Monday, April 15, 2019

တပ်ပစ်ခတ်မှု မဟုတ်ကြောင်း ငြင်းဆို

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-04-15
ကိုကျော်သူ

မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာက သေနတ်ကျည်ဆံထိမှန်ခဲ့တဲ့ ဦးကျော်သိန်း စစ်တွေဆေးရုံကို ၂၀၁၉ ဧပြီ ၁၄ ရက်နေ့က ရောက်ရှိလာစဉ်
 
 
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘောင်းဒုတ်ကျေးရွာမှာ နယ်မြေခံတပ်က လက်နက်ငယ်နဲ့ပစ်ခတ်လို့ အမျိုးသား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ မမှန်မကန်စွပ်စွဲပြောဆိုခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ထွန်း ကို အမှု ဖွင့်ထားပြီး ဖမ်းဆီးအရေးယူသွားမယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ရွာသားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရတာနဲ့ ပတ်သက်လို့ တပ်မတော်ဘက်က ပစ်ခတ်တာမဟုတ် ဘူးလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

ဧပြီလ ၁၄ ရက်နေ့ မနက် ၁ နာရီခွဲကျော်လောက်က နယ်မြေခံတပ်ကနေ ပစ်ခတ်တယ်ဆိုပြီး ဘောင်း ဒုတ်ကျေး ရွာ အုပ်ချုပ်ရေးမှုး ဦးတင်ထွန်းက နယ်မြေခံတပ်တာဝန်ရှိသူတွေဆီ ဖုန်းနဲ့ဆက်သွယ် သတင်း ပို့တိုင်ကြားခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
 
သေဆုံးသွားသူဟာ ဘောင်းဒုတ်ရွာနေ အသက် ၆၂အရွယ် ဦးမောင်ကျော်စိန် ဖြစ်ပြီး လက္ကာကျေးရွာနေ အသက် ၆၁ နှစ်အရွယ် ဦးကျော်သိန်းကတော့ ဒဏ်ရာရရှိခဲ့တာကြောင့် စစ်တွေဆေးရုံမှာ ခွဲစိတ်ကုသခံ ယူနေရတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

ဧပြီ ၁၄ရက်နေ့မနက်က ဘောင်းဒုတ်ရွာ နယ်မြေခံတပ်ဌာနချုပ်ရှိ လူနေထိုင်ခြင်းမရှိတဲ့ အိမ်ထောင်သည် လိုင်းခန်းဘက်မှာ မသင်္ကာတဲ့လှုပ်ရှားမှု တွေ့ခဲ့ရတာကြောင့် ကင်းတာဝန်ကျသူက လက်နက်ငယ်နဲ့ အချက် ၂၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ တပ်ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီနောက် ဘောင်းဒုတ်ရွာအတွင်း သေနတ်သံ ၆ချက်ခန့် ကြားခဲ့ရပြီးနောက် ဘောင်းဒုတ်ကျေးရွာ အုပ် ချုပ်ရေးမှူး ဦးတင်ထွန်းက တပ်ကပစ်ခတ်လို့ အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိထားကြောင်း ဖုန်းနဲ့တိုင်ကြား လာတာလို့ သိရပါတယ်။

AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်မယ့် အစီအစဉ်ကို တပ်လုံခြုံရေးကင်းက ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ် ရာရရှိမှု အပေါ် ယုတ်မာတဲ့အကြံနဲ့ တပ်ဘက်ကနေ ရွာထဲအကြောင်းမဲ့ ပစ်ခတ်တယ်ဆိုပြီး လုပ်ကြံဖန်တီး ကာ ပြည်သူလူထု အထင်အမြင်လွဲမှားစေတဲ့ မဟုတ်မမှန်စွပ်စွဲ ပြောဆိုခဲ့တာလို့ သတင်းထုတ်ပြန် ချက် မှာပါရှိပါတယ်။

ဒဏ်ရာရထားတဲ့ ဦးကျော်သိန်းကို ခွဲစိတ်ကုသပြီးရင် စစ်ဆေးမေးမြန်းသွားမှာဖြစ်ကြောင်းနဲ့ ပြည်သူလူထု အ ထင်အမြင် လွဲမှားဖို့ မဟုတ်မမှန်လုပ်ကြံစွပ်စွဲ ပြောဆိုတိုင်ကြားပြီး ထွက်ပြေးနေတဲ့ ကျေးရွာအုပ်ချုပ်  ရေး မှူး ဦးတင်ထွန်းကိုလည်း မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှာ အမှုဖွင့်ထားတယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */