" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 27, 2019

လူ့အခွင့်အရေးဝေဖန်ခံရမှု မြန်မာအစိုးရ ကုလမှာ ကာကွယ်ပြောဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
မသိင်္ဂီထိုက်၊
 27 ဖေဖော်ဝါရီ၊ 2019
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်

 ရိုဟင်ဂျာ မူဆလင်တွေ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားစီရင်ရေး စနစ်နဲ့ ဆောင်ရွက်ဖို့ ကြိုးပမ်းမှုတွေ ကို ပယ်ချကြောင်းနဲ့ ဒီကိစ္စကို မြန်မာနိုင်ငံ အနေနဲ့ တာဝန်ယူ ဖြေရှင်းနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ အ ကြိမ် (၄၀) မြောက် အစည်းအဝေး အတွင်း ပြောဆိုသွားပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်း စဉ်ကို ဦးစားပေး ဆောင်ရွက်ဖို့ လိုကြောင်းနဲ့ ရခိုင်ပြည်နယ်တွင်း လူမှုအသိုင်းအဝိုင်း ပဋိပက္ခတွေ ဖြေရှင်းဖို့ အတွက် ဖွံ့ဖြိုးရေးက အရေးကြီးတယ်လို့လည်း ထောက်ပြသွားပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ အကြိမ် ၄၀ မြောက် ညီလာခံကို ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့မှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့ အထိ ကျင်းပနေတာပါ။ မနေ့ ဖေဖော်ဝါရီလ ၂၆ ရက် နေ့မှာတော့ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က မြန်မာ့အရေး မိန့်ခွန်းပြောပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ နိုင်ငံ တခုဖြစ်ပြီး နိုင်ငံတကာရဲ့ အားပေးထောက်ပံ့မှုတွေ ဆက်ပြီးလိုအပ်နေသေးတဲ့အကြောင်း ဒါပေမယ့် အခုမှာတော့ ကမ္ဘာက မြန်မာနိုင်ငံ ရခိုင်အရေးကိုဘဲ အဆိုးမြင်နေတယ်ဆိုပြီး သူက ထောက်ပြသွားပါ တယ်။

"ရခိုင်မြောက်ပိုင်းအရေးနဲ့ ဆက်စပ်ပြီး အဆိုးမြင် ရှု့ထောင့်ကနေ ကမ္ဘာက စိတ်ဝင်စားနေတာကတော့ စိတ်မ ကောင်းစရာပါဘဲ။ ဒီကိစ္စက ဘာသာရေး ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့်ဆိုပြီး မှားယွင်းပုံဖော် - မီဒီယာတွေကနေ ဖော်ပြပြီး မြန်မာကို အပုပ်ချနေကြပါတယ်။ ဒီကိစ္စက ဘာသာရေး ဖိနှိပ်ချုပ်ချယ်မှုကြောင့် မဟုတ်သလို ကိုးကွယ်ယုံကြည်မှု ကွဲပြားမှုကြောင့် ပဋိပက္ခ ဖြစ်ရတာလည်း မဟုတ်ပါဘူး။ ဒါက နိုင်ငံရေးနဲ့ စီးပွားရေး ကိစ္စ ကြောင့် ဖြစ်ပြီး ဟို အရင် ကိုလိုနီ ခေတ်ကတည်းက ရှိခဲ့တဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု၊ ဆင်းရဲမွဲတေမှု၊ တရားဥပဒေ စိုးမိုးမှု မရှိတာနဲ့ နိုင်ငံတော် လုံခြုံရေး ကိစ္စတွေလည်း ပါဝင်ပါတယ်။"

၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရပြီးနောက် ဒေသတွင်း အခြေအနေတွေ အပေါ်မှာ လက်ရှိ ရခိုင်လက်နက်ကိုင်တပ် AA ရဲ့ တိုက်ခိုက်မှုတွေကြောင့် အခြေအနေ ပိုပြီး ရှုပ်ထွေးသွားစေတယ်လို့လည်း ဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။ မြန်မာ အစိုးရဘက် ကတော့ ရခိုင်ပြည်သူတွေ အားလုံး အတွက် ရေရှည် ဖြေရှင်းချက် တရပ် ထွက်ပေါ်လာရေး ကြိုး ပမ်းနေကြောင်း မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုပါတယ်။

"ရခိုင်ပြည်နယ်က ပြည်သူ အားလုံး အတွက် တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို ဆောင်ကျဉ်းနိုင်မယ့် ရေရှည် ဖြေရှင်းချက် တရပ် ထွက်ပေါ်လာရေး အတွက် အစိုးရဘက်က ယတိပြတ် ပိုင်းဖြတ်ထားပါတယ်။ ARSA တိုက်ခိုက်မှုတွေ မဖြစ်ခင် ကတည်းက အစိုးရက ဖွဲ့စည်းခဲ့တဲ့ ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက် အများစုကို အကောင်အထည်ဖော် လုပ်ဆောင်သွားမှာပါ။ နိုင်ငံသားလုပ်ငန်းစဉ်၊ လွတ်လပ်စွာ သွားလာခွင့်၊ ပြည်တွင်း ဒုက္ခသည် စခန်းတွေ ပိတ်သိမ်းရေး၊ ပညာရေးနဲ့ ကျန်းမာရေး စတဲ့ ဦးစားပေး လုပ်ငန်းစဉ် ၅ ရပ်ကို အခု အ ကောင်အထည်ဖော် လုပ်ဆောင်ဖို့ ရှိနေပါတယ်။"

ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေကို ပြန်လက်ခံမယ်လို့ ပြောဆိုထားပေမယ့် ဌာနေပြန်ရေး လုပ် ငန်းစဉ်က မအောင်မြင်သေးပါဘူး။ ဝန်ကြီး ဦးကျော်တင်ကတော့ ဌာနေပြန်ရေး လုပ်ငန်းစဉ်ကိုဘဲ အာ ရုံစိုက်ရ မှာ ဖြစ်တယ်လို့ ကုလ မိန့်ခွန်းမှာ တခုတ်တရ ပြောဆိုသွားပါတယ်။

"အခုလက်ရှိမှာတော့ လူသားချင်းထောက်ထားမှုဆိုင်ရာ အခြေအနေတရပ်ကို ဖြေရှင်းနိုင်ဖို့ ဌာနေပြန်ရေး လုပ် ငန်းစဉ်ကိုဘဲ အာရုံစိုက်ရမှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေရှ့်နဲ့ နှစ်နိုင်ငံ သဘောတူညီချက်အရ စိစစ်ပြီး သူတွေကို ဆန္ဒအလျောက်၊ ဘေးကင်းလုံခြုံမှုရှိရှိ လူ့ဂုဏ်သိက္ခာနဲ့ အညီ ဌာနေပြန်လာနိုင်ရေး အတွက် မြန်မာဘက်က လက်ခံဖို့ အဆင်သင့် ရှိနေပါတယ်ဆိုတာကို ထပ်လောင်း ပြောကြားလိုပါတယ်။

ဌာနေပြန်ရေး လုပ်ငန်းစဉ်ကို ကြန့်ကြာစေဖို့ ကြိုးစားတဲ့ ကောဇ့်ဘဇားက လှုပ်ရှားမှုတွေ ရပ်ရပါမယ်။"

ဘင်္ဂလားဒေရှ့်ဘက်မှာ ထွက်ပြေးနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကတော့ သူတို့ကို ရိုဟင်ဂျာအဖြစ် အသိ အ မှတ်ပြုပြီး နိုင်ငံသား ဖြစ်ခွင့်ပေးမှ ဌာနေပြန်မယ်လို့ ပြောဆိုထားတာပါ။ မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးကို အခုအချိန်ထိ လက်မခံသေးပါဘူး၊ နောက် နိုင်ငံသား ဖြစ်ခွင့်ကိုလည်း စိစစ်ပြီးမှ ပေးမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ရိုဟင်ဂျာ သိန်းချီ ထွက်ပြေးရတဲ့ ကိစ္စဟာ မြန်မာ စစ်တပ်ရဲ့ မျိုး တုံး ရှင်းလင်းရေး ရည်ရွယ်ချက်ပါတဲ့ လုပ်ရပ်ကြောင့်လို့ ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့က ထောက်ပြ ထားပြီး မြန်မာ စစ်တပ် အကြီးအကဲ အပါအဝင် တာဝန်ရှိတဲ့ စစ်တပ် အရာရှိ တချို့ကို နိုင်ငံတကာ ဥပဒေ တွေ အရ အရေးယူဖို့လည်း တိုက်တွန်းထားတာပါ။ ဝန်ကြီး ဦးကျော်တင်ကတော့ အချက်အလက်ရှာ အဖွဲ့ က ဘက်လိုတယ်လို့ ကု လ မိန့်ခွန်းမှာ အခုလို ပြောဆိုသွားပါတယ်။

"အချက်အလက်ရှာ အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ARSA အဖွဲ့ရဲ့ အကြမ်းဖက်မှုတွေကို စုံစမ်းစစ်ဆေးမှု မပါဘဲ တ ဖက်သတ်ဆန်ပြီး ဘက်လိုက်တယ်ဆိုတာက ရှင်းပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး အဖွဲ့တချို့ ထံက ရတဲ့ အချက်အလက်တွေနဲ့ တွေ့ဆုံမေးမြန်းမှု တချို့ကိုဘဲ အဓိကထားပြီး ပြုစုထားတာပါ။ နောက် ဒုတိယ အချက်အနေနဲ့ အစီရင်ခံစာထဲမှာ မူဆလင် ဒုက္ခသည်တွေရဲ့ အကြောင်းတွေကိုဘဲ ထောက်ခံ ဖော်ပြထားပြီး ဆန့်ကျင် ကွဲလွဲတဲ့ သက်သေ အထောက်အထားတွေကိုတော့ ပယ်ချထားပါတယ်။ ARSA အဖွဲ့ရဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၊ မရေမတွက်နိုင်တဲ့ ရက်စက်ကြမ်းကြုတ်မှု သတင်းတွေကိုလည်း အချက်အ လက်ရှာ အဖွဲ့က လစ်လျူရှုထားပါတယ်။"

ရိုဟင်ဂျာ ပဋိပက္ခနဲ့ ဆက်စပ်ပြီး နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC ကို တင်နိုင်ရေး ကြိုးပမ်းချက်တွေ ရှိနေချိန် မှာဘဲ ဒီအပေါ်မှာ မြန်မာဘက်က အပြင်းအထန် ကန့်ကွက်တယ်လို့လည်း ဝန်ကြီး ဦးကျော်တင်က ပြော ဆိုသွားပါတယ်။

" အကြမ်းဖက်မှု သက်သေ အထောက်အထားတွေ ရှိရင် အပြစ်ကျူးလွန်သူတွေကို တရားဥပဒေကြောင်း အရ အရေးယူဖို့ အစိုးရက ပိုင်းဖြတ်ထားပါတယ်။ အစိုးရ အနေနဲ့ ဒီကိစ္စကို တာဝန်ယူ တာဝန်ခံပြီး ဆောင် ရွက်လိုစိတ်ရော ဆောင်ရွက်နိုင်စွမ်းရော ရှိတယ်ဆိုတာကို ကျနော် ဒီနေရာကနေ ထပ်ပြီး အာမခံ ပြောပါ တယ်။ ဒါကြောင့် ဒီကိစ္စကို နိုင်ငံတကာ တရားစီရင်ရေး စနစ်နဲ့ ဆောင်ရွက်ဖို့ လုပ်ကိုင်မှုတွေ အားလုံးကို ကျနော်တို့ အ နေနဲ့ အခို်င်အမာ ပယ်ချပါတယ်။"

ရခိုင်ဒေသ ရေရှည်ဖွံ့ဖြိုးရေးနဲ့ အလုပ်အကိုင်တွေ ဖန်တီးနိုင်ရေး အတွက် ရခိုင် ရင်းနှီးမြှုပ်နှံမှု ညီလာခံ ကိုလည်း ကျင်းပခဲ့ပါတယ်။ လူမှုအသိုင်းအဝိုင်းတွင်း ပဋိပက္ခတွေကို အဆုံးသတ်နိုင်ရေး အတွက် ဖွံ့ဖြိုးရေး က အဓိက ကျတယ်လို့လည်း ပြောဆိုသွားပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */