Thursday, March 21, 2019

ရခိုင်တွင် AA အခြေချရန် ကြိုးပမ်းခြင်းသည် လုံခြုံရေး ခြိမ်းခြောက်မှုဟု အစိုးရ ပြော

 မဇ္ဈိမ
By မင်းမင်း  
21 March 2019
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ) 

နေပြည်တော်(မတ်လ ၂၁ရက်၊ ၂၀၁၉ခုနှစ်)။ ။ ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့အစည်း များအခြေချ ရန် ကြိုးပမ်းခြင်းသည် လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်သည်ဟု တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ရက္ခိုင့်တပ် AA အဖွဲ့ကို ရည်ညွှန်းကာ အစိုးရက ပြောကြားလိုက်သည်။
“ရခိုင်ပြည်နယ်ဟာ အဖြူရောင် နယ် မြေ ဖြစ်ပါတယ်။ အဖြူရောင်နယ်မြေကို လက်နက်ကိုင်အဖွဲ့အစည်းတွေ အခြေချဖို့ ကြိုးစားခြင်းဟာ လုံခြုံရေး ကို ခြိမ်းခြောက်မှုဖြစ်တဲ့အတွက် အစိုးရဘက်က ထိုက်သင့်တဲ့ လုံခြုံရေး ဆောင်ရွက်ချက်တွေကိုဆောင်ရွက် နေခြင်းသာဖြစ်ပါတယ်ဆိုတာ နားလည်သဘောပေါက်ပေးဖို့ လိုအပ် ကြောင်း တင်ပြလိုပါတယ်” ဟု အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ဒုဥက္ကဋ္ဌဌ ဒေါက်တာတင်မျိုးဝင်းက ပြောသည်။
 
နေပြည်တော်တွင် မတ်လ ၂၁ရက်၊ နံနက် ၁ဝနာရီက ကျင်းပသည့် NRPCနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(၈)ဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အဖွင့်အမှာစကား ပြောကြားစဉ် ဒေါက်တာတင်မျိုးဝင်း  က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် မည်သည့်အဖွဲ့ကို လက်ခံသည်၊ မည်သည့်အဖွဲ့ကို လက်မခံသည် ဟူသည့် သဘောကြောင့် ဖြစ်ပွားနေခြင်း မဟုတ်ဟုဆိုကာ လက်နက်ကိုင်တောင်းဆို နေ မည့် အစား နိုင်ငံ ရေးစားပွဲဝိုင်းကို လာရောက်ရန်လည်း အစိုးရက ဖိတ်ခေါ်ခဲ့သည်။

“နှစ်ပေါင်း ရဝကျော် ကြာမြင့်ပြီဖြစ်တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေရဲ့ သင်ခန်းစာနဲ့ အခု လက်ရှိ ရခိုင်ပြည် နယ်မှ ပြည်သူတွေရဲ့ အခြေအနေဟာ လက်နက်ကိုင်ပြီးတော့ အခွင့်အရေးတွေ တောင်းဆို နေ မယ့်အစား နိုင်ငံ ရေးစားပွဲဝိုင်းကို လာရောက်ကြဖို့ ဖိတ်ခေါ်ပြီးတော့ အလေးအနက် ပြောကြားလိုပါတယ်” ဟု အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌဌလည်းဖြစ်သူ ဒေါက်တာတင်မျိုးဝင်းက ပြောသည်။

မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဦးလှစောက “ဒေါက်တာတင်မျိုးဝင်း ဒီလိုပြောတာကို မ ကြိုက် လှပေမယ့် အကျအပေါက် ကောက်ပြီး ကျွန်တော် ပြန်မပြောချင်ဘူးဗျာ။ အဓိက အရေးကြီးတာက စစ်ရေးပဋိပက္ခ မြင့်လာတာကို ဘယ်လိုလျှော့မလဲ။ အဲ့ဒါကိုပဲ အဓိက ပြောကြစေချင်တယ်” ဟု မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA အကြား ၂၀၁၅ခုနှစ်က တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၂၀၁၈နှစ် နှစ်ကုန်ပိုင်းကစတင်ကာ တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်လာရာမှ မတ်လ ၁၈ရက် ညဦးပိုင်းတွင် မြောက်ဦး မြို့ထဲတွင်ပင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

ယင်းပစ်ခတ်မှုများကြောင့် အရပ်သား အနည်းဆုံး ၆ ဦး ဒဏ်ရာရရှိပြီး နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ သည်။ တပ်မတော်နှင့် AA နှစ်ဖက်စလုံးကမူ အဆိုပါ ပစ်ခတ်မှုများအတွက် ငြင်းဆိုထားသည့် ကြေညာ ချက်များ ထုတ်ပြန်ထားသည်။

မြောက်ဦးမြို့ အနေအထားနှင့်ပတ်သက်ပြီးလည်း “ဒီနေ့တော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ ပုံမှန်နီးပါး ဖြစ်လာ တယ်” ဟု မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဦးလှစောက ဆိုသည်။လက်ရှိ မြောက်ဦးမြို့ပေါ် တွင် စစ်ရှောင်ဦးရေ ၁၀ဝ၀ ကျော်ရှိပြီး မြောက်ဦးမြို့နယ်တစ်ခုလုံးတွင် စစ်ရှောင်ဦးရေ ၃၀ဝ၀ ကျော် ရှိနေ သည်။


 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */