Wednesday, February 6, 2019

သမီးလှကျေးရွာက ကလေးတစ်ဦး သေဆုံးမှု အရေးယူပေးဖို့ မိဘတွေတောင်းဆို

RFA 
February 06, 2019
လက်နက်ကြီးအစမှန်ပြီး သေဆုံးသွားတဲ့ ရသေ့တောင်မြို့နယ် သမီးလှကျေးရွာက အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးရဲ့ ရုပ်အလောင်းကို ၂၀၁၉၊ ဇန်နဝါရီ ၂၉ ရက်နေ့က သယ်ဆောင်လာစဉ် 

 ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှာ ဇန်နဝါရီလ ၂၆ ရက်နေ့က ကျည်ထိမှန်ပြီး သေဆုံးခဲ့ ရတဲ့ အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးနဲ့ ပတ်သက်လို့ တပ်မတော်က တာဝန်ရှိသူကို အရေးယူပေး ဖို့ သေဆုံးသူ မောင်နိုင်စိုးရဲ့မိဘတွေက တောင်းဆိုလိုက်ပါတယ်။

သေဆုံးသူ မောင်နိုင်စိုးရဲ့မိဘတွေကို RFA က မနေ့က တွေ့ဆုံမေးမြန်းခဲ့ရာမှာ အဲဒီလို ပြောဆိုလိုက် တာပါ။

သမီးလှကျေးရွာအတွင်းက ပစ်ခတ်မှုတွေကြောင့် ဦးခေါင်းမှာကျည်ဒဏ်ရာရခဲ့တဲ့ အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးကို ဇန်နဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့ကို အရေးပေါ်ဆေးကုသဖို့ သွားရောက်စဉ် လမ်းခရီး မှာ သေဆုံးသွားတာလို့ သိရပါတယ်။

ရသေ့တောင်မြို့နယ် သမီးလှကျေးရွာအနီးမှာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၆ ရက်နေ့မနက်ပိုင်းက တပ်မတော် စစ်ကြောင်းတစ်ခုမိုင်းခွဲတိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်က ကျေးရွာအတွင်းကို ပစ်ခတ်မှုတွေ ပြုလုပ် ခဲ့တာလို့ ရွာသားတွေကပြောပါတယ်။

အဲဒီဖြစ်စဉ်အတွင်း အသက် ၇ နှစ်အရွယ်မောင်နိုင်စိုးဟာ သူ့အမေအနီးမှာရှိနေစဉ် ဦးခေါင်းမှာကျည် ထိမှန်ခဲ့တာဖြစ်ပါတယ်။

"ကျွန်တော့်သားကို သတ်ခဲ့တဲ့တရားခံတွေကို ကျွန်တော် လုံးဝမကျေနပ်ပါ။ ကျွန်တော့် သားလေး ကိုယ်စား၊ မိဘတွေကိုယ်စား အားလုံးဝိုင်းဝန်းပြီးတော့ ဒီတရားခံတွေကိုအပြစ်ပေးနိုင်အောင် ဆောင် ရွက်ပေးကြပါလို့ ပြောချင်ပါတယ်"

လို့ သေဆုံးသူ မောင်နိုင်စိုးရဲ့ဖခင် ဦးကျော်ကျော်နိုင်က ပြောပါတယ်။ဇန်နဝါရီလ ၂၆ ရက်နေ့ ပစ်ခတ် မှုဖြစ်ပွားခဲ့အချိန်က အခြေအနေတွေနဲ့ပတ်သက်လို့ မောင်နိုင်စိုးရဲ့ အမေဖြစ်သူ ဒေါ်မဘုက အခုလို ပြောပါတယ်။

"အဲဒီနေ့က ပစ်ခတ်မှုတွေဖြစ်တော့ ကလေးတွေက အိမ်ကိုပြေးဝင်လာကြပါတယ်။ ပြီးတော့ မီးဖိုချောင် ခန်းကို ဝင်နေကြပါတယ်။ မီးဖိုချောင်ခန်းကို ဝင်နေချိန်မှာလည်း ပစ်တော့ မထိဘူး။ 

နောက်တစ်ချက်ပစ်တော့ ထိသွားတာပါ။ ထိသွားတာကို ကျွန်မ မမြင်သေးဘူး။ သားလေးက အရင် ဆုံးမြင်တာပါ။ ညီလေးမှာ သွေးထွက်နေပြီလို့ ပြောတော့ သားလေးက ကျွန်မရဲ့ပေါင်ပေါ် မှာလဲကျ သွားပါတယ်။ သားလေးသားလေးလို့ခေါ်တော့ သူက ပြန်ထူးတယ်။ နောက်တစ်ကြိမ်မှာတော့ ပြန်မ ထူးတော့ဘူး။ စစ်သားတွေက ပစ်ခတ်သွားတာပါ" 

သေဆုံးသူ မောင်နိုင်စိုးဟာ မွေးချင်း ၃ ဦးအနက် ဒုတိယမြောက်သားဖြစ်ပြီး ကျေးရွာမူလတန်းကျောင်းမှာ ပထမတန်းကို သင်ယူနေသူဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့မိဘနှစ်ဦးကတော့ စာမတတ်ကြပါဘူး။

မောင်နိုင်စိုးရဲ့အဖေဖြစ်သူ ဦးကျော်ကျော်နိုင်ဟာ အခင်းဖြစ်တဲ့အချိန်က ချောင်းထဲမှာ ငါးရှာဖို့သွားရောက်နေ ပြီး ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် အိမ်ကိုပြန်ပြေးလာရာမှာ သတိမေ့နေတဲ့သားဖြစ်သူကို စတင်တွေ့ရှိ ခဲ့ တာ ဖြစ်ပါတယ်။

သူတို့ဟာ ကျေးရွာသားတွေအားလုံးနဲ့အတူ စာသင်ကျောင်းကို စုရုံးရောက်ရှိလာပြီးနောက် ကျောင်းထဲမှာ ရှိနေတဲ့ တပ်မတော်အရာရှိကို ဆေးရုံတက်ကုသခွင့်ပြုဖို့အတွက် ပြောဆိုဖို့ကြိုးစားရာမှာ အဲဒီတပ်မတော် အရာရှိက စကား ပြောခွင့်မပြုခဲ့ဘူးလို့ ဦးကျော်ကျော်နိုင်က ပြောပါတယ်။

နောက်ဆုံး ကျောင်းထိုင်ဆရာတော်နဲ့ ကျေးရွာသားတွေက တင်ပြတဲ့အခါမှာတော့ အထက်အမိန့် မရသေး ဘူးဆိုပြီး စောင့်ဆိုင်းထားခဲ့ပြီးနောက်မှာတော့ ခွင့်ပြုပေးလိုက်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ တပ်မတော်တာဝန်ရှိသူတွေက သူတို့ရဲ့မှတ်ပုံတင်တွေကို စိစစ်တာ၊ စာရွက်စာတမ်းတွေမှာ လက်မှတ်ရေး ထိုးခိုင်းတာတွေကြောင့် မနက် ၉ နာရီလောက်ကတည်းက သတိမေ့နေတဲ့မောင်နိုင်စိုးဟာ နေ့ လယ် ၁ နာရီခန့်အချိန်မှာမှ ရသေ့တောင်မြို့ဆေးရုံကို သွားရောက်ခွင့်ရခဲ့တယ်လို့လည်း ဦးကျော်ကျော်နိုင် က ပြောပါတယ်။

မောင်နိုင်စိုးရဲ့ အဖွားဖြစ်သူ ဒေါ်စောယဉ်နုကလည်း"ကျည်ထိပြီး မတရားသဖြင့် သေဆုံးခဲ့ရတာဖြစ်လို့ ဝမ်းနည်းမိပါတယ်လို့" ပြောပါတယ်။

မောင်နိုင်စိုးဟာ ရသေ့တောင်ဆေးရုံကိုရောက်ရှိစဉ်မှာ သတိပြန်ရလာခဲ့ပေမယ့် ကုသရေးအခက်အခဲတွေ ကြောင့် စစ်တွေဆေးရုံကြီးကို ဆက်လက်ယူဆောင်လာခဲ့ပါတယ်။

ဒါပေမဲ့ စစ်တွေဆေးရုံကြီးမှာ အခြေအနေတိုးတက်မလာခဲ့တာကြောင့် ဇန်နဝါရီလ ၂၈ ရက်နေ့က ရန်ကုန် မှာကုသဖို့ မော်တော်ကားနဲ့အရေးပေါ်သွားရောက်စဉ် ကျောက်တော်မြို့နယ်အရောက်မှာ သေဆုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ်အစိုးရက မောင်နိုင်စိုးအတွက် ငွေကျပ် ၂ သိန်းကို ဖခင်ဖြစ်သူ ဦးကျော်ကျော်နိုင်ကို ဇန်န ဝါရီလ ၃၁ ရက်နေ့မှာ ပေးအပ်ခဲ့ပေမယ့် နောက်တစ်နေ့မှာ အဲဒီငွေကို မြို့နယ်အုပ်ချုပ်ရေးမှူးထံကို ဦးကျော်ကျော်နိုင်က ပြန်လည်အပ်နှံခဲ့ပါတယ်။

ဦးကျော်ကျော်နိုင်ကတော့ အဲဒီငွေတွေကို အစိုးရက အသက်လျော်ကြေးပေးတာလို့ ယူဆနေသ လို သား ဖြစ်သူရဲ့မျက်ရည်စာကို မစားထိုက်လို့ဆိုပြီး ပြန်လည်အပ်နှံခဲ့တာလို့ ပြောပါတယ်။

မောင်နိုင်စိုးအတွက် ရန်ကုန်ကို အရေးပေါ်ကုသဖို့အထိ ကူညီဆောင်ရွက်ပေးခဲ့တဲ့ စစ်တွေမြို့ခံ ဦးသန်း ထွန်းက လည်း အခုလို ထောက်ပြပါတယ်။

"ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မောင်နိုင်စိုးရဲ့အဖေကို ရသေ့တောင်မြို့အထိခေါ်ပြီးတော့ ငွေ ၂ သိန်း ထောက်ပံ့တယ်ဆိုတဲ့ ကိစ္စလောက်နဲ့တော့ ရခိုင်ပြည်နယ်အစိုးရ တာဝန်ကျေတယ်လို့ ကျွန်တော်က တော့ မထင်ပါဘူး။ ကျွန်တော့်အနေနဲ့ကတော့ ရခိုင်ပြည်သူတွေရဲ့ အားကိုးအားထားရာလို့ ခံယူထားတဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မောင်နိုင်စိုး သေဆုံးတဲ့ကိစ္စမှာ ဒီထက်ပိုပြီး စာနာမှုပြသင့်တယ်။ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီးတော့ အားပေးနှစ်သိမ့်မှုတွေ ပြုလုပ်သင့်တယ်လို့ မြင်ပါတယ်"

မောင်နိုင်စိုး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ တပ်မတော်ဘက်က ပြောဆိုမှုတွေကို သိ ရှိနိုင်ဖို့အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး၊ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဒီနေ့ညနေ ၄ နာရီခွဲမှာ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ခရီးလွန်နေတာကြောင့် လတ်တလောပြန်လည်ဖြေကြားနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို ဆက်သွယ်မေးမြန်းခဲ့ရာမှာလည်း လက်ခံဖြေကြားခြင်း မရှိ ပါဘူး။

RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့လိုက်တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */