" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, December 21, 2016

မောင်တော ပဋိပက္ခဒေသခံ တုန့်ပြန်မှု အမျိုးမျိုး တွေ့ရ

VOA
21 ဒီဇင်ဘာ၊ 2016
ထက်အောင်
အောက်တိုဘာလဆန်းနဲ့ နိုဝင်ဘာလအတွင်း ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ်တွင်းဒေသတွေကို သတင်းသမားအချို့ သွားရောက်ခွင့်ရခဲ့ပြီး၊ ဒေသခံတွေကိုရော သက်ဆိုင်ရာတာဝန် ရှိသူတွေကိုပါ တွေ့ဆုံမေးမြန်းခွင့်ရပါတယ်။ လက်နက်ကိုင်တွေအပေါ် စစ်ဆင်ရေးတွေမှာ လူ့အခွင့် အရေး ချိုးဖောက်တာတွေရှိတယ်ဆိုတဲ့စွတ်စွဲချက်တွေအပေါ် ဒေသခံတွေဖက်က ပြောဆိုမှု အမျိုး မျိုးဖြစ်နေ တာကြောင့် အဖြစ်အပျက်မှန်ကို သုံးသပ်ပေးဖို့ အချိန်ယူရမယ်လို့ အဲဒီမှာ ပါသွားတဲ့ သတင်းစာ ဆရာ ဦးစည်သူအောင်မြင့်က ဗွီအိုအေကို ပြောပါတယ်။ ကိုထက်အောင်က ဆက်သွယ် မေးမြန်း ထား တာပါ။
ကိုထက်အောင်။ ။သွားရောက်ခဲ့တဲ့ ခရီးစဉ်အကြောင်းလေး အကြမ်းဖျင်းလေး ပြောပြပေးပါခင်ဗျ။

ဦးစည်သူအောင်မြင့်။ ။ ပထမဦးဆုံး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်ရုံးရှိတဲ့ ကျီးကန်းပြင်စခန်းကိုပေါ့နော် အဲဒီဌာနချုပ်ကိုရောက်တယ်၊ အဲဒီဌာနချုပ်မှာ ရဲမှူးချုပ် စန်းလွင် သူကိုယ်တိုင် သတင်းမီဒီယာ သမားတွေကို ဖြေပေးပြီးတော့မှ အဓိကဖြစ်စဉ်က အဲဒီမှာဖြစ်ခဲ့တာဆိုတဲ့အခါကျတော့ အဲဒီဖြစ်စဉ်ဖြစ်ခဲ့တဲ့ နေရာတွေကို လည်း သူကိုယ်တိုင်လိုက်ပြပြီးတော့မှ ဘယ်ကနေပြီးတော့မှ ဝင်လာတယ်၊ ဘယ်နေရာတွေမှာဆိုရင် ရဲတပ် ဖွဲ့ဝင်တွေကျတယ်၊ လက်နက်တိုက်က ဘယ်နားမှာ၊ ဘာအားနည်းချက်ရှိတယ်ဆိုတာတွေ အကုန်လုံး သူ ရှင်းပြတယ်။ အဲဒါပြီးတော့မှ ဆက်ပြီးတော့ သွားတယ်။ ဝါးပိတ်ရွာ မီးလောင်ထားတဲ့ လူတွေရှိတဲ့နေရာ တွေကိုလည်း ရောက်တယ်၊ ရွာတွေကိုလည်း ရောက်တယ်၊ ပြီးတော့မှ လူမျိုးစုံပေါင်းတဲ့ ရွာတွေကိုလည်း ရောက်တယ်။ ရွာအားလုံးပေါင်း ၃ ရွာပေါ့နော်။ ပြီးတော့မှ ငါးခူရ တိုက်ခိုက်ခံရတဲ့ ရဲတပ်ဖွဲ့စခန်းပေါ့ အဲဒီ စခန်းကိုလည်းရောက်တယ်၊ ငါးခူရ ရွာကိုလည်းရောက်တယ် ဒီနေ့ အကြမ်းဖျင်းကတော့ အဲဒါပါပဲ။

ကိုထက်အောင်။ ။ဒီနေ့ဆရာတို့သွားရောက်ခဲ့တဲ့အထဲမှာပေါ့နော် ဒီ ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ငါးခူရနဲ့ကျီး ကန်းပြင်လည်းရောက်တယ်ဆိုတော့ ဒီဒေသ ၂ ခုမှာ ရှိတဲ့ မြေပြင်အခြေအနေ လက်ရှိအနေအထားက ဘယ်လိုများရှိပါသလဲဆရာ။ဘာတွေများတွေ့ရှိခဲ့ရပါသလဲ။

ဦးစည်သူအောင်မြင့်။ ။ ကျီးကန်းပြင်ရွာဆိုရင်တော့ သူတို့ရှင်းပြချက်အရ အဲဒီမှာ ပြန်လာပြီးတော့ နေထိုင် တာမရှိဘူး အဲဒီရွာမှာ အိမ်တချို့မီးရှို့ခံထားရတာရှိတယ်။ နောက်ပြီးတော့ ရွာသားတွေက ကြောက်လို့ အမျိုးမျိုးဖြစ်မှာပေါ့နော် အဲဒီမှာ ပြန်လာတာတော့ မရှိဘူး။ အလားတူပဲ အဲဒီ ဝါးပိတ်ရွာဆိုလည်း ဒီအတိုင်းပဲ။ ပြီးတော့မှ ငါးခူရရွာကတော့ အဲဒီသဘောမျိုးမဟုတ်ဘူး။ ငါးခူရရွာမှာတော့ ငါးခူရစခန်းအတိုက် အခိုက် ခံရပေမယ့် အဲဒီနားမှာရှိတဲ့ ငါးခူရရွာပေါ့ သူက အဲဒီ ရွာအုပ်စုလေးတွေမှာဆိုရင် ရခိုင်ရွာလေးလည်းရှိတယ်၊ ဟိန္ဒူးရွာလေးလည်းရှိတယ်၊နောက်ပြီး မွတ်ဆလင်ရွာ ဆိုရင် အကြီးကြီးပဲ။ လူဦးရေ ၉ ထောင် ၁ သောာင်း လာက်ရှိတယ်။ နောက်ပြီးတော့ ငါးခူရစခန်းကို လာပြီးတော့ ဝင်စီးတဲ့အချိန်မှာ သေသွားတဲ့ မွတ်ဆလင် ၁ ယောက်ဆိုလည်း ငါးခူရရွာထဲမှာ ၊ သူ့အိမ်တွေဘာတွေလည်း ရှိတာပေါ့နော်။ ဆိုတော့ အဲဒီ ရွာကအဖမ်း ခံရတာရှိတယ်။ တချို့ဆိုရင်လည်း ကြောက်လန့်ပြီးတော့မှလည်းဖြစ်နိုင်တယ်၊ အကြမ်းဖက်မှုမှာပါပြီးတော့ မှ ဖမ်းမှာလို့လည်းဖြစ်နိုင်တယ်၊ အဲဒီထွက်ပြေးသွားတာတွေကလည်း လူဦးရေ ၁၀၀၀ နီးပါးလောက်ရှိ တယ်လို့ ရွာခံတွေကပြောတယ်။

ကိုထက်အောင်။ ။နောက်တခုက ဆရာတို့ လက်ရှိ သတင်းထောက်တွေသွားတာက အစိုးရအစီအမံနဲ့ သွားတယ်၊ လုံခြုံရေးအင်အားနဲ့လည်းသွားတယ် ဆိုတော့ ဆရာတို့ ဒေသခံတွေနဲ့ တွေ့ဆုံတဲ့အခါမှာကော၊ ဒေသခံတွေနဲ့ မေးခွန်းတွေ မေးတဲ့အခါမှာကော လွတ်လွတ်လပ်လပ် သတင်းရယူခွင့်ရပါသလားခင်ဗျ။

ဦးစည်သူအောင်မြင့်။ ။ အဲဒါကတော့ ရတယ်။ ဥပမာအားဖြင့်ဆိုရင် ရွာ ၁ ရွာကို ရောက်တဲ့အခါဆိုရင် သူတို့ လူတွေအများကြီးရှိနေတယ်။ ရှိနေတော့ သတင်းထောက်တွေကတော့ ကိုယ်ကြိုက်တဲ့လူတွေကို ဆွဲပြီးတော့ မေးတာတွေလည်း လုပ်လို့ရတယ်။ တချို့ရွာတွေမှာဆိုရင်တော့ ပွင့်ပွင့်လင်းလင်းပဲပြောတယ်။ ဥပမာ တပ်မတော်က မီးရှို့တယ်ဆိုပြီးတော့ စွပ်စွဲတဲ့ လူ ၂ ယောက်လောက် အဲဒါမျိုးတွေ့တယ်။

ကိုထက်အောင်။ ။ပဋိပက္ခတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာပေါ့လေ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်နေကြ သလို အဲဒီဒေသမှာ ရခိုင်လူမျိုးတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေအကြား ခွဲခြားဆက်ဆံခံရမှုပေါ့နော် ၊ ဒါမှမဟုတ်ရင်လည်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု အပိုင်းမှာကော တစုံတရာ အားနည်းမှုရှိတယ်ဆိုတာ ဆရာတို့ တွေ့ရပါသလား။

ဦးစည်သူအောင်မြင့်။ ။
ငါးခူရရွာမှာဆိုရင်ပြောပြချက်ကတော့ သူူတို့ နယ်ခံတွေကိုယ်တိုင်ပါတယ်၊ ဘယ်အိမ်ကိုဆိုရင်လည်း သူတို့ လုံခြုံရေးယူလိုက်တယ်။ ယူလိုက်ပြီးတော့ ဘယ်သူ့ကိုတွေ့ချင်တယ်ဆိုရင် အဲဒီလူထွက်လာပြီးတော့ စစ်ကြောရေးလုပ်တာဆိုရင်လည်း သီးသန့် ခေါ်သွားတာတွေတော့မလုပ်ဘူး။ ဖမ်းတော့မှသာလျှင် သူတို့ ဥပဒေအတိုင်း ရဲလက်မှာ အပ်တာတွေလုပ်တယ်။ ဒီလိုမှမဟုတ်ပဲနဲ့ ရွာထဲမှာ စစ်ဆေးတာတွေ၊ ရိုက်တာတွေ မလုပ်ဘူးလို့ ခုနရွာသားတွေ ကိုယ်တိုင် အဲလိုပြောတယ်။ ဒါပေမယ့် စွပ်စွဲတဲ့ရွာကလည်းရှိတယ်။ သူတို့ ပြောတဲ့ လူတွေကလည်း တဖက်နဲ့ တဖက် မတူဘူးပေါ့နော် ပြောတာဆိုတာတွေက လေသံတွေကမတူဘူး။

ကိုထက်အောင်။ ။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။

ဦးစည်သူအောင်မြင့်။ ။ ဟုတ်ကဲ့ပါ။


 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */