နိရဉ္စရာ
ထွန်းလင်းနိုင်
နိရဉ္စရာ၊ ဧပြီလ ၂၄/၂၀၁၉
ထွန်းလင်းနိုင်
နိရဉ္စရာ၊ ဧပြီလ ၂၄/၂၀၁၉
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ဆင်ခုန်းတိုင် စစ်ဘေးရှောင်ကယ် ဆယ်ရေးစခန်းတွင် သောက်သုံးရေ လိုအပ်နေကြောင်း သတင်းရရှိသည်။
"ရွာမှာက လူဦးရေ လေးရာကျော်လောက်ရှိပါတယ်။ စစ်ဘေးရှောင်စခန်း မှာက လူဦးရေတစ်ထောင်ကျော် ရှိပါတယ်။ အကုန်လုံးပေါင်းလိုက်ရင် လူနှစ်ထောင်နီးပါးရှိပါတယ်။ အရင်တုန်းက ရွာသားသက်သက်သုံးခဲ့တာတောင် နွေရာသီရေခန်းတတ်ပါတယ်။ ခုအရေးတကြီးလိုအပ်နေတာက သောက်ရေပါ။ သောက်လည်း သောက်/ သုံးလည်းသုံးနေရတော့ နောက်တစ်ပတ်လောက်ဆိုရင် ကန်မှာရေရှိတော့မှာ မဟုတ်ပါဘူး" ဟု ဆင်ခုန်းတိုင်ကျေးရွာ ရယကစာရေး ဦးဘစောက နိရဉ္စရာသတင်း ဌာနသို့ ပြောသည်။
အဆိုပါစစ်ဘေးရှောင်စခန်းတွင် ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာ၊ စံဂိုးထောင်၊ သျှစ်သျှားတောင်၊ နွားရုံ တောင်၊ စပါးထား၊ ကွမ်းတောင်၊ စည်တောင်စသည့်ကျေးရွာများက လူဦးရေတစ်ထောင်ကျော် ခိုလှုံ နေခြင်း ဖြစ်ပြီး ကျေးရွာတွင် သောက်သုံးရေကန် နှစ်ကန်သာ ရှိကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ တာဝန်ကျ ဝန်ထမ်း တစ်ဦးက "ကျွန်မvတို့ဆီကို ဖုန်းဆက်အကြောင်း ကြားလာရင်တော့ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ပြန်ပြီး အသိပေးအကြောင်းကြားပေးပါတယ်။ သူတို့ကတဆင့် သက်ဆိုင်ရာ မြို့နယ် ကျေးရွာတွေထိ ဆက် သွယ်ကူညီလုပ်ပေးပါတယ်။ သက်ဆိုင်ရာကို အသိပေးလိုက်ပါမယ်" နိရဉ္စရာသတင်းဌာနသို့ ဆို သည်။
ရခိုင်ပြည်နယ်အတွင်း မြို့နယ်၊ ကျေးရွာများတွင် သောက်သုံးရေရှားပါး မှုကြုံလာလျှင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကူညီပေး ရန်စီစဉ် ဆောင်ရွက်ထားပြီး ယင်းသို့ သောက်သုံးရေ လိုအပ်ချက် ဖြစ် နေမှုများအား အကူအညီတောင်းခံနိုင်ရန် အတွက် မြို့နယ်အလိုက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန မှဖုန်းနံပါတ်များကို ကျေးရွာများထံသို့ ပေးပို့ထားပြီးဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနမှ သိရသည်။
ဆင်ခုန်းတိုင်ကျေးရွာရယကစာရေး ဦးဘစောက"လုံခြုံရေးအခြေအနေကြောင့်လား။ လမ်းပန်း ဆက်သွယ် ရေး အခက်အခဲကြောင့်လားတော့ မသိပါဘူး။ အလှူရှင်တချို့ လာရောက်လှူဒါန်းတာတွေ ရှိပေမယ့် ရေ လာလှူကူညီတာတော့ မရှိသေးပါဘူး။ရေအခက်အခဲကြောင်း နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်ပါ တယ်။ တတ်နိုင်သူတွေလာရောက် ကူညီပေးစေချင်ပါတယ်" ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောစသည့် မြို့နယ်များတွင် စစ်ဘေးရှောင်သုံးသောင်းကျော်အထိရှိနေပြီး စစ်ဘေး ရှောင်စခန်းတချို့၏ နွေရာသီရေလိုအပ်ကို ရခိုင်လူမှုအဖွ့ဲအစည်း တချို့နှင့် မီးသတ်ဦးစီဌာနတို့က ကူညီ ဆောင်ရွက် ပေးနေကြောင်း သိရသည်။
(ဓါတ်ပုံ- ရသေ့တောင်မြို့နယ် ဆင်ခုန်းတိုင် စစ်ဘေးရှောင်ကယ်ဆယ် ရေးစခန်းအနီးရှိ သောက်ရေကန် အား ဧပြီလ ၂၃ ရက်နေ့ကတွေ့ရစဉ်/အနောက်တံခါးမှူး)
Link : Here
No comments:
Post a Comment