နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၁၀/ ၂၀၁၉
ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ ရဲတပ်ရင်းအနီးတွင် ဧပြီလ ၉ ရက် ညဉ့် ၁၀ နာရီ ၁၀ မိနစ်ခန့်က ရက္ခိုင့် တပ် မတော် (AA) နှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယနေ့ ဧပြီ ၁၀ ရက် နံနက် ၅ နာရီမှ စပြီး အစိုးရတပ် ဘက်မှ လေယာဉ် အသုံးပြု တိုက်ခိုက်နေသည်ဟု သတင်းရရှိသည်။
“ ကျွန်တော်တို့ သေနတ်သံကြားရတာက အမှတ် (၃၁) ရဲတပ်ရင်း ဘက်က ကြားရပါတယ်။ ညဉ့် ၁၀ နာရီ ၈ မိနစ်က စကြားရပါတယ်။ လက်နက်ကြီး လက်နက်ငယ် အသံတွေ အစုံကြားရပါတယ်။ AA နဲ့ တိုက်ပွဲ ဖြစ် နေတယ်လို့ ထင်ရတယ်။ ဘယ်သူမှ အပြင်မထွက်ရဲတော့ ဘာဖြစ်နေတယ်ဆိုတာ တိတိကျကျ မပြောနိုင် ပါ” ဟု မြောက်ဦးမြို့ထဲမှ ဦးစောဖြူသိန်းမှ ပြောကြားသည်။
တိုက်ပွဲထဲမှ သေနတ်သံများကို တစ်ညဉ့်လုံးကြားနေခဲ့ရပြီး ယနေ့ ဧပြီ ၁၀ ရက် နံနက် ၅ နာရီမှ စတင်ကာ အစိုးရ တပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် စတင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“ လေယာဉ်ပေါ်က ပစ်ချတဲ့ အသံတွေကြားနေရတယ်။ အကြီးအကျယ် ချနေပါတယ်။ ဗုံးတွေလည်း ချ တယ်။ လေယာဉ်ပေါ်ကနေ ပစ်တာတွေလည်း မီးတန်းတွေကို မြင်နေရပါတယ်။ နံနက် ၅ နာရီကနေ လေ ယာဉ်နဲ့ ချနေတာ အခုအချိန်ထိပါဘဲ” ဟု ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်က ဆက်သွယ်စဉ် ၎င်းက ပြော ကြားသည်။
မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးသို့ ထပ်မံ ဆက်သွယ်ရာ ၎င်းက “ ခေါင်းပုံပြင်၊ ရဲတပ်ရင်းနောက်က တောင်တန်းတွေနဲ့ မင်္ဂလာမာန်အောင် အနီး နတ်တောင်နဲ့ ပန်းဈီးမြောင်းတို့က မနေ့ ညဉ့် က သေနတ်သံတွေ ကြားခဲ့ရတာပါ။ ပြင်းပြင်းထန်ထန် ဖြစ်နေကြတာပါ။ တစ်ညဉ့်လုံးကြားရပါတယ်” ဟု ပြောကြားသည်။
၎င်းနေရာများမှာ မြို့နှင့် နီးကြောင်း ၎င်းက ပြောကြားသည်။
No comments:
Post a Comment