Sunday, April 21, 2019

ဘူးသီးတောင်မြို့နယ် သိုင်းတပုတ်ရွာအနီး လက်နက် ကြီး ကျည်ကျ၍ ရွာသား ၄၀၀ ကျော်ထွက်ပြေး

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၂၀
အိမ်ခြေ ၁၀၀ ကျော်ရှိသည့် ဘူးသီးတောင်မြို့နယ် သိုင်းတပုတ်ကျေးရွာမှ ရွာသား ၄၀၀ ကျော်သည် ရွာ အနီး တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသဖြင့် ရွာကို စွန့်ခွာ ထွက်ပြေးသွားခဲ့ကြသည်ဟု သတင်းရရှိသည်။
ဇီးခေါင်းရွာသို့ ထွက်ပြေးခိုလုံလာသည့် ရွာသူ အမျိုးသမီး တစ်ဦးက “ ရွာမှာ အဖိုးကြီး တစ်ဦးနဲ့ အဖွားကြီး တစ်ဦးတော့ ကျန်ခဲ့ပါတယ်။ ရွာသားတွေ အားလုံးက ကြောက်ပြီး ထွက်ပြေးလာပါတယ်။ အခု ကျွန်မတို့ ဆိုရင် ဇီးခေါင်းကို ရောက်ရှိလာသလို တစ်ချို့ ဆိုရင် သမီးလှရွာ၊ မညှင်းတောင်ရွာ၊ ကုန်တန်းရွာတွေကို ရောက်သွားပါတယ်” ဟု နိရဉ္စရာသို့ ပြောကြားသည်။

ရွာတွင် ကျန်နေခဲ့သည့် သက်ကြီးရွယ်အို ၂ ဦးမှာ ဦးသာထွန်းလှ (၇၀) နှင့် ဒေါ်အောင်မခိုင် (၈၉) နှစ်တို့ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ လက်နက်ကြီး အသံကတော့ အဆက်မပြတ်ကြားနေရပါတယ်။ ၅ နာရီခွဲကနေ ၇ နာရီ ကျော်ကျော်ထိ ပစ် တာပါ။ ပစ်တာဘာကြောင့် လဲ အဲဒါ ကျွန်မတို့လည်း မသိပါဘူး။ သပြေဆိပ်နဲ့ သိုင်းတပုတ်ကြားကနေ လယ်ကွင်းကနေ မြန်မာ တပ်မတော်ကနေ ပစ်နေတာပါ။ အဲဒီသိုင်းတပုတ်ရွာအထက်က တောင်တန်းတွေ ကို ပစ်နေတာပါ။ ခုလို ထွက်ပြေးလာရတော့ အခက်အခဲတွေ အများကြီးပါ။ နေအိမ်တွေကို ထားခဲ့ရတယ်။ ရွာမှာ ဘယ်လို ဖြစ်နေမှန်းမသိဘူး။ ကျွန်မတို့က လုံခြုံရာဘဲ နေချင်ပါတယ်” ဟု ၎င်းအမျိုးသမီးက ပြော ဆိုသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း ကြောက်ပြီး ထွက်ပြေးလာရသဖြင့် ရွာထဲတွင် ဘာဖြစ်နေသလဲဆို သည်ကို မသိရှိကြောင်း ပြောကြားသည်။

“ အနီးအနား ကျေးရွာတွေမှာတော့ လူတွေ ထွက်ပြေးနေကြတာ ကြာပါပြီ။ ကျွန်တော်တို့ရွာက ဘာမှ မဖြစ် ဘူးဆိုပြီး အဲသလို နေကြတာပါ။ ဒီကနေ့ ညနေမှာမှ ရွာအနီးမှာ လက်နက်ကြီးကျည်တွေ ကျတာပါ။တောင် ကုန်းတွေ တောင်တန်းတွေနဲ့ ရွာအနီးမှာ လက်နက်ကြီးတွေ ကျပါတယ်။ ရွာက အိမ်ခြေ ၁၀၃ ဆောင်ရှိပါ တယ်။ လူပေါင်း ၄၀၀ ကျော်မှာ အဖိုးအဖွား ၂ ဦးဘဲ ကျန်ပါတယ်။ အားလုံး ထွက်ပြေးလာကြပါတယ်။ ခြေနဲ့ ထွက်ပြေးလာတာပါ” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

ရွာတွင် ကျန်နေခဲ့သည့် အဖိုးအဖွား ၂ ဦးကို ကယ်ထုတ်လိုသည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောဆို သည်။

လင့်၊-- 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */