" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, April 6, 2019

စိုင်းဒင်ချောင်းတိုက်ပွဲမှာ ရဟတ်ယာဉ် အသုံးပြုခဲ့ ကြောင်း တပ်မတော် အတည်ပြု

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-04-05
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ထွန်းထွန်းညီ ကို တွေ့ရစဉ်
Photo: Htet Arkar/RFA

 
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းအနီးမှာ အစိုးရ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ဧပြီလ ၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ တပ်မတော်ဘက်က ရဟတ်ယာဉ်သုံး တိုက်ခိုက်ခဲ့ကြောင်း တပ် မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ထွန်းထွန်းညီ က RFA ကို ဒီနေ့ အတည်ပြုပြောပါတယ်။


ဘူးသီးတောင်မြို့နဲ့ ဝါးခုတ်ကျောင်းကျေးရွာ အနီးတဝိုက်ကို ခြိမ်းခြောက်စိုးမိုးဖို့ ရည်ရွယ်ချက်နဲ့ AA ဘက် က အင်အား ၁၅၀ လောက် စိုင်းဒင်ချောင်းတဝိုက်ကို ရောက်ရှိလာနေတယ်လို့ အခိုင်အမာသတင်းတွေ ရရှိတာကြောင့် တပ်မတော်ဘက်က ပစ်ခတ်ခဲ့တာလို့လည်း တပ်မတော်ပိုင် ဒီနေ့ထုတ် မြဝတီသတင်းစာမှာ ရေးသားထားပါတယ်။

ဧပြီလ ၃ ရက်နေ့က ရဟတ်ယာဉ်သုံး တိုက်ခိုက်ခဲ့တဲ့အကြောင်းကို တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်ချုပ် ထွန်းထွန်းညီ က အခုလို ပြောပါတယ်။
 
"ကျနော်တို့ ရဟတ်ယာဉ်သုံးပြီး ဆောင်ရွက်တာတွေလည်း ရှိပါတယ်၊ လိုအပ်တဲ့ ပစ်ခတ်မှုတွေအတွက် လိုအပ်တဲ့ပစ်ကူတွေ ကျနော်တို့ သုံးပါတယ်"


အဲဒီတိုက်ပွဲကြောင့် ရက္ခိုင့်တပ်မတော် AA အဖွဲ့နဲ့ အတူရှိနေတဲ့ သရက်ပြင်၊ ဒဗြူချောင်း၊ ကင်းတောင်၊ ထိပ်ထူးပေါက်နဲ့ ဖုန်ညိုလိပ်ကျေးရွာတွေက မွတ်ဆလင် ၆ ယောက် သေဆုံးခဲ့ပြီး ၉ ယောက် ဒဏ်ရာရှိ ခဲ့တယ်လို့ မြဝတီသတင်းစာမှာ ရေးသားထားပါတယ်။

ဒါပေမဲ့ အဲဒီဒေသကို RFA က မနေ့က သီးခြားဆက်သွယ်မေးမြန်းရာမှာ တပ်မတော်က ရဟတ်ယာဉ်သုံး ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာမွတ်ဆလင် ၁၀ ဦးကျော် သေဆုံးခဲ့တယ် ဒေသခံတွေရဲ့ ပြောကြားချက်အရလို့ သိရပါတယ်။

အဲဒီရိုဟင်ဂျာမွတ်ဆလင်တွေဟာ စိုင်းဒင်ဝါးထုတ်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်နေချိန် တပ်မတော် ရဟတ်ယာဉ်တွေက ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက RFA ကို မနေ့က ပြောပါတယ်။

ရွာနဲ့ ဝေးလံတဲ့နေရာမှာ ရွာ လေး/ငါး ရွာလောက်ကလူတွေ တစ်စုတည်းရှိနေတဲ့အပေါ်လည်း AA နဲ့ပါ လာတာ ဖြစ်နိုင်ကြောင်း ဗိုလ်ချုပ် ထွန်းထွန်းညီ က အခုလို ပြောပါတယ်။

"ကျနော်တို့ သူတို့ကို စိစစ်နေပါတယ်၊ ဒဏ်ရာရတဲ့သူတွေရော၊ ဖြစ်စဉ်မှာပါတဲ့သူတွေရော၊ ဝေးလံတဲ့ နေရာမှာ ရွာတစ်ရွာထဲက မဟုတ်ဘူးဗျာ၊ ၄/၅ ရွာကလူတွေက အဲဒီနေရာတွေကို ရောက်နေတာက စဉ်း စားကြည့်လို့ရှိရင် သိသာပါတယ်၊ AA နဲ့ပါလာတယ်၊ ဒါမှမဟုတ်ရင် AA တပ်ဖွဲ့ဝင်တွေဖြစ်နိုင်တယ်၊ ဒါမှ မဟုတ် AA ကျနေပြီးမှ ခေါ်ပြီးသုံးတဲ့သူတွေဖြစ်နိုင်တာပေါ့၊ အဲဒါတွေ ကျနော်တို့ စိစစ်နေပါတယ်"

ဒီလိုအခြေအနေမျိုးမှာ အေးအေးဆေးဆေး ဝါးသွားခုတ်နေတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ယူဆကြောင်း လည်း ဗိုလ်ချုပ် ထွန်းထွန်းညီ က ပြောပါတယ်။

ဒါပေမဲ့ အဲဒီနေရာမှာ ဧပြီလ ၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားတာမရှိကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က RFA ရဲ့ မနေ့က မေးမြန်းမှုကို ပြန်လည်ဖြေကြားထားပါတယ်။

ရခိုင်ပြည်နယ်မှာ AA ရက္ခိုင့်တပ်မတော်နဲ့ တိုက်ပွဲတွေအတွင်း မြန်မာ့တပ်မတော်က ရဟတ်ယာဉ်သုံးပြီး အရပ် သားတွေကို မဆင်မခြင် တိုက်ခိုက်ခဲ့တဲ့အပေါ်ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်ရဲ့ တိုက်ပွဲတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား စုစုပေါင်း ၅၀ ကျော် သေဆုံးခဲ့တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပြီး တိုက်ပွဲ တွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ စုစုပေါင်း ၂ သောင်း ၆ ထောင်ကျော်နေပြီလို့ ရခိုင်ပြည်နယ် အစိုး ရရဲ့ စာရင်းတွေအရသိရပါတယ်။

RFA သတင်းထောက် ကိုထက်အာကာနဲ့ မသီရိမင်းဇင်တို့က ပေးပို့ထားပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */