Wednesday, February 6, 2019

ရိုဟင်ဂျာဖိနှိပ်ခံရမှု ARSA အစီရင်ခံစာအပေါ် သုံးသပ်ချက် များ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2019.02.06
အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် ARSA အဖွဲ့ဝင်တွေကို တွေ့ရစဉ်
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေ လူမျိုးတုံးသတ်ဖြတ်ခံနေရတာ အပါအဝင် လူ့အခွင့်အရေး ချိုး ဖောက်မှုတွေကြောင့် လက်နက်ကိုင်ပုန်ကန်တဲ့အထိ ဖြစ်လာရတဲ့အကြောင်း ARSA ရိုဟင်ဂျာ လက်နက် ကိုင်အဖွဲ့က အစီ ရင်ခံစာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ သမိုင်းကြောင်းကို အခြေခံတဲ့ အစီရင်ခံစာနဲ့ လက်နက် ကိုင်လှုပ်ရှားမှုအပေါ် မေးခွန်းထုတ်သူတွေလည်း ရှိနေပါတယ်။ အသေးစိတ်ကို မြန်မာ့အရေးကျွမ်းကျင်သူတွေနဲ့ မေးမြန်းပြီး RFA ဝိုင်းတော်သူ မနန္ဒာချမ်း က တင်ပြထားပါတယ်။
■ ARSA အဖွဲ့ရဲ့ ဒီတပတ်ထဲ အွန်လိုင်းကနေ ထုတ်ပြန်လိုက်တဲ့ စာမျက်နှာ ၇ဝ နီးပါးရှိတဲ့ သမိုင်းနောက်ခံ အစီ ရင်ခံစာမှာတော့ လူမျိုးတုံးသတ်ဖြတ်မှုတွေဟာ လွတ်လပ်ရေး မရခင်ကစလို့ ခေတ်အဆက်ဆက် က တည်းက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ ရှိခဲ့ကြောင်း ဖော်ပြထားပြီး၊ ဖိနှိပ်မှုတွေကို မခံနိုင်လွန်းတဲ့အတွက် လက်နက်ကိုင် အုံကြွတဲ့အထိ ဖြစ်ခဲ့ရကြောင်း အဓိကရေးသား ထားပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံး သတ် ဖြတ်မှုတွေ အဆုံးသတ်ပြီး လွတ်လပ်ခွင့်ရဖို့ ARSA အနေနဲ့ ဆက်လက် တိုက်ပွဲဝင် သွားမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားတာပါ။ ဒါပေမဲ့လည်း မြန်မာအာဏာပိုင်တွေ ဘက်ကတော့ ရိုဟင် ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားသလို၊ ARSA အဖွဲ့ကိုလည်း အကြမ်းဖက် အဖွဲ့ အ စည်းအဖြစ်သာ သတ်မှတ်ထားကြောင်းလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။

“ARSA အဖွဲ့ကို ကျနော်တို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ပဲ သတ်မှတ်ထားတယ်။ မြန်မာနိုင်ငံမှာလည်း အကြမ်းဖက် နှိမ်နင်းရေးဥပဒေဆိုတာ ရှိပြီးသား။ အဲဒီ အကြမ်းဖက် နှိမ်နင်းရေးဥပဒေမှာလည်း အကျုံး ဝင် ပြီး သားပါဗျ။ ARSA အဖွဲ့သည် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် နိုင်ငံတော်အစိုးရကလည်း သတ်မှတ်ပြီး သားဖြစ်တဲ့အတွက် ကျနော်တို့က အကြမ်းဖက် နှိမ်နင်းရေးကိစ္စတွေကို ဆောင်ရွက်သွားဖို့ရှိပါတယ်”

မြန်မာ့အရေးနဲ့ တိုင်းရင်းသားရေးရာ ကျွမ်းကျင်သူ Bertil Lintner ကတော့ ARSA အဖွဲ့ရဲ့ ဒီတကြိမ် ထုတ်ပြန်ချက်ဟာ ပညာရှင်ဆန်ဆန် ကျကျနန ပြုစုထားပြီး အရင်နဲ့မတူဘူးလို့ RFA ကို ပြောပါတယ်။ မြန်မာစစ်တပ်နဲ့ တကျော့ပြန် တိုက်ပွဲတွေ ဖြစ်နေတဲ့ AA ရခိုင်တပ်မတော်ကို အာရုံစိုက်ခံနေရချိန်မှာ အစီ ရင်ခံစာ တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်လာတာကြောင့် ARSA အဖွဲ့အနေနဲ့ နောက်ကျမကျန်လိုတာ ထင်ရှားကြောင်းလည်း ပြောဆိုခဲ့တာပါ။

တချိန်တည်းမှာပဲ ဆော်ဒီအာရေးဗီးယားက ငွေကြေးထောက်ပံ့နေသူတွေက ARSA အနေနဲ့ ထိထိရောက် ရောက် လှုပ်ရှားမှုတွေ အားနည်းနေတဲ့အပေါ် မကျေမနပ်ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေ သလို၊ လှူဒါန်းထားတဲ့ ငွေတွေတော်တော်များများ ပျောက်ဆုံးနေပြီး အဖွဲ့ခေါင်းဆောင် Ataullah abu Ammar Jununi ကိုလည်း ဆော်ဒီက ပြန်ခေါ်ထားတယ်လို့လည်း သတင်းတချို့က ဖော်ပြနေကြောင်း မြန်မာ့အရေးအကဲခတ် Bertil Lintner ကပြောပါတယ်။

ARSA အဖွဲ့ကတော့ မြန်မာနိုင်ငံက တခြားတိုင်းရင်းသား အဖွဲ့အစည်းတွေနည်းတူ ရိုဟင်ဂျာတွေရဲ့ အခြေခံ အခွင့်အရေးတွေအတွက် ဆက်လက်ပြီး လက်နက်စွဲကိုင် တိုက်ပွဲဝင်ဖို့ သန္နိဓာန်ချထားကြောင်း လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ARSA အဖဲ့ွအတွက် နေရာမရှိဘူးလို့ ပြောပါတယ်။

“ကျနော်တို့ NCA (တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး) မှာ လက်မှတ်ထိုးခွင့်ရှိတဲ့သူတွေ၊ NCA ပတ်သက်ပြီး ဆွေးနွေးမယ့်သူ တွေက EAO (Ethnic Armed Organization) ပဲ။ Ethnic ဆိုတာ ပါပြီးသားပါ။ ARSA အဖွဲ့က Ethnic ဟုတ် - မဟုတ် ဆိုတာတော့ အကုန်လုံး သိပြီးသားပါ။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာကတော့ ကျနော် မြင်တာပေါ့နော်။ ဒါ တပ်မတော် အမြင်မဟုတ်ဘူး။ EAO ဆိုတဲ့အထဲမှာ အကြမ်းဖက်အဖွဲ့အစည်းဆိုတာ မပါဘူး”

မြန်မာ့အရေးကျွမ်းကျင်သူ Bertil Lintner ကလည်း မြန်မာနိုင်ငံက အစိုးရ၊ စစ်တပ်နဲ့ အရပ်ဖက် လူ့အဖွဲ့ အစည်း တွေကြားမှာ ARSA ကို နိုင်ငံရေးအင်အားစုတခုအဖြစ် လက်ခံကြမှာမဟုတ်ဘူးလို့ ပြောပါတယ်။ ARSA အဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ ဓာတ်ပုံတွေ၊ သမိုင်းမှတ်တမ်း အကိုးအကားတွေနဲ့ ရိုဟင်ဂျာတွေဟာ လူမျိုးစုတခုအဖြစ် ရာစုနှစ်နဲ့ချီ ရှိနေခဲ့ကြောင်း ဖော်ပြထားတာပါ။ အစီရင်ခံစာမှာ ကိုးကားဖော်ပြခံခဲ့ရသူ တဦးဖြစ်တဲ့ သမိုင်းပညာရှင် ဒေါက်တာအေးချမ်း ကတော့ ရိုဟင်ဂျာဆိုတာ မြန်မာ့သမိုင်းမှာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

“လွတ်လပ်ရေးမရခင်ကာလမှာ မွတ်စလင်တွေက သူပုန်ထတယ်။ မူဂျာဟစ်သူပုန်၊ တပ်မတော်က စစ်ဆင် ရး ၃ ကြိမ်လောက် နှိမ်နင်းပြီးတော့ ၁၉၆ဝ မှာ သူတို့က အားလုံး လက်နက်ချတယ်။ လက်နက်ချတဲ့အခါမှာ သူတို့ကို ရိုဟင်ဂျာလို့ ခေါ်ပါဆိုပြီးတော့ တောင်းဆိုတယ်။ အဲဒီ လက်နက်ချတဲ့အခမ်းအနားမှာ တက် ရောက်ခဲ့တာက ဗိုလ်မှူးချုပ် အောင်ကြီးဖြစ်နေတယ်။ ဗိုလ်မှူးချုပ်အောင်ကြီး ပြောခဲ့တဲ့ မိန့်ခွန်းက ရှင်းရှင်း ပဲ။ ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ ရိုဟင်ဂျာလို့ ခေါ်တယ်။ ဟုတ်ပြီ၊ ခင်ဗျားတို့ရဲ့ ဆွေမျိုးတွေ၊ မိဘတွေ၊ ဥပမာ ခင်ဗျားတို့ရဲ့ ယောက္ခမတွေ ဟိုဘက်မှာ ရှိရင် ရှိမယ်။ သားမက်နဲ့ သမီးက ဒီမှာ နေရင် နေမယ်။ ဒါပေမဲ့ ခင်ဗျားတို့ကိုယ်ခင်ဗျားတို့ မြန်မာနိုင်ငံသားလို့ အသိ အမှတ်ပြုစေချင်ရင် ခင်ဗျားတို့ဟာ မြန်မာပြည်ကိုပဲ သစ္စာ စောင့်သိရလိမ့်မယ်။ အဲဒီမိန့်ခွန်းဟာ အတိအကျ ဗိုလ်အောင်ကြီး ဟောခဲ့တဲ့ မိန့်ခွန်းပဲ”

ရိုဟင်ဂျာတဦးဖြစ်တဲ့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်ကတော့ ARSA ရဲ့ အစီရင်ခံစာဟာ ရိုဟင်ဂျာတွေ ဖိနှိပ်ခံရမှုကို ထင်ဟပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း လက်နက်ကိုင် လမ်းစဉ်နဲ့ ရိုဟင်ဂျာ အခွင့်အရေးကို ရနိုင်မှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

“လက်ရှိ နိုင်ငံရေးမှာ အကောင်းဆုံးကတော့ International Law နဲ့ ကျနော်တို့ရဲ့ အမိမြေပေါ်မှာ အေးချမ်း စွာ နေထိုင်ဖို့။ ဒီရိုဟင်ဂျာလူမျိုးတွေရဲ့ နိုင်ငံရေးကို လက်ရှိမှာ အကြမ်းမဖက်တဲ့ ပြည်သူ့အခွင့်အရေး လှုပ် ရှားမှုနဲ့ သွားမှသာ ပိုပြီးမှ ကောင်းမယ်၊ ကျနော် အဲ့ဒါကိုပဲ ယုံကြည်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကိုတော့ ကျနော် မယုံကြည်ပါဘူး”

မြန်မာ့အရေးနဲ့ တိုင်းရင်းသားရေးရာ ကျွမ်းကျင်သူ Bertil Lintner ကတော့ ARSA အဖွဲ့အနေနဲ့ ရခိုင်ပြည် နယ်ထက် ကျော်လွန်ပြီး တိုက်ခိုက်မှုတွေ လုပ်လာခဲ့မယ် ဆိုရင်တော့ မြန်မာနိုင်ငံအတွက် ခြိမ်းခြောက် မှုတရပ် ဖြစ်ကောင်း ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း လတ်တလောမှာတော့ ရခိုင်ပြည် နယ်မြောက်ပိုင်းက မြို့နယ်သုံးခုမှာသာ လှုပ်ရှားနေတာ ဖြစ်တဲ့အတွက် အလှမ်းဝေးတဲ့ နယ်စပ်ဒေသက ပဋိပက္ခတခု အသွင်နဲ့သာ ရှိနေလိမ့်မယ်လို့လည်း သုံးသပ်ထားပါတယ်ရှင်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */