" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, February 26, 2019

လူ့အခွင့်အရေးချိုးဖေါက်မှု မြန်မာတာဝန်ရှိသူတွေ အရေးယူနိုင်ဖို့ ကုလမှာ ဗြိတိန် တိုက်တွန်း


VOA
ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင် ၊ 26 ဖေဖော်ဝါရီ၊ 2019

လူ့အခွင့်အရေးကောင်စီညီလာခံမှာ မိန့်ခွန်းပြောကြားနေတဲ့ ဗြိတိန် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး Lord Tariq Ahmad of Wimbledon 

 လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ မြန်မာဘက်က တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ မှတ်တမ်းယူမယ့်အဖွဲ့ဟာ အလွန်အရေးပါပြီး အတူ ပူးပေါင်းလုပ်ဆောင်ဖို့ အကြိမ် ၄၀ မြောက်လူ့အခွင့် အရေးကောင်စီညီလာခံကို တက်ရောက်လာတဲ့ ဗြိတိန် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး Lord Tariq Ahmad of Wimbledon က တိုက်တွန်းလိုက်ပါတယ်။

အလားတူ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးဖိနှိပ်ခံရမှုတွေ တိုးလာနေပြီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက် မှုတွေရှိနေကြောင်းနဲ့ လူတွေအတွက် တိုးတက်ဖွံဖြိုးမှုဆိုင်ရာ အခွင့်အရေးလည်း ကန့်သတ်ခံနေ ရကြောင်း ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က မနေ့က လူ့အခွင့်အရေးကောင်စီ ညီလာ ခံအဖွင့်မိန့်ခွန်းမှာ သတိပေးပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင် ဆက် မှာပါ။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဖေဖေါ်ဝါရီလ (၂၅) တနင်္လာနေ့က စတင်ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ ညီ လာခံဖွင့်ပွဲအခမ်းအနားကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres အပါအဝင် နိုင်ငံတကာက ခေါင်း ဆောင်တွေတက်ရောက် မိန့်ခွန်း ပြောကြားခဲ့ကြပါတယ်။

ကမ္ဘာ့အနှံံ့အပြားမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွားဖြစ်နေပြီး အကျိုးဆက် အနေနဲ့လူမှုရေး ဆိုင်ရာ တရားမျှတမှုနဲ့ ကိုယ့်ဘ၀ တိုးတက်ဖွံဖြိုးဖို့ အခွင့်အရေးတွေကိုတောင် ဖိနှိပ်ခံနေရကြောင်း Antonio Guterres ကပြောပါတယ်။ ကမ္ဘာတဝှမ်း နေရာဒေသတိုင်းမှာ အရပ်ဖက်နဲ့ဒီမိုကရေစီ ရေးဆိုင်ရာလွတ် လပ် ခွင့်တွေ အပြင် အင်တာနက်နည်းပညာအသုံးပြုရာမှာလည်း လွတ်လပ်ခွင့် နေရာကျဉ်းမြောင်းလာနေတဲ့ ပြဿနာကို တွေ့မြင်နေရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

"တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေဟာ ပစ်မှတ်ထားခံရတဲ့နေရာမှာ သူတို့တွေကို မျက်ခြေ မပြတ် စောင့်ကြည့်တာ၊ သတင်းအမှားတွေ တမင်တကာပေးပြီး ဆန့်ကျင်ရှုတ်ချဖို့ စည်းရုံးလှုပ်ရှားတာ၊ အကြမ်းဖက် ခြိမ်းခြောက်တာတွေလုပ်တာကို တွေ့ရပါတယ်။ အဲဒီရဲ့ရလဒ်အနေနဲ့ အမှန်တကယ် အကြမ်း ဖက်ခံရမှုတွေ မကြာခဏဖြစ်နေပါတယ်။ အချက်အလက်နဲ့ မျက်နှာပုံသဏ္ဍာန်ဖမ်းတဲ့ နည်းပညာတွေကို အလွဲသုံးစားပြုပြီး လွန်လွန်ကဲကဲ စောင့်ကြည့်တာတွေ၊ လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ် နှောင့်ယှက် တာတွေဟာကြောက်မက်ဖွယ်တဲ့ ဆိုးကျိုးကို ဖြစ်ပေါ်စေသလို တွေ့ဆုံဆွေးနွေးဖို့အတွက် အခင်းအကျင်း လည်း ပိုပြီးကြုံ့သွားစေပါတယ်။"

ဒါအပြင် ဘာသာရေး၊ လူမျိုးရေးအရခွဲခြား၊ မုန်းတီးမှုတွေ မြင့်တက်လာနေတာကိုလည်း Guterres ကသ တိပေးပြောဆိုခဲ့သလို အမုန်းစကားတွေ ပွားများမှုဟာ ဒီမိုကရေစီ အနှစ်သာရတန်ဖိုး၊ လူမှုရေး တည်ငြိမ် မှုနဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေကြောင်း ညီလာခံအဖွင့်မိန့်ခွန်းမှာ အခုလို ပြောကြားခဲ့ပါတယ်။

"အဓိကအရေးပါတဲ့ နိုင်ငံရေးပါတီတွေနဲ့ ခေါင်းဆောင်တွေဟာ မိမိရဲ့ ကိုယ်ပိုင် ဝါဒဖြန့်ချိရာမှာ၊ နောက်.. ရွေး ကောက်ပွဲ စည်းရုံးလှုပ်ရှားတာတွေမှာ ဒီလိုအစွန်းရောက် ဝါဒတွေကို ပုံတူးကူးချနေကြပါတယ်။ လက် တွေ့အရပယ်ချသင့်တဲ့ နိုင်ငံရေးပါတီတွေဟာဆိုရင်လည်း အစိုးရတွေပေါ်မှာ သြဇာလွှမ်းမိုးမှုရနေပါတယ်။ ဒီလို စံသတ် မှတ်ချက် တခုချင်းစီ ပြိုကွဲမှုနဲ့အတူ လူသားတွေရဲ့ သတ်မှတ်ချက် တန်ဖိုးတွေဟာ ယုတ်လျော့လာပါတယ်။"

လူ့အခွင့်အရေးကောင်စီရဲ့ ပဋိပက္ခဒေသတွေမှာ လိင်ပိုင်းဆိုင် အကြမ်းဖက်မှု နဲ့ ပတ်သက်တဲ့ ဆွေးနွေး ပွဲမှာလည်း အတွင်းရေးမှူးချုပ် Guterres က မနှစ်က သူကိုယ်တိုင် သွားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို အကြောင်း မီးမှောင်ထိုး ပြောဆိုခဲ့ပြီး ရိုဟင်ဂျာအမျိုးသမီးနဲ့ မိန်းကလေး ငယ်တွေဟာ သူတို့ ဒုက္ခသည်စခန်းတွေဘက် ထွက်ပြေးမလာခင်မှာ မြန်မာလုံခြုံရေးတပ်တွေက အစုလိုက် အပြုံလိုက် အ တင်းအဓမ္မပြုကျင့်ခံခဲ့ရတဲ့ ဆိုးရွားလှတဲ့ အတွေ့အကြုံတွေကို သူ့ကို ပြောပြခဲ့ကြောင်း Mr. Guterres က ပြောကြားခဲ့ပါတယ်။

လူ့အခွင့်အရေးကောင်စီညီလာခံကို တက်ရောက်လာတဲ့ နိုင်ငံတကာခေါင်းဆောင်တွေ လည်း အသီးသီး မိန့်ခွန်းပြောကြားတဲ့အထဲမှာ ဗြိတိန် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး Lord Tariq Ahmad of Wimbledon ကတော့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေအတွက် နိုင်ငံတကာတရားရုံးတွေက အရေး ယူအပြစ်ပေးနိုင်ရေး အချက်အလက်တင်သွင်းမယ့် ကုလသမဂ္ဂ မှတ်တမ်းယူမယ့်အဖွဲ့ရဲ့ အရေးပါမှုကို အခုလို အလေးပေးပြောကြားခဲ့ပါတယ်။

"မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ရိုဟင်ဂျာအသိုင်းအဝိုင်းနဲ့ အခြား တိုင်းရင်းသားလူမျိုး စုတွေ အ ပေါ် မြန်မာစစ်တပ်ရဲ့ ပြစ်မှုကျူးလွန်မှုတွေအတွက် စစ်မှန်တဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု မဖြစ်မနေရှိရမှာပါ။ ဒီပြစ်မှုတွေဟာလည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့က စုံစမ်းစစ်ဆေး အစီရင် ခံ ထားတာဖြစ်ပါတယ်။ ဒါကို အလွန်အရေးကြီးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စရပ် အဖြစ် အ သိအမှတ်ပြုပြီး အနာဂတ်မှာ အရေးယူအပြစ်ပေးနိုင်ဖို့အတွက် အချက် အလက်တွေ ကိုစုဆောင်းမယ့် တ ရားဝင်မှတ်တမ်းယူနိုင်မယ့်အဖွဲ့ကို ဖွဲ့စည်းပေးခဲ့တဲ့ လူအခွင့်အရေးကောင်စီရဲ့ လုပ်ရပ်ကို လေးစား အ သိ အမှတ်ပြုရမှာဖြစ်ပါတယ်။ ဒီအဖွဲ့ပေါ်ပေါက်အောင်နဲ့ လုပ်ပိုင်ခွင့်တွေ အသေအချာရရှိအောင် ကြိုးပမ်းခဲ့တဲ့ ဗြိတိန်နိုင်ငံရဲ့အခန်းကဏ္ဍအတွက်လည်း ကျနော်အနေနဲ့ အလွန်ပဲ ဂုဏ်ယူပါတယ်။ အခုချိန်မှာတော့ ဒီအ ဖွဲ့အနေနဲ့ သူရဲ့အရေးပါတဲ့ အလုပ်တွေလိုအပ်သလို ဆောင်ရွက်နိုင်ဖို့အတွက် ခွင့်ပြုချက်တွေ၊ သွားလာ ခွင့်တွေ ရဖို့ လိုအပ်နေပြီး မြန်မာအစိုးရအနေနဲ့ ဒီအဖွဲ့နဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။"

လေးပတ်ကြာကျင်းပမယ့် လူ့အခွင့်အရေး ညီလာခံမှာ အဖွဲ့ဝင် ၄၇ နိုင်ငံက ကိုယ်စားလှယ်တွေအနေနဲ့ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် အဓိကထားတင်ပြခဲ့တဲ့ ပြဿနာတွေကို ဆွေးနွေးကြဖို့ရှိပါတယ်။ ဒါအပြင် လူ့အခွင့် အရေးချိုးဖောက်မှုဆိုးရွားတဲ့ နိုင်ငံတွေဖြစ်တဲ့ ဆီးရီးယား၊ မြန်မာ၊ ဘရွန်ဒီ၊ တောင်ဆူဒန်၊ အီရန်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေက အခြေအနေတွေကိုလည်း လူ့အခွင့်အရေးကောင်စီအနေနဲ့ သုံးသပ်ဆွေး နွေးပြီး ဆုံးဖြတ်ချက်တွေ ချဖို့ရှိပါတယ်။ မြန်မာနိုင်ငံက လူနည်းစုတွေနဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး Michelle Bechelet နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီတို့ မတ်လ ၁၁ ရက်နေ့မှာ သူတို့ရဲ့ အစီရင်ခံစာတွေကို လူ့အခွင့်အရေးကောင်စီညီလာခံမှာ တင်ပြဖို့ရှိပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */