Thursday, January 31, 2019

ပလက်ဝတိုက်ပွဲ ဒေသခံလူငယ်တွေ စိုးရိမ် ထွက်ပြေး

VOA 
နိုင်ကွန်းအိန်
၃၁ ဇန်နဝါရီ၊ ၂၀၁၉ 
                                                        ရခိုင်ဒုက္ခသည်များ (International Committee of the Red Cross Myanmar)
တပ်မတော်နဲ့ AA အကြား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ နောက်ဆုံးဖြစ်ထားတဲ့ တိုက်ပွဲအတွင်း နှစ် ဘက် ထိခိုက်ကျဆုံး တယ်လို့ AA အဖွဲ့ကပြောပါတယ်။ တိုက်ပွဲဖြစ်တဲ့ဒေသတွေ၊ အနီးအနားတွေက လူငယ်တွေကို AA အဖွဲ့နဲ့ ဆက်စပ်တယ် ဆိုတဲ့သံသယနဲ့ တပ်မတော်က ဖမ်းဆီး ထိန်းသိမ်းတာတွေ ပိုများလာတာကြောင့် လူငယ်တွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေရ တယ်လို့လည်း ဒေသခံတွေက ပြောပါ တယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။


မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်မတော် AA တို့အကြားချင်းပြည်နယ်ပလက်ဝမြို့နယ်ဘက်မှာ မနေ့က ဗုဒ္ဓဟူးနေ့မှာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ရခိုင့်တပ်မတော်ပြန်ကြားရေး တာဝန်ခံခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။

“ဇန္နာဝါရီ(၃၀)ရက်နေ့မှာတော့ ပလက်ဝမြို့နယ် ဒလက်ချောင်းအတွင်းမှာရှိတဲ့အဲဒီပကာဝရွာရဲ့တောင်ဖက် တကီလို လောက်အကွာမှာ မနက်(၁၀)နာရီ(၅၀)ကစပြီးတော့ မွန်းလွှဲပိုင်း(၂)နာရီ(၅၀)လောက် အထိပေါ့လေ။တောက်လျှောက် တိုက်ပွဲတွေပြင်းထန်ခဲ့တယ်ဗျ။ ရန်သူဖက်ကတော့(၅)ယောက်ထက်မနဲ ကျဆုံးပြီးတော့ သူတို့အများအပြားဒဏ်ရာ ရခဲ့တာရှိတယ်။ ကျွန်တော်တို့ရခိုင့်တပ်မတော်ဖက်ကတော့ တဦးကျဆုံးပြီးတဦးဒဏ်ရာရခဲ့တာရှိတယ်ဗျ။ ဒေသခံရွာ သားတွေထိခိုက်တာတော့မရှိဘူးဗျ။”အဲဒီ တိုက် ပွဲ မှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိတယ်ဆိုပေမဲ့ သီးခြားအတည်မပြုနိုင်သေး သလို တပ်မတော်ဖက်ကလဲ သတင်းထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။

တိုက်ပွဲဖြစ်ပွါးမှုနဲ့ပတ်သက်တဲ့ အခြေအနေကိုသိရဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက် အတွင်း ရေးမှူးကိုအကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ဆက်သွယ်လို့မရခဲ့သလို အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တပ်မတော် ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်တာမှာလည်း ခရီးလွန်နေကြောင်းပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာအထက် ခုံရွာနဲ့ကောက်ကြီးဝရွာဘက်မှာ မြန်မာ့တပ် မတော်နဲ့ ရခိုင်တပ်မ တော်AAတို့တိုက်ပွဲဖြစ်ပွါးခဲ့အပြီး တပ်မတော်ကနေ ရှင်းလက်ဝဒေသက ရခိုင်လူ ငယ်တွေကို ဖမ်းဆီးစစ်ဆေးမှုတွေ တင်းကြပ်လာတာကြောင့် နေရပ်ကနေတိမ်းရှောင်နေရတယ်လို့ ပလက်ဝမြို့နယ်ဒေသခံ ခိုင်ကျော်နိုင်ကပြောပါတယ်။

“ကောက်ကြီးဝရွာနဲ့ ခုံရွာအကြားမှာ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာမှာ အခုချင်းလက်ဝကျေးရွာက တပ်မတော် လူတွေက သံသယနဲ့ လူငယ်တွေကိုဖမ်းဆီးနေတဲ့အတွက် ရှင်းလက်ဝလူငယ်တွေက အခုထွက်ပြေး တိမ်းရှောင်နေရတယ်။ ရွာမှာလဲမနေရဲကြဘူး။ AAနဲ့ဆက်နွယ်နေတယ်ဆိုပြီးတော့ သူတို့က ဘာမှ မေးမြန်းခြင်းမရှိဘဲနဲ့ ဖမ်းဆီးခေါ်ဆောင်သွား တဲ့အတွက် လူငယ်တွေကဒီလိုထွက်ပြေး တိမ်းရှောင်နေ ရတယ်။ အခုဒီပလက်ဝနဲ့ကျောက်တော်မြို့နယ်ဖက်တွေမှာဘဲ ဆင်းသွားတယ်။”

ဒီရက်ပိုင်းအတွင်း ရှင်းလက်ဝကျေးရွာဒေသခံတွေကို တပ်မတော်ကနေဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ လည်း ကောက်ကြီး၀ ရွာသားတဦးက ပြောပါတယ်။

“(၃)ယောက်ရှိနေပြီးအခု။ အကုန်လုံးဆွဲပြီးတင်ထားတာ(၃)ယောက်ရှိနေပြီး။ တယောက်မှတော့ပြန် မထွက်လာသေးဘူး။ အဲတာကြောင့်အခုကြောက်လို့ အခုကျောက်တော်ပိုင်းကို ခနလေးရှောင်နေ လာရတာ။” ဖမ်းဆီးခံရတဲ့လူငယ်တွေဟာ မိဘဆွေမျိုးသားချင်းတွေနဲ့တွေ့ဆုံခွင့်မရဘူးလို့လည်း သူကဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင် ရသေ့တောင်မြို့နယ်တွေဘက်မှာလဲ AA နဲ့ဆက်စပ်မှုရှိနေ တယ် ဆိုပြီး ကျေးရွာအုပ်ချုပ် ရေးမှူးတွေ ရွာသားတွေကို တပ်မတော်ကနေ စစ်ဆေးဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှုပုဒ်မနဲ့ တရားစွဲဆိုတာတွေ ရှိနေပါတယ်။

ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ် ကျောက်တော် ပုဏ္ဏားကျွန်း ရသေ့တောင် ဘူးသီးတောင် မောင်တော မြောက်ဦး မြေပုံမြို့နယ်တွေမှာရှိတဲ့ ကျေးရွာတွေမှာ AA အဖွဲ့တွေ ရောနှောဝင်ရောက်နေတာကြောင့် မသင်္ကာတဲ့ လူနေအိမ်တွေကို စစ်ဆေးသွားဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကနေ ဇန္နဝါရီလ ၂၈ ရက်စွဲနဲ့ ညွှန်ကြားချက်ထုတ်ပြန်ထား ပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */