့လည်း သီးခြားလက်မှတ်ရေး ထိုး သဘောတူထားပေမဲ့ လက်တွေ့ အစီအစဉ်တွေကတော့ အခုအထိ အကောင်အထည် မဖော်နိုင်ပဲ ဖြစ်နေတဲ့ အ ပေါ်မှာလည်း ၂ နိုင်ငံ ကြားခံနယ်မြေက ဒုက္ခသည်တွေ စိတ်ပျက်နေကြပါတယ်။

“ကျနော်တို့ အကုန်လုံးလိုအပ်ချက်ကတော့ တော်တော်ရှိပါတယ်။ ဒီမှာက ဘယ်အဖွဲ့အစည်းကနေမှ လာ ခွင့်မရှိဘူး ICRC ကပဲ လာခွင့်ရှိတယ်။ နောက်ကျနော်တို့ ပညာရေး၊ ကျန်းမာရေး၊ အကုန်လုံး အခွင့်အရေး ဆုံးရှုံးနေပါတယ်။ ကျနော်တို့ ဒီမှာ ကိုယ့်နိုင်ငံအေးချမ်းသွားရင် ကျနော်တို့ ကိုယ့်အိမ်ကိုပြန်လို့ရအောင် ကျနော်တို့ စောင့်နေတာပါ။ အခုအထိ စောင့်တုန်းပဲ ရှိပါတယ်။”

ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရဲ့ ခရီးစဉ်အတွင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူးနဲ့တွေ့ဆုံပြီး မြန်မာ အစိုးရနဲ့ ကုလသမဂ္ဂတို့ကြား လက်မှတ်ရေးထိုး ထားတဲ့ နားလည်မှုစာချွန်လွှာကို အကောင်အ ထည်ဖော် ရေးနဲ့ သက်တမ်းတိုးမြှင့်ရေးကိစ္စ၊ ရခိုင် ပြည်နယ်အစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကြား ပေါင်းစပ် ညှိနှိုင်းရေး အစည်းအဝေး လုပ်ဖို့ကိစ္စ၊ နေရပ်စွန့် ထွက်ပြေးသွားသူတွေ ပြန်လည် လက်ခံရေး လုပ်ငန်း စဉ်ကိစ္စ၊ NVC ကဒ်ပြားကိစ္စ စတာတွေကို ဆွေးနွေးခဲ့ကြကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */