Wednesday, May 1, 2019

ရသေ့တောင် ရွာသား ၃၀၀ ခန့်ကို တပ်မတော်စစ် ဆေးနေ

 RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-01
  ရသေ့တောင်မြို့နယ် အနီးတဝိုက် မြေပုံ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ စာသင်ကျောင်းမှာ ဒေသခံရွာသား သုံးရာ လောက်ကို ထိန်းသိမ်းစစ်ဆေးနေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ရဲ့ မြောက်ဘက်အရပ်မှာရှိတဲ့ ကျောက်တန်းကျေးရွာမှာ မနေ့က မနက်ပိုင်း က စပြီး ကျေးရွာသားတွေကို ရွာလယ် စာသင်ကျောင်းကို ထိန်းသိမ်းစစ်ဆေးနေတာ ဖြစ်တယ်လို့လည်း ရွာသားတွေက ပြောပါတယ်။

မနေ့က မနက် ၉ နာရီဝန်းကျင်လောက်မှာ တပ်မတော်က နေရာ သုံးခုကနေ ကျေးရွာဘက်ကို ဝင်ရောက် လာပြီး အသီးသီးနေရာယူပြီးနောက်မှာတော့ ကျေးရွာသားတွေအားလုံးကို ရွာလယ်မှာရှိတဲ့ စာသင်ကျောင်း ကို လာရောက်ကြဖို့ ဆင့်ခေါ်ခဲ့တယ်လို့ ရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စာသင်ကျောင်းကို သွားရောက်ခဲ့ကြတဲ့ ရွာသားတွေကို AA အဖွဲ့နဲ့မပတ်သက်ဖို့ တပ်မတော်အရာရှိ တစ်ဦး က ပြောဆိုခဲ့တယ်လို့ ရွာသားတစ်ဦးက RFA ကိုပြောပါတယ်။

အဲဒီလိုပြောဆိုပြီးနောက်မှာတော့ အသက် ၁၅ နှစ်အောက်နဲ့ အသက် ၅၀ အထက်ပိုင်းအရွယ်တွေကို ပြန် လွှတ်လိုက်ပြီး အသက် ၁၅ နှစ်နဲ့ အသက် ၅၀ အထိကို ခြံတံခါးတွေပိတ်ပြီး စစ်ဆေးမှုတွေ စတင်လုပ် ဆောင်ခဲ့တာ လို့ဆိုပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့ညနေ လေးနာရီခွဲ ထုတ်ပြန်ချက်အရ ဘူးသီးတောင်မြို့နယ် ဖုန်ညိုလိပ်ကျေးရွာ အရှေ့တောင်ဘက် မီတာ ၁၂၀၀၀ ကျော်ခန့်အကွာမှာ AA အဖွဲ့ရဲ့ ယာယီလေ့ကျင့် ရေးစခန်းတစ်ခုကို တပ်မတော်က သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလေ့ကျင့်ရေးစခန်းကနေ ဆုတ်ခွာထွက်ပြေးသွားတဲ့ AA အဖွဲ့ဝင်တွေဟာ ကျောက်တန်းကျေးရွာနဲ့ စေတီတောင်ကျေးရွာတွေမှာ ပုံဖျက်ဝင်ရောက်လှုပ်ရှားနေတယ်ဆိုတဲ့ သတင်းအရ ကျောက်တန်းကျေး ရွာမှာ ဧပြီလ ၃၀ ရက်နေ့ကစပြီး စစ်ဆေးမေးမြန်းနေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျေးရွာမှာရှိတဲ့ အိမ်ထောင်စု ၄၇၇ စုကို အိမ်ထောင်စုစာရင်းတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိစစ်ဆေး ခဲ့ ရာမှာ အသက် ၁၅ နှစ်ကနေ ၅၀ နှစ်အတွင်းရှိ မသင်္ကာဖွယ်ရာ အမျိုးသား ၂၇၅ ဦးကို တွေ့ရှိရတဲ့အတွက် လိုအပ်တဲ့စစ်ဆေးမေးမြန်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း ပါရှိပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ရက္ခိုင့်တပ်မတော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက လေ့ကျင့်ရေးစခန်း အသိမ်းခံရတာမဟုတ်ကြောင်း၊ AA အဖွဲ့ဝင်တွေက ရွာထဲကို ပုံဖျက်ပြီး ဝင် ရောက်နေတာလည်း မရှိကြောင်း ငြင်းဆိုပါတယ်။

တပ်မတော်က ထိန်းသိမ်းစစ်ဆေးနေတဲ့အထဲမှာ ကျောင်းဆရာ၊ စာရေး စတဲ့ ပညာရေးဝန်ထမ်း ၁၀ ကျော် ပါ ဝင်တယ်လို့ အမည်မဖော်လိုတဲ့ ဆရာတစ်ဦးက ပြောပါတယ်။

အဲဒီအထဲက ပညာရေးဝန်ထမ်းကတ်တွေကို ထုတ်ပြတာကြောင့် ဆရာအချို့ကို ည သန်ခေါင်ယံလောက်မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် မနက်အစောပိုင်းမှာ နေအိမ်အသီးသီးကနေ ပြန်ခေါ်ခံရတာကြောင့် ဆက်လက် စစ်ဆေးခံနေရတယ်လို့လည်း ဆိုပါတယ်။

ရသေ့တောင်မြို့နယ် ပညာရေးမှူး ဦးကျော်မြကလည်း ပညာရေးဝန်ထမ်းဆရာတွေ ရွာသားတွေနဲ့ရောပြီး စစ် ဆေးခံနေရတဲ့သတင်းကို ရရှိထားပြီး အဲဒီလို စစ်ဆေးမယ့်ကိစ္စနဲ့ ပတ်သက်လို့ တပ်မတော်က တစ်စုံတရာ အ ကြောင်းကြားတာမရှိခဲ့ဘူးလို့ RFA ကိုပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးထံကို တင်ပြထားတယ်လို့ ရသေ့တောင်မြို့နယ် ပညာရေး မှူး ဦးကျော်မြက ပြောပါတယ်။

တပ်မတော်ကစစ်ဆေးနေတဲ့အထဲမှာ ပညာရေးဝန်ထမ်းတွေ ပါဝင်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းရာမှာ မသင်္ကာတဲ့လူတွေကို စစ်ဆေးနေချိန်ဖြစ်ကြောင်း၊ စစ်ဆေးပြီးချိန်မှာ မသင်္ကာစရာမရှိသူတွေ၊ ဝန်ထမ်းတွေနဲ့ ပါဝင်ပတ်သက်ခြင်း မရှိသူတွေကို ပြန်လွှတ်ပေးမှာဖြစ်ကြောင်း ပြောပါတယ်။

စစ်ဆေးခံနေရတဲ့ ကျေးရွာသားတွေရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ဒီနေ့မနက်က ကျောက်တန်းကျေးရွာကို သွားရောက်ခဲ့ပါတယ်။

ဒါပေမဲ့ ရွာအဝင်လမ်းထိပ်မှာ အဆင့်စောင့်ဆိုင်းနေတဲ့ တပ်မတော်သားတွေက အထက်အမိန့်အရဆိုပြီးဟန့်တားခဲ့တာကြောင့် ပြန်လှည့်လာခဲ့ရတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA ကမေးမြန်းရာမှာ စစ်ဆေးနေဆဲကာလဖြစ်တဲ့အတွက် လုံခြုံရေးအရ တားမြစ်တာဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ရခိုင်ဒေသခံ အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ ရခိုင်ပြည်နယ်မှာ တိုက်ပွဲကြောင့်ထွက်ပြေး တိမ်းရှောင် နေကြရတဲ့ စစ်ဘေးဒုက္ခသည်ဟာ ၃၅၀၀၀ ကျော်ရှိနေပြီလည်း ဖြစ်ပါတယ်။

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */