Thursday, March 28, 2019

အေအေကွန်မန်ဒိုတွေ ဝင်စီးလို့ အစိုးရစစ်သား ၅ဝ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ အေအေပြော

B  B  C 
ဘီဘီစီ မြန်မာပိုင်း
မတ်လ ၂၈ ရက် ၂၀၁၉၊

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ထဲ မတ်လ ၂၆ ရက်နေ့တုန်းက ကျီးရာပြင်ရွာနား ယာယီ အခြေပြု ထားတဲ့ အစိုးရတပ်စခန်းကို အေအေအဖွဲ့ရဲ့ လှုပ်ရှား ကွန်မန်ဒို စစ်ကြောင်း ဝင်ရောက် စီးနင်းခဲ့တာမှာ အစိုးရတပ်ဖွဲ့ဝင် အယောက် ၅ဝ ကျော် ထိခိုက်ကျဆုံးမှု ရှိခဲ့တယ်လို့ အေအေဘက်က ပြောပါတယ်။

ကျောက်တော်-မြောက်ဦး ဆက်သွယ်ရေး လမ်းကြောင်းအတွက် လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်း လင်းမြွေတောင်ကြော နေရာမှာ အတိုက်အခိုက် ခံခဲ့ရတယ်လို့ အခင်းဖြစ်ရာ နေ့တုန်းကလည်း တပ်မ တော်ဘက်က ထုတ်ပြန်ထားပါတယ်။

အဲဒီ ထုတ်ပြန်ချက်ထဲ တပ်မတော်ဘက်က စစ်သည်တချို့ အကျအဆုံး ရှိခဲ့တယ်လို့ ဖော်ပြထားပေမယ့် အရေအတွက် အတိအကျ ပြောဆိုတာမျိုး မရှိပါဘူး။ လာတိုက်သူတွေဘက်ကလည်း အရပ်ဝတ် တီရှပ် အင်္ကျီဝတ် အလောင်းတွေ ကျန်ခဲ့တယ်လို့ ဆိုထားပါတယ်။

အဲဒီတိုက်ပွဲမှာ အစိုးရတပ် ခလရ ၂၇ဝ တပ်ရင်းက တပ်ဖွဲ့ဝင် အယောက် ၅ဝ ကျော် အရေအတွက် ပမာဏ မျိုး အထိ ထိခိုက် ကျဆုံးခဲ့တယ်လို့ အေအေဘက်က ပြောဆိုလာတဲ့ အခမှာတော့ အဲဒီ ကိန်းဂဏန်း အရေ အတွက်ကို တပ်မတော်က ငြင်းဆိုပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက တိုက်ပွဲဖြစ်ခဲ့ကြောင်း အတည် ပြုပေမယ့် အသေဆုံး များတယ်ဆိုတဲ့ အေအေရဲ့ ပြောဆိုမှု မမှန်ကန်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

စစ်ရေး အသာစီး ရတဲ့ပုံစံမျိုး အေအေဘက်က ဝါဒဖြန့် ပြောဆိုတာသာ ဖြစ်တယ်ဆိုတဲ့ သဘောမျိုး ဗိုလ်မှူး ကြီး ဝင်းဇော်ဦးက တုံ့ပြန်ပြီး "လူ့သဘောသဘာဝ အတိုင်း ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာ" သာဖြစ်တယ်လို့ ဆိုပါတယ်။

                                                              အင်အားရာချီ စုဖွဲ့တိုက်ခိုက်

ကျီးရာပြင် အနောက်တောင်ဘက် တစ်မိုင်လျော့လျော့ အကွာ အစိုးရစစ်တပ် ယာယီစခန်းကို ညသန်းခေါင်း ကျော် ၁ နာရီခွဲ ဝန်းကျင်ကနေ စပြီး အေအေ ကွန်မန်ဒိုတွေ ဝင်တိုက်ခဲ့တာ ဖြစ်တယ်လို့ အေအေပြောခွင့်ရ ဦးခိုင်သုခက ဆိုပါတယ်။

မနက် ၆ နာရီ အထိ တိုက်ပွဲ ကြာမြင့်ခဲ့ပြီးတဲ့နောက် အောင်မြင်မှု ရရှိတဲ့ အတွက် အေအေ တပ်ဖွဲ့ဝင်တွေ ပြန်လည် ဆုတ်ခွာခဲ့တယ်လို့လည်း ဦးခိုင်သုခက ပြောပါတယ်။

အစိုးရတပ်ဘက်က အကျအဆုံး ဘယ်လောက် ရှိခဲ့လဲဆိုတာ အေအေရဲဘော်တွေရဲ့ မျက်မြင်ကိုယ်တွေ့ ပဲ လို့လည်း ဆိုပါတယ်။
တပ်မတော်ဘက်က ထုတ်ပြန်ချက် အရတော့ အေအေအဖွဲ့ဝင် အင်အား ၁ဝဝ ဝန်းကျင် စတင် တိုက်ခိုက် လာပြီး၊ နောက် နာရီ အနည်းငယ် အကြာမှာ အယောက် ၅ဝ လောက် အားဖြည့် ရောက်လာကြတဲ့အတွက် အယောက် ၁၅ဝလောက် အင်အားနဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေသုံး ပစ်ခတ်လာခဲ့ကြတယ်လို့ ဆိုပါတယ်။

အေအေ အဖွဲ့ဟာ မြို့၊ ရပ်ကွက်၊ ကျေးရွာနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက် တာ၊ မိုင်းထောင်မိုင်းခွဲတာတွေ လုပ်နေတဲ့ အတွက် စစ်ဆင်ရေး လုပ်ငန်းတွေကို အရှိန်မြှင့် လုပ်နေတယ်လို့ တပ်မတော်က ဆိုထားပါတယ်။


                               နေ့စဉ်ရက်ဆက်ပေါ်ပေါက်နေတဲ့ ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတွေ

အေအေတပ်ဘက်က ကိုယ်စားလှယ်တချို့ နေပြည်တော်ထိ ရောက်လာပြီး အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် နဲ့ တွေ့ဆုံတာမျိုး လုပ်ခဲ့ပေမယ့် လက်တွေ့ မြေပြင်တိုက်ပွဲတွေ အေးဆေးမသွားပဲ အစိုးရတပ်နဲ့ အေအေ ကြား နေ့စဉ် ရက်ဆက် တိုက်ခိုက် နေကြတာ ဖြစ်ပါတယ်။

တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA ထဲ မပါဝင်သေးတဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေပါ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် NRPC က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ခဲ့ကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲ အခြေချမယ့် ရည်မှန်းချက်ကို အေအေဘက်က စွဲကိုင်ထားသလို၊ NRPC ဒုဥက္ကဌ ဒေါက် တာ တင်မျိုးဝင်းကလည်း အဖြူရောင်နယ်မြေ ဖြစ်တဲ့ ရခိုင်မှာ လက်နက်ကိုင် အဖွဲ့အစည်း အခြေချဖို့ ကြိုး စားရင် နယ်မြေ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်တာမျိုး ဖြစ်တယ်လို့ ပြောဆို ခဲ့ပါတယ်။

ဒီ နေပြည်တော် တွေ့ဆုံပွဲ နောက်ပိုင်း တပ်မတော်ဘက်က ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲတွေ၊ ထုတ်ပြန်ချက်တွေမှာ အေအေ အဖွဲ့ကိုအကြမ်းဖက် သောင်းကျန်းသူ ဆိုပြီး ဆက်လက် ရည်ညွှန်း သုံးစွဲ နေပါတယ်။

အေအေအဖွဲ့ဟာ အစိုးရ အုပ်ချုပ်ရေးယန္တရားပျက်ပြားအောင် အဖျက်အမှောင့် အကြမ်းဖက် လုပ်ရပ်တွေ ဆောင်ရွက်နေတယ်လို့ တပ် မတော်က ပြစ်တင်ထားပြီး လုံခြုံရေးနဲ့ စစ်ဆင်ရေး လုပ်ငန်းတွေ တိုး မြှင့် လုပ်ဆောင် နေတယ်လို့လည်း ဆိုပါတယ်။

အေအေနဲ့ အစိုးရတပ်ကြား တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး ကြရသူ အရေအတွက်လည်း သောင်းနဲ့ချီ ရှိနေပြီ ဖြစ် ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ အစောပိုင်းကနေ အခုနှစ် မတ်လ တတိယပတ် အထိ ရရှိထားတဲ့ အချက်အလက်တွေ အရ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် စစ်ပြေး ဒုက္ခသည် တစ်သောင်းခြောက်ထောင်ကျော် ရှိလာပြီး မြို့နယ် ၆ မြို့နယ်ထဲက ယာယီစခန်း ၅၈ နေရာမှာ ခိုလှုံနေရတယ်လို့ မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့ OCHA Myanmar က ထုတ်ပြန်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */