" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, January 19, 2019

ရိုဟင်ဂျာဒုက္ခသည်တွေ ယန်ဟီးလီနဲ့ တွေ့ဖို့ ပြင် ဆင်

VOA
ဆုမွန်
၁၉ ဇန်နဝါရီ၊ ၂၀၁၉
ကုလသမဂ္ဂရဲ့မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ယန်ဟီလီ

မြန်မာပြည်ဝင်ခွင့်ပိတ်ပင်ခံထားရတဲ့ ကုလသမဂ္ဂရဲ့မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ယန်ဟီလီဟာ ထိုင်းနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ခရီးဆက်နေ ပါပြီ။ သူသွားရောက်ဖို့ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာတော့ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရောက်လာရင် ရခိုင် ပြည်နယ်မှာ ဆိုးဆိုးရွားရွား သူတို့ ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မျက်မြင်သက်သေ၊မှတ်တမ်းအထောက်အထား တွေနဲ့တကွ တင်ပြနိုင်ရေး ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည် တွေ ပြင်ဆင် နေကြတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာဒုက သည်တွေ မြန်မာပြည် အမြန်ပြန် နိုင်င်ရေး မြန်မာအစိုးရကို တွန်းအားပေးဖို့အပါအဝင် သူတို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပို့ဖို့ပြင်ထားတဲ့ Bhashan Char ကျွန်းကိစ္စကိုလည်း တင်ပြဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။ မဆုမွန် စုစည်း တင်ပြ ထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီရဲ့ ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံ ၁၁ ရက်ကြာ ခရီးစဉ်ကတော့ ကုလသမဂ္ဂလူ့အခွင့် အရေး မဟာမင်းကြီးရုံး ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံ ခရီးစဉ် အဆုံးသတ်ပြီး ဒီကနေ့ ဇန်နဝါရီလ ၁၉ မှာတော့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ် စတင်ပြီဖြစ် ပါ တယ်။ ဒီကနေ့ မှာတော့ ဘင်္ဂလားဒေရှ့် နိုင်ငံ မြို့တော် ဒါကာကို ဆိုက်ရောက်မှာဖြစ်သလို အဲ့ဒီ့ကတဆင့် ရိုဟင်ဂျာ ဒုက္ခသည်တွေ ရှိရာ ကောဇ့်ဘဇားက ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့ လည်း အစီအစဉ် ရှိပါတယ်။

မြန်မာနိုင်ငံတွင်း အထူးသဖြင့် ရခိုင်ပြည်နယ်တွင်း စစ်တပ်နဲ့ နယ်စပ်လုံခြုံရေး တပ် စခန်းတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ARSA အစွမ်းရောက်အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနောက်ပိုင်း စစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းမှုတွေကြား သူတို့ရင်ဆိုင်ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို လာရောက်ချိန် ပြသဖို့ မျက်မြင်သက်သေ မှတ်တမ်း အထောက် အ ထားတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တင်ပြနိုင်ဖို့ ပြင်ဆင်နေ ကြတယ်လို့ ရိုဟင် ဂျာဒုက္ခသည်တွေကပြောပါတယ်။

ကိုယ်တိုင်တွေ့ဆုံနိုင်ဖို့ စီစဉ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ဘာလုခါလီ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံက ယန်ဟီးလီခရီးစဉ်နဲ့ပတ်သက်ပြီး သူတို့ကို ဒုက္ခသည်စခန်းတာဝန်ရှိသူတွေက ပြောပြထားတာနဲ့ ယန်ဟီးလီလာရင် သူတို့ တင်ပြဖို့ ပြင်ဆင်နေတာတွေကို အခုလိုရှင်းပြပါတယ်။ “ဟုတ်ကဲ့ပါ။ သူလာမယ်ဆိုပြီးတော့ ဒုက္ခသည်စခန်းရဲ့တာဝန်ခံအရာရှိက ကျနော်တို့ကို ကြိုပြီးတော့ ပြော ထားတာရှိတယ်။ ယန်းဟီးလီလာရင် ကျနော်တို့က ရခိုင်ပြည်နယ်မှာ ကြုံခဲ့တဲ့ပြဿနာရဲ့ ဖြစ်စဉ်နဲ့ပတ် သက်ပြီးတော့ ကျနော်တို့ သူ့ကို တင်ပြဖို့ရှိပါတယ်။ ကျနော် တို့က လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတာတွေ။ နောက် အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရတဲ့လူတွေရဲ့ အကြောင်းကို သူ့ကိုကျနော်တို့က တင်ပြဖို့ရှိ ပါ တယ်။ သူလာမယ်ဆိုရင် ကျနော်တို့က ချိုးဖောက်ခံရတဲ့အမျိုးသမီးတွေ၊ အမျိုးသားတွေ ဒုက္ခသည်စခန်း မှာ ရှိတဲ့သူတွေ သူနဲ့တွေ့ဆုံဖို့ စီစဉ်ထား ပါတယ်ခင်ဗျ။ ကျနော်တို့ရဲ့အရေးကိစ္စကို ထိရောက်အောင် ဆောင် ရွက် ပေးဖို့အတွက် ကျနော်တို့က သူ့ကို အ သေး စိတ် တင်ပြဖို့ရှိပါတယ်။ ”

ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီ နဲ့တွေ့ဆုံရင်တော့ သူတို့ရဲ့ နေရပ်ရင်းတွေကို အမြန်ဆုံးပြန် လို ကြောင်းနဲ့ ရခိုင်ပြည်နယ်တွင်း တိမ်းရှောင်ထွက်ပြေးချိန် ချန်ရစ်ခဲ့ရတဲ့ ဥစ္စာပစ္စည်းတွေ၊ သူတို့ဆုံးရှုံးနစ်နာခဲ့ ရတာတွေ အတွက် တရားမျှတမှုရစေဖို့ မြန်မာအစိုးရကို တိုက်တွန်းတောင်းဆိုပေးဖို့ ယန်ဟီးလီကို တင်ပြ မယ်လို့လည်း ရိုဟင်ဂျာဒုက္ခသည်တဦးဖြစ်တဲ့ ဦးမောင်မောင်ကပြောပါတယ်။

“ဟုတ်ကဲ့ပါ။ အဓိက ပထမ အစိုးရဆီက တောင်းဆိုချင်တဲ့သဘောကတော့ ကျနော်တို့ မူလနေရာရရှိဖို့နဲ့ ကျနော်တို့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကြုံခဲ့ရတာတွေကို သူ့ကိုကျနော်တို့ တင်ပြဖို့ စီစဉ်ထားပါတယ်။ သူ နယူးယောက်ကိုပြန်သွားပြီးတော့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကျနော်တို့ရဲ့ အရေးကို အဲဒီအ စည်းအဝေးမှာ သူက အစီရင်ခံစာတင်ပြီးတော့ ကျနော်တို့ကို မူလနေရာရောက်အောင်၊ ကျနော်တို့နိုင်ငံ သားအခွင့်အရေးအပြည့်အဝရအောင် သွားလာခွင့်ရရှိအောင်၊ ကျနော်တို့ ဆုံးရှုံးခဲ့ရတဲ့ ဥစ္စာပစ္စည်း ဟူသမျှ ပြန်ရအောင် ကျနော်တို့က အဲဒါ တောင်းဆိုသွားမှာပါ။”

ကုလအထူးကိုယ်စားလှယ် ယန်ဟီလီဟာ သူ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်းမှာတော့ ဘင်္ဂလားဒေ့ရှ် အစိုးရ က ရိုဟင်ဂျာဒုက္ခသည်တချို့ကို နေရာချထားပေးဖို့ စီစဉ်နေတဲ့ Bhashan Char ကိုလည်း သွားရောက်မှာ ဖြစ်ပါ တယ်။ ရခိုင်ပြည်နယ်က ထွက်ပြေး လာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်က တိုးတက် မှုတွေ မရှိသေး တဲ့အတွက် ယာယီစခန်းသစ်ကိုပြောင်းရွှေ့ဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် စီစဉ်ထား တာဖြစ်ပေမယ့်လည်း ဒီကျွန်းကို ဒုက္ခသည်တွေဘက်က သွားလိုတဲ့ဆန္ဒမရှိကြောင်း အဲ့ဒီ့ကိစ္စနဲ့ ပတ်သက် ပြီး တော့ ကုလအထူးကိုယ် စားလှယ်လာရင် တင်ပြဖို့ ရှိတယ်လို့လည်း ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံက ပြောပါတယ်။

“ဒုက္ခသည်စခန်းမှာ မနက်ဖြန် ၂၀ ရက်၊ သို့မဟုတ် ၂၁ ရက်မှာ ကျနော်တို့ ဘာလုခါလီ ဒုက္ခသည်စခန်းကို လာမယ်လို့ယူဆတယ်။ နောက် အဲ့ဒီ့ကနေ သူက Bhashan Char ကျွန်းကိုလည်း သွားရောက်ကြည့် ရှုမယ်လို့ သ တင်း ကြား ထားပါတယ်။ Bhashan Char ကျွန်းကတော့ ပင်လယ်သမုဒ္ဒရာရဲ့အလယ်ဗဟိုမှာ ကျရောက်နေတော့ ကျနော်တို့က အဲဒီကျွန်းကို သွားဖို့ဆိုတာ စိုးရိမ်ပါတယ်။ ကျနော်တို့က ကျနော်တို့ရဲ့နေ ရပ်ရင်း မြန်မာ နိုင်ငံကို ပြန်နိုင်ရေးအတွက် လုပ်ဆောင်ပေးဖို့ အဓိက လုပ်စေချင်ပါတယ်။. ။ Bhashan Char ကျွန်းက ပင်လယ်သမုဒ္ဒရာရဲ့အတွင်း Bhashan Char ကျွန်းမှာ သွားဖို့ကတော့ စိုးရိမ်နေပါတယ်။”

ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီ ဟာ သူ့ခရီးစဉ် အဆုံး ဇန်နဝါရီလ ၂၄ ရက်နေ့ မှာတော့ ဒါကာ မြို့တော်က Ascott Residence ဟိုတယ်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမှာပါ။ သူ့ခရီးစဉ်အတွင်း တွေ့ရှိ ချက်တွေကိုတော့ ကုလ အထူးကိုယ်စားလှယ်က လာမယ့် မတ်လ လူ့အခွင့်အရေးကာင်စီရဲ့ အကြိမ် ၄၀ မြောက် ညီလာခံမှာ တင်ပြမှာ လည်း ဖြစ်ပါတယ်။

မြန်မာအစိုးရဘက်ကတော့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ယန်ဟီး လီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတွေ ဟာ မှန်ကန်မှုမရှိဘူး တဖက်သတ် ဆန်တယ်လို့ ပြောဆိုထားပြီး ကုလသမဂ္ဂရဲ့ မြန်မာ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ကတည်းက ပြည်ဝင်ခွင့် ပိတ်ထားတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့ အခွင့်အရေး အထူးကိုယ် စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂ ဘက်က တိုက် တွန်းထားပေမဲ့လို့ မြန်မာအစိုးရဘက်ကတော့ ကုလသမဂ္ဂရဲ့ လူ့အခွင့် အရေးဆိုင်ရာ မူတွေကို ဆန့်ကျင်နေ တာ မဟုတ်ဘဲ အထူးကိုယ်စား လှယ်ကို လူပုဂ္ဂိုလ် အနေနဲ့ ကန့်ကွက်နေတာ လက်မခံတာ ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ် က ဗွီအိုအေမြန်မာပိုင်းကို ပြောဆိုထားပါတယ်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */